ပြန်လည်စဉ်းစားသင့်သော လူ့ကျင့်ဝတ်နှင့် ယဉ်ကျေးမှုများ

ဘုန်းတော်ကြီးကပဲ ကိုရင်ကိုရိုက်ရိုက်၊ ဆရာမကပဲ ကျောင်းသားကိုရိုက်ရိုက်၊ အိမ်ရှင်ကပဲ အိမ်ဖော်ကိုရိုက်ရိုက် လူကြီးတွေလို ဦးနှောက်နဲ့အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေကို ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာဟာ အင်မတန်မှ ဆိုးရွားတဲ့လုပ်ရပ်ဖြစ်ပါတယ်။ သူတို့မှာက လူကြီးတစ်ယောက်ကို လွန်ဆန်နိုင်တဲ့၊ ငြင်းပယ်တန်ပြန်နိုင်တဲ့အင်အားက နည်းပါးပါသေးတယ်။ လူကြီးလုပ်သမျှ ခံကြရတာပါ။ ရာစုနှစ်ပေါင်းများစွာ ပါဝါအာဏာရှိသူက ပါဝါအာဏာမရှိသူကို ဖိနှိပ်တာ၊ သခင်က ကျွန်ကိုရိုက်တာ၊ လက်နက်ရှိသူက လက်နက်မဲ့သူကို ကြက်ကလေးငှက်ကလေးတွေလို သတ်လိုက်တာ၊ အမြင့်မှာရှိသူက အနိမ့်မှာရှိသူကို အပေါ်ကနေ တက်နင်းထားတာတွေဟာ ရာစုနှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်လာကြတဲ့၊ စွန့်လွှတ်သင့်ကြပြီဖြစ်တဲ့ အမူအကျင့်ဆိုးတွေဖြစ်ပါတယ်။

ဒါတွေကို ဆိုးနေမှန်းလည်းသိတယ်။ ပြုပြင်သင့်မှန်းလည်းသိတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ မျက်စိယဉ်၊ နားယဉ်၊ လက်ယဉ်၊ နှလုံးယဉ်လာပြီးဖြစ်တဲ့ အမူအကျင့်တွေဆိုတာဟာ ချက်ချင်းပြုပြင်ရခက်လေ့ရှိတယ်။ ကလေးကို မရိုက်သင့်မှန်းတော့သိတယ်။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းထဲက လူတိုင်းလိုလို ဒါတွေကိုလုပ်လာနေတော့ ကိုယ့်အလှည့်ကမှ မလုပ်ရင်လည်း ဒီ လူမှုဖိအား (societal pressure) နဲ့ စံသတ်မှတ်ချက် (norms) တွေကို လွန်ဆန်ရာကျမှာစိုးတာရော၊ ကိုယ့်တုန်းကလည်း လူကြီးက အလိုမကျရင် ခေါင်းကို ဒေါက်ခနဲခေါက်ထည့်လိုက်တာ၊ ဇက်ပိုးကိုဖျတ်ခနဲ အုပ်ထည့်လိုက်တာတွေခံလာရတာရောတွေကြောင့် မသိစိတ်ရော သိစိတ်တွေရော အိပ်မက်တွေထဲအထိပါ ဒီအမူအကျင့်တွေဟာ ကျင့်သားရပြီး အရိုးစွဲလာပြီ။ ရုတ်တရက်ဖျောက်လို့က မရနိုင်ဘူးပေါ့။ ဒါတွေဟာ ဆင်ခြေတွေပါရယ်လို့ စွပ်စွဲကောင်းစွပ်စွဲနိုင်ပေမဲ့လည်း အမှန်တရားတွေဖြစ်ပါတယ်။

ခုနောက်ပိုင်း အိမ်ရှင်တွေက အိမ်ဖော်တွေကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်တာ၊ အပြင်ထွက်ခွင့်မပေးတာ၊ အိမ်ပြန်ခွင့်မပေးတာ၊ မတူသလိုမတန်သလို ဆက်ဆံထားရှိတာ၊ သူတို့အခွင့်အရေးတွေကို ချုပ်ခြယ်ထားတာတွေဟာ မြန်မာပြည်မှာ နေ့စဉ်လိုကြားနေရတယ်။ ဒါတွေဟာ ဘာလို့ဖြစ်တာလဲ။ သူတို့ ဘာလို့ ဒီလိုတွေလုပ်ကြတာလဲ။ ဒေါသမထိန်းနိုင်လို့လား။ ဒေါသမထိန်းနိုင်ဘူးဆိုလည်း ဘာဖြစ်လို့ ကိုယ့်သားသမီးအရင်းအချာ၊ ကိုယ့်တူသားဆွေမျိုးအရင်းအချာကျတော့ ဘာလို့ သူတို့လို မလုပ်သလဲ။ သူများသားသမီးကို ဘာလို့ အဲ့လို အလွယ်ကလေးလုပ်နိုင်သလဲ။ အများစုက ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓရဲ့တရားတော်တွေနာကြားနေပြီး၊ သံဃာတော်တွေကို လက်အုပ်ချီ၊ ဆွမ်းကပ်၊ သာသနာအတွက်လုပ်တယ်ဆိုတာမျိုးတွေ လုပ်နေကြပြီး ဘာဖြစ်လို့ အိမ်က အိမ်ဖော်ကိုကျတော့ သူများတွေလိုမဆက်ဆံဘဲ အလွယ်ကလေး နှိပ်စက်တတ်ရတာလဲ။ ဒါတွေဖြစ်လာစေတဲ့ အကြောင်းတရားတွေက ဘာတွေဖြစ်မလဲ။ ဒါတွေကိုကာကွယ်ဖို့ ဘာတွေလုပ်ကြမလဲ။

ဒီလိုတွေဘာကြောင့်ဖြစ်လာစေသလဲဆိုတဲ့ အကြောင်းတရားတွေကို နေ့စဉ်တွေ့ကြုံမြင်တွေ့နေရတဲ့ အခြေခံအဖြစ်အပျက်ကလေးတွေကနေပြီး ဆွဲယူစိတ်ဖြာကြည့်ရအောင်။ အကြောင်းတရားတွေအကုန်လုံးကိုတော့ တစ်ထိုင်တည်း စုပုံပြီး ဖွင့်ဟဆွေးနွေးဖို့မဖြစ်နိုင်တာကြောင့် အသင့်လျော်ဆုံး အနီးစပ်ဆုံးသာဓကလေးတွေနဲ့ ဆွေးနွေးကြည့်ရအောင်။

ရိုက်တာကို မြန်မာလူမျိုးတွေက နေ့စဉ် ထမင်းစားရေသောက် အသက်ရှူနေသလိုပဲ မှတ်ကြတယ်လို့ပြောရင် လွန်မယ်မထင်ဘူး။ အမေက သမီးကို ရည်းစားထားလို့ဆိုပြီးရိုက်တယ်၊ အဖေက သားကို သူ့ပြန်ပြောရမလားဆိုပြီး ပိတ်ကန်တယ်၊ အဘိုးက မြေးကို ဆေးလိပ်ခိုးသောက်လို့ဆိုပြီး တုတ်နဲ့ရိုက်တယ်၊ ဦးလေးက တူကို အဲ့သလောက်တောင်တုံးရသလား လာစမ်းဟဲ့..ဆိုပြီး ဇက်ပိုးကိုအုပ်ထည့်လိုက်တယ်၊ အရပ်ထဲမှာလည်း ကျူရှင်ဆရာက တပည့်တွေကို ကျိန်လုံးနဲ့ဆော်တယ်။ မဆော်ရင် စာမတတ်ဘူး ဆိုတာကိုး။ မိဘတွေကလည်း ဒါကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲ အသာလေးကြည့်နေကြတယ်။ သားသမီးအရိုက်ခံရရင်ကို စာတတ်တော့မယ်ဆိုပြီး ကြိတ်ဂုဏ်ယူတတ်ကြသေးတယ်။ ကျောင်းမှာကျပြန်တော့လည်း ဆရာမက တပည့်ကို စာမရလို့၊ စည်းကမ်းမလိုက်နာလို့ဆိုပြီး ထိုင်ထလုပ်ခိုင်းတာ၊ နားရွက်ဆိတ်တာ၊ ဗိုက်ခေါက်ဆွဲတာ၊ ပေါင်တွင်းကြောလိမ်တာ၊ အတန်းရှေ့ပုဆိုးလှန်ပြီးရိုက်တာ၊ လက်ဖဝါးကို တုတ်နဲ့နာနာတီးတာတို့ဆိုတာတွေက နေ့စဉ် အိမ်ကနေကျောင်းကို ဘတ်စ်ကားစီးသလို၊ ဆိုက်ကားစီးသလို၊ လမ်းလျှောက်သလိုမျိုးကို လူတွေရဲ့စိတ်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းကြီးတစ်ခုလို သဘောထားနေကြတယ်။

ဘုန်းကြီးက ကျောင်းမှာစာလာသင်တဲ့ကလေးတွေကို တုတ်နဲ့တီးထည့်လိုက်ပြန်ပြီ။ အမေက ဟဲ့ ဘုန်းကြီးက နင် မလိမ္မာလို့လုပ်တာ၊ စာမရလို့လုပ်တာ၊ လုပ်ပေ့စေ၊ ကောင်းတယ်၊ ဒါမှ စာကျက်မှာ၊ ဒါမှ စာတတ်မှာ၊ ဒါမှ စည်းကမ်းလိုက်နာတတ်မှာ။ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်မှတ်မှာ စသည်စသည် ပြောလေ့ဆိုလေ့ရှိကြတာတွေ လူ့အဖွဲ့အစည်းထဲမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုကြီးကိုဖြစ်လို့။

ဒါတွေဟာ တစ်ဖက်ကနေ ပြန်တွေးကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးထဲမှာ နေထိုင်နေကြတဲ့လူတွေအချင်းချင်း အကြမ်းဖက်မှုတွေနဲ့ ယဉ်ပါးလာအောင် တစ်ဦးနဲ့တစ်ဦးလှုံ့ဆော်ကြရင်း ဒါကြီးကို tradition ထုံးတမ်းအစဉ်အလာကြီးတစ်ရပ်လို မျိုးရိုးအစဉ်အဆက် ဆက်လက်ထိန်းသိမ်းလာနေကြတာကိုတွေ့ရတယ်။ အကြမ်းဖက်မှုလို့ပြောတဲ့နေရာမှာ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှု (physical violence)၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (emotional violence)၊ နှုတ်အားဖြင့်အကြမ်းဖက်မှု (verbal violence) တွေ ပါဝင်တယ်။ ကိုယ်ထိလက်ရောက် လူမဆန်စွာ ရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်တော့မှ အကြမ်းဖက်မှုလို့ခေါ်တာမဟုတ်ဘဲ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာတွေအပေါ် ဆိုးရွားစွာထိခိုက်နစ်နာစေတယ်ဆိုရင် ဒါဟာလည်း အကြမ်းဖက်မှုပဲ။

နောက်ပြီး အလကားနေ တစ်ခုခုအလိုမကျတာနဲ့ ရုန့်ရင်းကြမ်းတမ်းစွာတွေ ဆဲဆိုအော်ဟစ်ပြီး အမိန့်ပေးတာ၊ ထမင်းမကျွေးဘဲထားတာ၊ ကျောင်းမပို့ဘဲနေတာ၊ ရေမတိုက်ဘဲနေတာ၊ လျစ်လျူရှု (neglect) ထားတာတွေဟာလည်း child abuse (ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု) ထဲမှာ အားလုံးအကျုံးဝင်ပါတယ်။ သုတေသနတွေအရ ဒီလို child abuse လုပ်ခံရတဲ့ကလေးတွေအများစုဟာ တစ်သက်တာလုံး မိမိကိုယ်ကို သံသယဝင်ခြင်း၊ ကြောက်ရွံခြင်း၊ အလွယ်တကူထိတ်လန့်ခြင်း၊ ယုံကြည်မှုမရှိခြင်း၊ anxiety (မကြာခဏ ပူပန်ကြောင့်ကြ) စိတ်ဝင်ခြင်း၊ စိတ်ကျဝေဒနာ (depression) ခံစားရခြင်းစတာတွေအပါအဝင် တခြား လူမှုပတ်ဝန်းကျင်၊ ချစ်သူ/ရည်းစား/အိမ်ထောင်ဖက်/သားသမီးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှ အခက်အခဲဖြစ်ခြင်း၊ မလုံခြုံခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒါတင်မကသေးဘဲ အရွယ်ရောက်လာတဲ့အခါမှာ personality disorders (ပင်ကိုဗီဇ စိတ်ဝေဒနာများ) လည်း ဝင်ရောက်လာတတ်ကြပါတယ်။ သူတို့ဘဝတလျှောက်လုံး ရုပ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာမှာသာ အခြေအနေကောင်းတွေပေးလာလို့ အောင်မြင်ချင်အောင်မြင်လိမ့်မယ်၊ ငွေကြေးချမ်းသာချင် ချမ်းသာလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာကျန်းမာမှု ဘယ်တော့မှ မရရှိတတ်ကြပါဘူး။ သူတို့ရဲ့မျိုးဆက်သစ်သားသမီး တူ၊ တူမ၊ မြေးမြစ်တွေအပေါ်လည်း သူတို့ငယ်ငယ်ကလို အလားတူစွာပဲ ပြန်လည်ဆက်ဆံတတ်လေ့ရှိကြပါတယ်။

ဒီလို ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုတွေ၊ abuse တွေနဲ့ အိမ်ထောင်စုတစ်ခု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုမှာ များပြားပြီး အရေအတွက်စိပ်လာတယ်ဆိုရင် ဒီပတ်ဝန်းကျင်ထဲမှာနေထိုင်ကြီးပြင်းကြတဲ့ ကလေးသူငယ်တွေအားလုံးဟာ ဒီဒဏ်တွေကို ကယ်သူမဲ့စွာ ရက်ရက်ရောရောကြီး စုပုံခံနေကြရတဲ့အပြင် သူတို့ကို ဒီဒုက္ခတွေကနေ ဖယ်ရှားပေးမယ့်သူလည်း မရှိဖြစ်ကြရပါတယ်။ ဒါတွေကို မှားနေပါတယ်လို့ လူကြီးတွေက မသိမှတော့၊ မပြုပြင်ကြမှတော့ ဒီကလေးတွေဟာလည်း လူကြီးတွေဆီက၊ ပတ်ဝန်းကျင်ဆီက၊ ရုပ်ရှင် ဗီဒီယို ကာတွန်းရုပ်ပြ စာပေနဲ့ တခြားမီဒီယာတွေကနေ သင်ယူတတ်မြောက်ပြီး ဒါတွေကို မှန်ကန်တဲ့လုပ်ရပ်တွေလို့ အတည်ယူသွားပြီး သူတို့ဘဝတလျှောက် ဒီအမူအကျင့် (behaviors) တွေကို ဆက်လက်ကျင့်သုံးတော့မှာဖြစ်ပါတယ်။ ဒါဆိုရင် ကောင်းမွန်မှန်ကန်တဲ့၊ ယဉ်ကျေးမှုထွန်းကားတဲ့ အနာဂတ်တစ်ခုဆီ၊ လူ့အသိုင်းအဝိုင်းတစ်ခုဆီကို ဦးတည်တော့မှာမဟုတ်တာ သေချာပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက ယဉ်ကျေးမှုထွန်းကားတယ်လို့ပြောလိုက်ရင် ဘုရားရှိခိုးတာ၊ စာပေကျမ်းဂန်တွေတတ်တာ၊ အလှူလုပ်တာ၊ စကားလေးချိုချိုပြောနိုင်တာ၊ ပရဟိတ မစွတ်မဖွတ်လောက် ဝင်ပါတာ၊ သတိရတဲ့အခါ တခေါက်တလေ မိဘဘိုးဘွား ဆရာသမားတွေကို ထိုင်ကန်တော့တာလောက်ပဲ တချို့လူတွေကမြင်ကြတယ်။ ယဉ်ကျေးမှုထွန်းကားတယ်ဆိုတာ အဲ့ဒါတွေကိုပြောတာမဟုတ်ပါ။ Culture ကိုပြောတာမဟုတ်ဘဲ Civilization ကို ဆိုလိုတာပါ။

Civilized ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဆိုတာ မိန်းမလျာတွေကို မလှောင်ဘူး၊ မိန်းမလျာတွေကို ချိုးနှိမ်ဝေဖန်ထားတဲ့ ဟာသကားတွေ လုပ်မရိုက်ဘူး၊ ဒါကို ရယ်စရာလို့လည်းမမြင်ဘူး။ တစ်ဆင့်နိမ့်ခံလူတန်းစားတွေလိုလည်း မဆက်ဆံဘူး။ နောက်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကို မရိုက်ဘူး။ ကိုယ်ထိလက်ရောက် မကျူးလွန်ဘူး။ ကျူးလွန်ရင်လည်း ဒါကို ပြစ်မှုကြီးကြီးမားမားတစ်ခုလို့ယူဆပြီး ထိထိရောက်ရောက် ဥပဒေနဲ့ အရေးယူပေးတာ။ လူမှုအသိုင်းအဝန်းထဲမှာကို ဒါမျိုးကို ဖယ်ကြဉ်ထားတာ။ ကန့်ကွက်ထားတာ။ အမျိုးသမီးတွေကို ရှေ့ကနေဖြတ်လျှောက်သွားတိုင်း အလကားနေ တချွတ်ချွတ်နဲ့ လှမ်းခေါ်တာမျိုးတွေ၊ လေခွှန်ပြတာမျိုးတွေ မလုပ်ဘူး။ နောက်ကနေလည်း လိုက်မနှောင့်ယှက်ဘူး။ ဘတ်စ်ကားစီးရင်လည်း အသားမယူဘူး။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို စောင့်ရှောက်တယ်။ အမျိုးသား အမျိုးသမီး အမျိုးသား/အမျိုးသားမဟုတ်သူလို့ခံယူထားသူတွေ အားလုံးကို တန်းတူအခွင့်အရေးပေးတယ်။ သူများရဲ့အပေါ်ယံအရေးပြား၊ အသားအရောင်နဲ့ ခန္ဓာကိုယ်အချိုးအစား ပိန်သည်ဝသည်ကို ပါးစပ်ကထုတ်ပြီး မဝေဖန်ဘူး။ မျက်နှာတိမျက်နှာရိပ်နဲ့လည်း မပြဘူး။ ပြရကောင်းမှန်းလည်း မသိဘူး။ ကဲ့ရဲ့မိ၊ ဝေဖန်မိရင်လည်း ဒါဟာ ရိုင်းသော၊ ရှက်ဖွယ်ကောင်းသော အမူအကျင့်လို့ သတ်မှတ်ထားတာ။ အဲ့ဒါ ယဉ်ကျေးမှုထွန်းကားတာ။ စာတတ်ချင်တတ်မယ်၊ မတတ်ချင်မတတ်ဘူး။ ငွေချမ်းသာချင်ချမ်းသာမယ်၊ မချမ်းသာချင်လည်း မချမ်းသာဘူး။ ပစ္စည်းဥစ္စာတွေ နည်းပညာတွေ ပေါချင်ပေါမယ်၊ မပေါချင်လည်း မပေါဘူး။ ဒါပေမဲ့ အဲ့ဒီ အခြေခံသဘောတရားတွေလောက်ကို လူများစုက လက်ခံပြီး ကျင့်သုံးနေကြပြီဆိုရင် ဒါဟာ ယဉ်ကျေးမှုထွန်းကားတာပဲ။

ဒါတွေကို ဒီကလေးသူငယ်တွေက ငယ်စဉ်ကတည်းက သင်ကြားခံရဖို့လိုအပ်သလို လူကြီးတွေအနေနဲ့လည်း ဒါတွေကိုသိမှသာ သူတို့ကိုယ်ကိုယ်တိုင် လိုက်နာဆောင်ရွက်နိုင်မှာဖြစ်သလို နောက်မျိုးဆက်တွေကို သင်ပေးနိုင်မှာဖြစ်တယ်။ လူကြီးမိဘတွေ၊ ဆရာသမားတွေကိုယ်တိုင်ကိုက ဒါတွေကိုမသိရင်၊ သင်ကြားပေးခြင်းမခံရရင်၊ ဒီအသိတရားတွေနဲ့ ရင်းနှီးမှု exposure မရရင် ပြောင်းလဲမှုတွေဆိုတာလည်း ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ လူငယ်လူရွယ်လေးတွေဟာ လူကြီးတွေ၊ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ မီဒီယာ၊ အင်တာနက် စတာတွေကနေ သင်ယူတာဖြစ်တဲ့အတွက် အနည်းဆုံး ကိုယ့်ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းမှာတော့ ဒါတွေနဲ့ယှက်ဖွဲ့မထားတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ သိပ်အရေးကြီးလှတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့အသိဟာလည်း အသိဖြစ်ရုံနဲ့ မလုံလောက်တော့ဘဲ တကယ့်တကယ် လက်တွေ့ကျကျ ဘယ်လိုအခြေခံအကြောင်းတရားတွေကနေစပြီး ပြုပြင်ကြမလဲဟေ့ဆိုတဲ့ အစီအစဉ်တွေနဲ့ လုပ်ဆောင်ကြသင့်ပြီ။

နောက်ထပ်အခြေခံကျတဲ့၊ မိမိတို့လူမှုပတ်ဝန်းကျင် လူတိုင်းထားရှိသင့်တဲ့၊ ကျင့်ကြံသင့်တဲ့ morale (စိတ်နေစိတ်ထား) လေးတွေကို ဒီနေရာမှာညှပ်ပြီး ပြောပြချင်သေးတယ်။ ဒါတွေဟာ ကလေးသူငယ်တွေနဲ့ဆိုင်သလို လူ့ပတ်ဝန်းကျင်တစ်ခုလုံးနဲ့လည်းဆိုင်တယ်။

အမျိုးသမီးတွေရဲ့ အင်္ဂါဇာတ်အပါအဝင် သူတို့ရဲ့ အလှ၊ သူတို့ရဲ့ခန္ဓာကိုယ်၊ သူတို့ရဲ့ အနံ့အသက်၊ သူတို့ရဲ့အဝတ်အစား နေထိုင်မှုတွေဟာ သူတို့နဲ့သာဆိုင်သလို သူတို့ပဲပိုင်တယ်။ သူတို့ရွေးချယ်ရင်းနှီးထားတဲ့ဘဝမျိုးနဲ့ သူတို့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေဟာ လွတ်လပ်စွာ အနှောင်အဖွဲ့ကင်းကင်း ကွန့်မြူးနိုင်ဖို့ သူတို့မှာ အခွင့်အရေးရှိဖို့လိုတယ်။ သူတို့ဝတ်ထားတဲ့အဝတ်အစားတွေဟာ သူတို့ခန္ဓာကိုယ်ပေါ်မှာပဲဖြစ်လို့ ဒါဟာ ကိုယ်နဲ့မဆိုင်ဘူး။ သူတို့ဟာသူတို့ ဘာဝတ်ဝတ် ကိုယ်က ဘာမှသွားမလုပ်ဘူး၊ သွားမတုံ့ပြန်ဘူးဆိုရင် ဘာမှဆက်ဖြစ်လာစရာအကြောင်းမရှိဘူး။ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို အမျိုးသားတွေမပိုင်သလို တခြားအမျိုးသမီးတွေ၊ တခြားဂျန်ဒါတွေအပါအဝင် တခြားဘယ်သူကမှ မပိုင်ဘူး။ သူတို့မိဘတွေလည်း မပိုင်ဘူး။ သူတို့ အိမ်ထောင်ဖက်ယောက်ျားတွေလည်း မပိုင်ဘူး။ သူတို့အစ်ကိုတွေမောင်တွေ ဦးလေးတွေ အဖိုးတွေလည်း မပိုင်ဘူး။ သူတို့အဒေါ်တွေ အစ်မတွေ အဖွားတွေလည်းမပိုင်ဘူး။

သူတို့ကိုယ်ခန္ဓာနဲ့ သူတို့အလှအပအပေါ် သူတို့ကြိုက်သလို စီမံခြယ်လှယ်နိုင်တယ်။ ဆုံးဖြတ်နိုင်တယ်။ သူတို့ရဲ့ ခွင့်ပြုချက်၊ သဘောတူညီချက်မရှိဘဲ တရားဝင်စာချုပ်စာတမ်းနဲ့လက်ထပ်ထားတဲ့ လင်ယောက်ျားပင်ဖြစ်ပါစေ သူတို့ခန္ဓာကိုယ်ကို ကျူးလွန်လို့မရဘူး။ ထိခိုက်လို့မရဘူး။ ဒါကို အသိအမှတ်ပြုရမယ်၊ လေးစားရမယ်။ ဆံပင်အပါအဝင် သူတို့ရဲ့အပေါ်ယံ ခန္ဓာကိုယ်အလှအပနဲ့ အဝတ်အစားကို တခြားလူတွေက အသိအမှတ်ပြုချင်ပြုနိုင်တယ်၊ မပြုဘဲနေချင်လည်းနေနိုင်တယ်။ ဒါဟာ တခြားလူတွေရဲ့ရွေးချယ်မှုဖြစ်တယ်။ စိတ်ထဲကနေ လိုချင်တပ်မက်နေတယ်၊ ပစ်မှားချင်နေတယ်၊ ပြောချင်ဆိုချင် ကဲ့ရဲ့ချင်နေတယ်ဆိုတဲ့အထိက အဆင်ပြေနိုင်သေးတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုရော သူများကိုပါ ဝေဖန်ပိုင်းခြားတတ်တဲ့၊ ယှဉ်ထိုးချိန်ဆတတ်တဲ့သဘောက မွေးရာပါရှိပြီးသားမို့ ဒါဟာ အပြစ်တစ်ခုမဟုတ်ဘူး။

ဒါပေမဲ့ ဒီဟာထက်ပိုပြီးတော့ ပါးစပ်ကနေ သာသာနှက်နှက်ကလေးထိုးပြီးပြောတာ၊ နှုတ်ကနေ ဝေဖန်ကဲ့ရဲ့တာ၊ လှောင်ပြောင်သရော်တာ၊ မကြားကြားအောင်တွေ အတင်းပြောတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ချင်လာတာ၊ လက်သရမ်းချင်လာတာ၊ နှုတ်၏စောင့်စည်းခြင်း ကိုယ်၏စောင့်စည်းခြင်းတွေကိုကျော်လွန်လာပြီး ကိုင်တွယ်ဖို့ကြိုးစားတာ၊ ထိခိုက်ဖို့ကြိုးစားတာ၊ ရိုက်နှက်ဖို့ကြိုးစားတာ၊ လိင်အကြမ်းဖက်ဖို့ကြိုးစားတာတွေကိုတော့ ဘယ်လိုမှ လက်သင့်မခံသင့်ဘူး။ လူမှုပတ်ဝန်းကျင်ကလည်း ဒါတွေကိုအားမပေးဘဲ ထိထိရောက်ရောက် အရေးယူသင့်သလို နှိပ်ကွပ်ထားသင့်တယ်။

ဒါတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ အခွင့်အရေးရော တခြားသူရဲ့အခွင့်အရေးကိုရောပါ ပြင်းထန်စွာ ထိခိုက်တယ်။ နောက်ဆက်တွဲရိုက်ခတ်မှုတွေလည်းများတယ်။ ကိုယ့်စိတ်ထဲမှာ သူများရဲ့အဝတ်အစားနဲ့ရုပ်ရည်အပေါ် အဆင်မပြေဘူးဆိုရင် ကိုယ့်စိတ်ထဲမှာပဲထားသင့်တယ်။ ထုတ်ဖော်မပြသင့်ဘူး။ စာနဲ့လည်းမရေးသင့်ဘူး။ ပါးစပ်နဲ့လည်းမပြောသင့်ဘူး။ အမူအရာအားဖြင့်လည်း မပြသင့်ဘူး။ ဒါဟာ ယဉ်ကျေးတဲ့လူမှုအသိုင်းအဝိုင်း၊ ဥာဏ်ပညာရှိသူတို့ရဲ့ အနေအကျင့်ဖြစ်တယ်။

မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယောက်ျားတစ်ယောက်က ပိုင်ဆိုင်ချင်တယ်ဆိုရင် တရားသောနည်းလမ်း၊ မှန်ကန်သောနည်းလမ်း၊ ဥပဒေဘောင်အတွင်းကနည်းလမ်းနဲ့ ကြိုးစားနိုင်တယ်။ မိန်းကလေးရဲ့အသိအမှတ်ပြုမှုနဲ့ attention ကို ရယူဖို့ ယဉ်ကျေးသောနည်းလမ်း၊ မိန်းကလေးအပေါ် respectful လေးစားသမှုရှိသောနည်းလမ်းတွေနဲ့ ကြိုးစားနိုင်တယ်။ ဒါပေမဲ့ ဒီလိုကြိုးစားတဲ့နေရာမှာ ကိုယ်ထိလက်ရောက်၊ နှုတ်ထိလက်ရောက် မလုပ်သင့်ဘူး။ အရှင်းဆုံးပြောရရင် မိန်းကလေးတစ်ယောက် ကိုယ့်အရှေ့ကဖြတ်လျှောက်သွားရင် လေတောင်မချွန်သင့်ဘူး။ ဒီလိုလုပ်မိခဲ့ရင် ကိုယ်ကဒီလိုမရည်ရွယ်ပေမဲ့လည်း ဒါဟာ sexual harrassment ဖြစ်တယ်။

အလှအပကိုချီးကျူးချင်တယ်ဆိုရင် လူယဉ်ကျေးတို့ထုံးစံအတိုင်း အရင်ဆုံး ပြုံးပြ မိတ်ဆက်၊ မိန်းကလေးရဲ့ အသိအမှတ်ပြုမှုကိုရမှ လှကြောင်း မျက်နှာချင်းဆိုင် နှုတ်ကနေ ထုတ်ဖော်ပြောကြားနိုင်တယ်။ တစ်ဖက်က ခေါင်းညိတ်အသိအမှတ်ပြုတယ်၊ ကျေးဇူးတင်စကားပြောတယ်ဆိုရင် ဒါဟာ မှန်ကန်တဲ့ချဉ်းကပ်မှုဖြစ်တယ်။ Sexual harrassment လည်း မမြောက်တော့ဘူး။ ဒီလိုမှမဟုတ်ဘဲ မိန်းကလေးဘက်က ကိုယ့်ကိုလျစ်လျူရှုနေတယ်၊ ဘယ်လိုမှမတုံ့ပြန်ဘူး၊ ကြည်ဖြူဟန်မပြဘူးဆိုရင် ဒီနေရာမှာပဲ ရပ်တန်းကနေရပ်ပြီး ရှောင်ဖယ်ထွက်သွားသင့်တယ်။ လိုအပ်ရင် ပြန်တောင်းပန်သင့်တယ်။ ပြီးရင် မိန်းကလေးကို သူ့လမ်းသူဆက်သွားစေဖို့ လေးစားစွာ ခွင့်ပြုပေးရမယ်။

ဒီလိုမှမဟုတ်ဘဲ ဆက်လက်ပြီးတော့ အနောက်ကနေ လိုက်နှောင့်ယှက်တယ်၊ ဆက်လိုက်နေတယ်၊ ကိုယ်ထိလက်ရောက် နှုတ်ထိလက်ရောက်တွေ ပါလာပြီဆိုရင် ဒါဟာ ရာဇဝတ်မှုမြောက်တဲ့အပြင် သူတစ်ပါးရဲ့ လူဖြစ်မှုဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ပေါ်တင်မလေးစားရာ၊ ချိုးနိုင်ရာရောက်တယ်။ ဒါဟာ လူယဉ်ကျေး နိုင်ငံကြီးသား မိကောင်းဖခင်သားသမီးတို့ရဲ့ လုပ်ရပ်မဟုတ်ဘူး။ ဒီအခြေခံသဘောတရားလေးတွေကအစ နားလည်သင့်တယ်။ နားမလည်ဘူးဆိုလည်း နားလည်အောင် ကြိုးစားလေ့လာသင့်တယ်။ ကျင့်ကြံသင့်တယ်။ အမျိုးသမီးမှမဟုတ်ဘူး၊ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေကသော်လည်းကောင်း တခြားအမျိုးသားတွေကသော်လည်းကောင်း အလားတူ မယဉ်ကျေးတဲ့အပြုအမူတွေနဲ့ မဆက်ဆံသင့်ဘူး၊ မနှောင့်ယှက်သင့်ဘူး။ လုပ်မိခဲ့ရင် ဒါဟာလည်း sexual harrassment ပဲဖြစ်တယ်။ သူတစ်ပါးရဲ့လူ့ဂုဏ်သိက္ခာကို တန်ဖိုးမဲ့စေတာဖြစ်တယ်။ လူလူချင်း အားလုံး တန်းတူညီတူ လေးစားရမှာဖြစ်တယ်။

နောက်ပြီး ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်ကြတဲ့စိတ်အနေအထားတွေရဲ့ အောက်ခြေမှာ မျိုးရိုးစဉ်ဆက်ပေါင်းများစွာ အမြစ်တွယ်လှိုက်စားလာနေတဲ့ အဓိကအချက်နှစ်ချက်က ရှိသေးတယ်။ အဲ့ဒါကတော့ ပါဝါနဲ့ အာဏာဆိုတဲ့ သဘောတရားပဲဖြစ်တယ်။ ပါဝါဆိုတာက “ချစ်သူ့ပါဝါ” ကိုယ့်ရဲ့ဆောင်းပါးတစ်ပုဒ်မှာလည်း အရင်ကဖော်ပြခဲ့ဖူးသလိုပဲ လိုချင်တဲ့အရာတစ်ခုကို ပေးနိုင်သူဆီမှာ ပါဝါရှိတာပဲ။ လိုချင်သူက လိုချင်တယ်။ သူလိုချင်တာကိုပေးစွမ်းနိုင်တယ်လို့ယူဆထားတဲ့လူလက်ထဲမှာ မမြင်နိုင်တဲ့ ပါဝါဟာ အလိုလိုရောက်သွားတယ်။ ဒီပါဝါကို အသုံးချပြီး ပါဝါရှိသူက ပါဝါမရှိသူကို လိုသလိုတောင်းဆိုနိုင်တယ်၊ စေခိုင်းနိုင်တယ်။ ပါဝါမရှိသူက လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ သူဖြစ်ချင်တာ သို့မဟုတ် လိုချင်တာကိုရရှိဖို့အတွက် ခိုင်းတဲ့အတိုင်း လိုက်လုပ်ရတော့တာပဲ။

အာဏာဆိုတာကတော့ အမြင့်ကနေ အနိမ့်ကိုစီးဆင်းတတ်တဲ့သဘော၊ အဆင့်အတန်း (rank) သဘောတရားတွေပေါ် အခြေခံထားတာ။ အပေါ်အဆင့် အလယ်အဆင့် အောက်အဆင့်ဆိုပြီး အဆင့်တွေဖြာထွက်ပြီး ရှိနိုင်တယ်။ အပေါ်မှာရှိသူက အောက်ကလူတွေကို အဆင့်ဆင့် လိုသလို ကိုင်တွယ်ပြီး manipulate လုပ်နိုင်တယ်။ စေခိုင်းနိုင်တယ်။ အမိန့်ပေးနိုင်တယ်။ ပါဝါနဲ့မတူတဲ့အချက်ကတော့ ပါဝါရှိသူမှာ ပါဝါမရှိသူလိုချင်တဲ့အရာတစ်ခုခု ရှိကိုရှိတယ်။ အာဏာကကျတော့ အဲ့ဒီအရာရှိစရာမလိုဘူး။ လိုချင်ချင် မလိုချင်ချင်၊ လုပ်ချင်ချင် မလုပ်ချင်ချင်၊ ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အာဏာကိုကိုင်ပြီး လုပ်ချင်တာလုပ်လို့ရတယ်။ ဒါကြောင့် အာဏာဟာ ပါဝါထက် ပိုကြောက်ဖို့ကောင်းတယ်။

အထက်ကနေအောက်ကိုစီးဆင်းတယ်ဆိုတဲ့နေရာမှာ လူကြီးတွေနဲ့ကလေးတွေကိုကြည့်ရအောင်။ လူကြီးတွေဆီမှာ ပါဝါရော အာဏာရောရှိတယ်။ သူတို့က ကိုယ်ခန္ဓာ ကာယဗလအားဖြင့်လည်း ပိုထွားကျိုင်းကြသလို၊ အသက်အားဖြင့် ဝါအားဖြင့် အတွေ့အကြုံအားဖြင့်လည်း ကလေးငယ်လေးတွေထက် ပိုများကြတယ်။ ကလေးငယ်တွေမှာက သူတို့လောက် အစစအရာရာမှာ မကြွယ်ကြသေးဘူး၊ မပြည့်ဝကြသေးဘူး၊ အိမ်ရှင်နဲ့အိမ်ဖော်၊ စစ်ဗိုလ်နဲ့စစ်သား၊ ကျောင်းသားနဲ့ဆရာ၊ ဘုန်းကြီးနဲ့ ဘုန်းကြီးကျောင်းသား.. ဒါတွေဟာ ထင်ရှားတဲ့သာဓကတွေပဲဖြစ်တယ်။ ပါဝါရောအာဏာဟာ ဘယ်သူ့ဆီမှာရှိသလဲဆိုတာ ထင်သာမြင်သာတဲ့ သာဓကတွေပဲ။ ဒီပါဝါတွေ အာဏာတွေကို ဘယ်သူက ပေးအပ်ထားတာလဲ။ အထက်အောက်စီးဆင်းတဲ့ အခြေခံသဘောတရား၊ ဖန်လာတဲ့အကြောင်းတရားတွေကိုက သူ့အလိုလို လူမှုပတ်ဝန်းကျင်မှာ ဖွဲ့စည်းတည်ဆောက်ပေးလိုက်တာ။

မိဘက သားသမီးကို မွေးထားတယ်၊ ကျွေးမွေးထားတယ်၊ လိုချင်တာပေးဖို့အတွက် ပါဝါရှိတယ်၊ အာဏာလည်းရှိတယ်။ ဒီတော့ ဒီပါဝါနဲ့အာဏာကို သားသမီးတွေအပေါ် သူတို့ကြိုက်သလိုလုပ်ပိုင်ခွင့်ရသွားတယ်။ ဆိုးရွားစွာအသုံးချမလား၊ ကောင်းမွန်မှန်ကန်စွာအသုံးချမလားဆိုတာကတော့ မိဘနဲ့ပဲဆိုင်သွားပြီ။ ဒါတွေအပေါ် သားသမီးမှာက ထိန်းချုပ်ပိုင်ခွင့် control မရှိဘူး။ မိဘတွေအပေါ်မှာပဲ မူတည်သွားပြီ။ ဆရာမနဲ့ကျောင်းသား၊ အိမ်ရှင်နဲ့အိမ်ဖော်၊ ဘုန်းကြီးနဲ့ဘုန်းကြီးကျောင်းသားတွေမှာလည်း ဒီလိုအလားတူစွာပဲ။

ဒီတော့ ပါဝါနဲ့အာဏာကိုကိုင်စွဲထားသူတွေက သူတို့ဟာ အမြင့်မှာရောက်နေမှန်းကို ကောင်းကောင်းသိကြတယ်။ သိလို့လည်း မကောင်းတဲ့နည်းလမ်း၊ မတရားတဲ့နည်းလမ်း၊ မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ အသုံးချမယ်ဆိုရင် အလွယ်ကလေးချနိုင်ကြတာဖြစ်တယ်။ အောက်ကလူတွေကလည်း မတရားမှန်း၊ မမှန်ကန်မှန်း၊ မကောင်းမှန်းသိပေမဲ့ ဘာမှမတတ်နိုင်ကြဘူး။ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကိုက ဒါဟာမှန်ကန်ပါတယ်၊ ဒါကိုအားပေးထောက်ခံထားပါတယ်ဆိုပြီး တစ်ညီတစ်ညွတ်တည်း စံအနေနဲ့သတ်မှတ်ထားကြတာကိုး။ ဒါကိုမျှော်လင့်ထားကြတာကိုး။ ဒီတော့ သူတို့ဘာတတ်နိုင်မလဲ။ ကြိတ်ခံကြရုံပေါ့။

ဒီတော့ ဒါတွေကို အမြစ်ပြတ်တော်လှန်ကြတဲ့နေရာမှာ အသိပညာပေးမှုတွေအပါအဝင် မီဒီယာအားကောင်းကောင်း၊ အစိုးရရဲ့ထောက်ပံ့မှုအားကောင်းကောင်း လိုတယ်။ ပြည်သူတွေကလည်း အချင်းချင်း ကောင်းမွန်မှန်ကန်တဲ့နည်းလမ်းတွေကိုဖြန့်ဝေကြဖို့လိုတယ်။ မတရားမှန်းသိနေရင်၊ မှားမှန်းသိနေရင် ပြင်ပေးဖို့၊ ပါဝင်စွက်ဖက်ပြီး မှန်ကန်တဲ့ဘက်ကရပ်တည်ပေးဖို့လိုတယ်။ ဟာ.. သူလည်းလုပ်နေတာပဲ၊ ငါလည်းလုပ်နေတာပဲ ဘာထူးမှာလဲဆိုပြီး ပါးစပ်ပိတ်၊ နားပိတ်၊ တစ်ဖက်လှည့်ပြီး မျက်နှာလွှဲခဲပစ်ဖို့အခြေအနေတစ်ခုကို လုံးဝ ထားပစ်ခဲ့သင့်ပြီ။ ပြောင်းလဲချိန်က တန်ရုံမကဘူး ခေတ်အဆက်ဆက် နောက်ပါကျနေပြီ။ အခုမှမပြောင်းလဲရင် ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး။

ဥပမာ ကျား-မ လိင်ကွဲအိမ်ထောင်ရေးတစ်ခုမှာ မိန်းမတွေကိုရိုက်တဲ့ ယောက်ျားတွေဟာ သူတို့ပတ်ဝန်းကျင်တွေမှာ တခြားယောက်ျားတွေက သူတို့မိန်းမတွေကိုရိုက်တဲ့ အဖြစ်အပျက်တွေကို မြင်ဖူးကြားဖူးနေတာအပြင် ဒါဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခု၊ သူသူကိုယ်ကိုယ်လုပ်လေ့လုပ်ထရှိတဲ့ ပြဿနာဖြေရှင်းနည်းတစ်ခု၊ မှန်ကန်တဲ့လုပ်ရပ်တစ်ခုလို့ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပြီး သင်ကြားခံခဲ့ကြရတယ်။ သူတို့ဒီလိုအမြဲလုပ်နေလို့ ဘယ်သူကမှလည်း သိလျက်မြင်နေလျက်နဲ့ ဝင်မဆွဲ၊ ဝင်မတားသလို ဘယ်ဥပဒေ ဘာစည်းကမ်းဆိုတာတွေလည်း တင်းကြပ်မှု၊ စိုးမိုးမှုမရှိတဲ့အတွက် သူတို့ကို ဒီလိုဆက်လုပ်ဖို့ အားပေးရာရောက်သွားတယ်။

အမျိုးသမီးတစ်ယောက်ကို ဒေါသအလျောက်၊ အကျင့်အလျောက် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းဟာ ရှက်ရွံ့ရကောင်းမှန်းမသိသလို မှားယွင်းနေမှန်းလည်းမသိတော့တဲ့အဆင့်အထိဖြစ်သွားတာဟာ ဒီလူမှုပတ်ဝန်းကျင် society တစ်ခုလုံးမှာ တာဝန်ရှိတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲချင်ရင်တော့ ဒီ society ထဲကလူတွေကနေပဲ စတင်ပြီး ဒါတွေကိုတွန်းလှန်ရမှာဖြစ်တယ်။ Awareness များများလုပ်ရမယ်၊ ဥပဒေမရှိသေးရင် ရှိလာအောင် တောင်းဆိုရမယ်၊ ရှိပြီးသားဥပဒေဆိုရင်လည်း စိုးမိုးမှုရရှိအောင် အားထုတ်ကြရမယ်။

အခွင့်အရေးဆိုတာ ရသင့်ရဲ့သားနဲ့မရဘဲ ကိုယ့်ဆီက ဆွဲထုတ်ယူသွားခြင်းခံရတယ်ဆိုရင် ဒါကို ရအောင်ယူရမယ်။ ဒီအခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရဲဖို့လိုတယ်။ တိုက်ပွဲဝင်တယ်ဆိုတိုင်းလည်း လက်နက်ကိုင်ပြီးတိုက်ပွဲဝင်တာကိုပြောတာမဟုတ်ဘူး။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ပြန်ရှင်းရင် အကြမ်းဖက်မှုဟာ ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ဘူး။ အကြမ်းဖက်မှုကို ဥာဏ်ပညာနဲ့ အနိုင်ယူရမယ်။ ကိုယ်ချင်းစာမှုနဲ့ အနိုင်ယူရမယ်။ တရားမျှတမှုနဲ့ အနိုင်ယူရမယ်။ မသိတဲ့သူတွေကိုသိအောင် ပညာပေးရမယ်။ နားလည်အောင် တဖြည်းဖြည်းချင်း ဆွဲခေါ်ယူရမယ်။

လူတစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ လေးယောက်သိအောင် ကြိုးစားရမယ်။ ရာစုနှစ်တွေနဲ့ချီပြီး အမြစ်တွယ်လာတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဆယ်နှစ်လောက်နဲ့ ပြောင်းလဲပစ်လို့ရချင်မှရလိမ့်မယ်။ ဒါပေမဲ့ ဒီလိုခက်ခဲတာနဲ့ပဲ မှားနေတဲ့အရာတစ်ခု၊ တရားမျှတမှုမရှိတဲ့အရာတစ်ခုကို ဒီအတိုင်းထားလိုက်လို့မရဘူး။ တန်းတူအခွင့်အရေးကိုရအောင်ကို ဥာဏ်ပညာနဲ့တိုက်ယူရမယ်။ ဖြစ်သင့်တာဖြစ်ဖို့အတွက် စိတ်ရှည်ရှည်နဲ့ဖြစ်အောင်လုပ်ယူရမယ်။

ကိုယ့်အိမ်ထောင်ဖက် မိန်းမကို ကိုယ်မပိုင်ဘူး။ သူကိုယ်တိုင်ပဲပိုင်တယ်။ ကိုယ့်တပည့်သားရင်း သားသမီးတွေကို ကိုယ်မပိုင်ဘူး။ သူတို့အသားတွေ၊ ခန္ဓာကိုယ်တွေ၊ ဥာဏ်ပညာတွေ၊ ခံစားချက်တွေကို ကိုယ်မပိုင်ဘူး။ သူတို့ပဲပိုင်တယ်။ ကိုယ့်အိမ်က အိမ်ဖော်ကို ကိုယ်မပိုင်ဘူး။ သူ့မိဘတွေလည်း မပိုင်ဘူး။ သူတို့ကိုယ်တိုင်ပဲပိုင်တယ်။ ဒီလိုပဲ ယောက်ျားကိုလည်း မိန်းမက မပိုင်ဘူး။ သူ့ကိုယ်သူပဲပိုင်တယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့စိတ်ဟာ ကိုယ်နဲ့ပဲ ပိုင်သင့် ဆိုင်သင့်တယ်။ ကိုယ်တိုင်ပဲ ခြယ်လှယ်ခွင့်၊ ထိန်းချုပ်ခွင့်၊ ဆုံးဖြတ်ခွင့်ရှိတယ်။ ကိုယ့်ဆန္ဒမပါဘဲ ကိုယ့်စိတ်နဲ့ခန္ဓာကိုယ် သူများကလာပြီး ထိပါးတယ်၊ စော်ကားတယ်၊ ကိုယ်ထိလက်ရောက်တွေလုပ်တယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာပဲဖြစ်တယ်။ လူသားချင်းမစာနာဘဲ မိုက်ရိုင်းတာပဲဖြစ်တယ်။ အသိပညာဥာဏ်ချို့တဲ့တာပဲဖြစ်တယ်။ မေတ္တာတရား ခေါင်းပါးတာပဲဖြစ်တယ်။ လူ့အခြေခံကျင့်ဝတ်သိက္ခာကို မဆောက်တည်တာပဲဖြစ်တယ်။

မိန်းမကိုရိုက်တဲ့ ယောက်ျားတွေကို သတ်ပစ်လိုက်မယ်၊ အိမ်ဖော်ကိုရိုက်တဲ့အိမ်ရှင်ကို တန်းတူညီမျှသွားအောင် ပြန်နှိပ်စက်ပစ်လိုက်စမ်းဟဲ့..ဆိုရင် ဒီလို ပြန်သတ်တဲ့သူ၊ ပြန်ညှဉ်းစဲသူ၊ လက်တုံ့ပြန်သူဟာလည်း အကြမ်းဖက်ခြင်းကို တန်ပြန်အသုံးပြုတာပဲမို့ ဒီအကြမ်းဖက်သူတွေနဲ့ ဘာမှမထူးခြားဘူး။ ဒီတော့ တရားဥပဒေနဲ့အရေးယူရမယ်။ နားလည်တတ်ကျွမ်းသူ သူများအကူအညီနဲ့ ချေမှုန်းရမယ်။ ထိုက်တန်တဲ့အပြစ်ဒဏ်ကို တရားဥပဒေနဲ့အညီ ပေးရမယ်။ ပြန်ပေးဆပ်ခိုင်းရမယ်။ ဒီလိုလုပ်တာဟာ မှားယွင်းတယ်၊ It is NOT okay! ဆိုတာကိုသိအောင် မှတ်လောက်သားလောက်အောင် တရားဥပဒေအရ အရေးယူရမယ်။ ဒဏ်ခတ်ရမယ်။ ထောင်ချခြင်းဖြင့်ဖြစ်စေ၊ ဒဏ်ငွေတွေနင့်နေအောင်ဆောင်ခိုင်းခြင်းဖြင့် ဖြစ်စေ၊ အမူအကျင့်ကုထုံး behavioral therapy , အသိကုထုံး cognitive therapy တွေလုပ်ပေးခြင်းဖြင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ မိန်းမကိုရိုက်သူ၊ သားသမီးကိုရိုက်သူ၊ အိမ်ဖော်ကိုနှိပ်စက်သူ၊ တပည့်ကိုညှဉ်းပန်းသူဆိုတဲ့ နာမည်ဆိုးကြီးနဲ့ ပြန်လည်နေခိုင်းပြီး အားလုံးက ဖယ်ကြဉ်ထားခြင်းဖြင့်ဖြစ်စေ၊ ကိုယ့်မိသားစု အသိုင်းအဝိုင်းနဲ့ သားသမီးတွေပါ သူ့ကြောင့် အရှက်ရနိုင်တယ်၊ ဂုဏ်သိက္ခာထိခိုက်နိုင်တယ်ဆိုတဲ့ mentality ကို ရိုက်သွင်းပေးခြင်းဖြင့်ဖြစ်စေ ဒီလို domestic violence တွေကို လျှော့ချနိုင်တယ်။

Prevention ရော၊ intervention ရော စနစ်တကျ သေချာလုပ်ရမယ်။ လူထုရော၊ မီဒီယာရော၊ အစိုးရရော၊ ဥပဒေဘက်တော်သားတွေကရော ဝိုင်းဝန်းပူးပေါင်းရမယ်။ ကျောင်းစာတွေမှာ ကလေးတွေကို စာသင်ပေးရင် ဒီလို အမျိုးသမီးတွေနဲ့ကလေးတွေကို ရိုက်တာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာဟာ ရှက်စရာကောင်းကြောင်း၊ မှားယွင်းကြောင်း၊ ဂုဏ်သိက္ခာကျဆင်းစေကြောင်း၊ ပြစ်မှုတစ်ခုဖြစ်ကြောင်း၊ ရွံရှာဖွယ် မကောင်းသောလုပ်ရပ်ကြီးဖြစ်ကြောင်း လူမှန်းသိတတ်စကတည်းက သင်ပေးဖို့လိုတယ်။ ကျောင်းသင်ရိုးတွေမှာ လူမှုရေးဘာသာရပ် သို့မဟုတ် စာရိတ္တနဲ့ပြည်သူ့နီတိလို ဘာသာရပ်တွေထဲမှာ တရားဝင်ပြဌာန်းထားသင့်တယ်။ ကလေးတိုင်းကို သင်ကြားပေးသင့်တယ်။ တီဗီ၊ သတင်းစာ၊ ကြော်ငြာ၊ စာအုပ်၊ ကာတွန်း၊ ဂျာနယ် အစရှိသဖြင့် ဒီလို မီဒီယာတွေကနေတဆင့်လည်း ဒါတွေကို လူထုထဲများများပျံ့နှံ့အောင် ပုံတိုပတ်စလေးတွေ၊ ဇာတ်လမ်းအတိုအထွာလေးတွေ၊ ရုပ်ရှင်ကားတွေ၊ ဝတ္ထုဇာတ်ညွှန်းတွေ၊ သီချင်းတွေ၊ ကဗျာတွေ၊ ပြဇာတ်တွေ စတဲ့ အနုပညာဖော်ကြူးမှုလမ်းကြောင်းတွေကနေလည်း အများကြီး ပညာပေးလို့ရတယ်။

ဒါတွေကို မိဘတွေ ဆရာတွေ လူကြီးသူမတွေက အားပေးဖို့လည်းလိုတယ်။ မိဘတွေကိုယ်တိုင်ကလည်း အိမ်မှာ အဖေက အမေ့ကို ရိုက်နေလို့မရဘူး။ သင်ပေးရမယ်။ နေပြရမယ်။ အသိတရားကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးရမယ်။ ဒါတွေအတွက်လည်း ငွေကြေးအကုန်အကျခံပြီး အားပေးသင့်ရင် ပေးရမယ်။ လူငယ်တွေအနေနဲ့လည်း လူကြီးတွေရဲ့ အမူအကျင့်တွေ၊ နည်းနာနိဿယတွေအပေါ် သင့်တော်၏ မသင့်တော်၏၊ ကောင်း၏ဆိုး၏ ပြန်လည်မေးခွန်းထုတ်ရမယ်။ ဒီလိုမေးခွန်းထုတ်နိုင်အောင်လည်း လူကြီးတွေက နားလည်ပေးရမယ်၊ ကြိုဆိုရမယ်၊ တံခါးတွေဖွင့်ပေးရမယ်၊ အခွင့်အရေးတွေ ဖန်တီးပေးရမယ်။ ဘယ်အရာမှ ရှုထောင့်တစ်ခုတည်းကနေကြည့်တာဟာ မကောင်းသလို၊ တစ်လမ်းသွားအမိန့်ဆန်ဆန် ဆက်ဆံရေးမျိုးဟာလည်း မကျန်းမာဘူး။ အဓိက အခြေခံအကျဆုံးကတော့ ဒီလိုတွေလုပ်ရမှန်း၊ လုပ်သင့်မှန်းကို သိဖို့လိုတယ်။ လုပ်ချင်ဖို့လည်းလိုတယ်။ သူများမိုးခါးရေသောက်တိုင်း ကိုယ်ကလိုက်မသောက်ဖို့၊ မှန်တဲ့ဘက်က အားငယ်သူဘက်က ရပ်တည်ရဲတဲ့သတ္တိလိုတယ်။ ပြောင်းလဲမှုဟာ ကိုယ်ကိုယ်တိုင်က စတယ်။ လူသားချင်း စာနာတတ်ကြပြီး ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့ အမြန်ဆုံးရောက်ရှိနိုင်ကြပါစေလို့ ဆန္ဒပြုလျက်..။ ။

Craton

Advertisements