အောင်မြင်တဲ့ Resume ရေးနည်း

resume_review

ဒီနေ့ခေတ်မှာ အလုပ်လျှောက်ကြတဲ့အခါ resume တို့၊ cover letter တို့ဆိုတာ မဖြစ်မနေ တင်ကြရတဲ့အရာတွေဖြစ်လာပါတယ်။ Resume တစ်စောင်ကို ပရော်ဖက်ရှင်နယ်လ်ဆန်ဆန် ဘယ်လိုရေးမလဲ၊ သူများတွေထဲကနေ ခွဲထွက်နေအောင် အင်္ဂလိပ်စာကို ဘယ်လိုအသုံးချပြီး ရေးမလဲဆိုတာတွေကို ဒီဆောင်းပါးလေးထဲမှာ ပြောပြချင်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ဝန်ထမ်းစိစစ်ရွေးချယ်သူတွေဟာ လျှောက်လွှာတစ်စောင်ကို ၁၀မိနစ်ကနေ မိနစ်၂ဝအတွင်းပဲ အကြမ်းအားဖြင့် အမြန်ဖတ်ကြပါတယ်။ အဲ့ထဲကနေမှ ကိုယ့် resume က အများနဲ့မတူဘဲ ထင်းခနဲ ဆွဲဆောင်မှုရှိဖို့လိုပါတယ်။ ဒီအချက်(၅)ချက်ကို လိုက်နာပါ။

(၁) အလုပ်ရှင်ရဲ့လိုအပ်ချက်ကို သိပါ

အလုပ်ခေါ်စာထဲမှာပါတဲ့ အရည်အချင်း၊ အတွေ့အကြုံတွေထက် ပိုအဓိကကျတာက သူတို့ ဘာကိုလိုအပ်တာလဲ၊ ဘာအတွက် ဒီအလုပ်ကိုခေါ်တာလဲ၊ သူတို့ရဲ့လိုအပ်ချက်တွေကို ကိုယ်က ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို resume ထဲမှာ အသားပေးပြီး ထည့်ရေးနိုင်ဖို့ဖြစ်ပါတယ်။ ဒါတွေကို သိနိုင်ဖို့က သူတို့အလုပ်ဝဘ်ဆိုဒ်မှာဖြစ်စေ၊ Facebook စာမျက်နှာမှာဖြစ်စေ၊ လူချင်းသွားစုံစမ်းလို့ဖြစ်စေ၊ ဒီလိုအလုပ်မျိုးနဲ့ ပုံစံတူလုပ်နေတဲ့ ဒီနယ်ပယ်ထဲကလူတွေဆီမှာ ချဉ်းကပ်စုံစမ်းပြီးတော့ဖြစ်စေ လက်တွေ့ကျကျသိနိုင်ပါတယ်။ ဒီလိုသိတဲ့အခါ ဒီလုပ်ငန်းလိုအပ်ချက်တွေကို ကိုယ်က ဘာတွေလုပ်ပေးပြီး ဘယ်လိုအကောင်းဆုံး ဖြည့်ဆည်းနိုင်မယ်ဆိုတာကို ဖော်ထုတ်ရေးသားရပါမယ်။

(၂) အရေးအကြီးဆုံးအရည်အချင်းတွေကိုပဲ ဖော်ပြပါ

ဒီရာထူးအတွက် ကိုယ့်အရည်အချင်းတွေ ပြည့်မှီတာကတော့ဟုတ်ပါပြီ။ ဘယ်လိုပြည့်မှီတာလဲ။ ကိုယ်က ဘာတွေတတ်လို့ ပြည့်မှီတယ်လို့ယူဆတာလဲ။ ဒါကို resume ထဲမှာ ထုတ်ဖော်ရေးသားတဲ့အခါ ရှိသမျှ ဒီပလိုမာတွေ၊ certificate တွေ၊ တတ်ဖူးသမျှသင်တန်းတွေနဲ့ ကျောင်းတွေကို အကုန်တန်းစီပြီး ပျင်းစရာကြီးဖြစ်အောင်ရေးမယ့်အစား တိုတိုနဲ့ရှင်းရှင်း concise statements တွေနဲ့ တိတိကျကျရေးပါ။ Summary လောက်ပဲ အကျဉ်းချုံးရေးပါ။ အလုပ်နဲ့သင့်တော်မယ်လို့ယူဆတဲ့ အရေးအကြီးဆုံး အရည်အချင်းတွေကိုပဲထုတ်ဖော်ပါ။ ဒီအရည်အချင်းတွေဟာ ဘွဲ့လက်မှတ်ဖြစ်ချင်မှလည်းဖြစ်ပါမယ်။ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့်အရာတွေကိုပဲ အသားပေးရေးပါ။ ဥပမာ ဘာသာစကားဘယ်နှစ်မျိုးကျွမ်းတာ၊ အလုပ်သမားဘယ်နှစ်ယောက်ကို ဦးဆောင်အုပ်ချုပ်ဖူးတာ၊ တစ်လကို ပရောဂျက်ဘယ်နှစ်ခုပြီးတာ၊ အချိန်တိုတိုနဲ့ရာထူးတိုးဖူးတာ၊ ဒါနဲ့ပတ်သက်တဲ့ဘွဲ့ မရထားပေမဲ့လည်း လုပ်သက်ဘယ်နှစ်နှစ်တော့ရှိနေပြီ စသဖြင့်ပါ။

(၃) လုပ်ငန်းအတွေ့အကြုံကို စကားစုအတိုတွေနဲ့ရေးပါ

လုပ်ငန်းအတွေ့အကြုံကိုဖော်ပြတဲ့နေရာမှာ short phrase လေးတွေနဲ့ရေးပါ။ အလုပ်ရှင်တွေဆီကို ကိုယ်က ဘယ်လိုတန်ဖိုး (value) တွေ ယူဆောင်လာနိုင်မလဲဆိုတာကို ဖော်ပြပါ။ ဘာအလုပ်၊ ဘယ်မှာ၊ ဘယ်လောက်ကြာကြာလုပ်ခဲ့ဖူးတယ်ဆိုတာတွေအတွက် နေရာများများမပေးပါနဲ့။ ပါရုံဖော်ပြပြီး တကယ်သေချာအားစိုက်ရေးရမှာတွေက သူများနဲ့မတူတဲ့ အရည်အချင်းနဲ့ အတွေ့အကြုံက ဘာတွေဖြစ်မလဲ၊ လုပ်ငန်းသဘောအရခြားနားကြတဲ့ ပတ်ဝန်းကျင်ဘယ်နှစ်မျိုးလောက်မှာလုပ်ဖူးတာလဲ၊ ကိုယ် သေချာ documents အပြည့်အစုံနဲ့ သက်သေပြနိုင်မယ့် အောင်မြင်မှုတွေကဘာတွေလဲ၊ လုပ်ငန်းနဲ့ပတ်သက်ပြီးရရှိဖူးတဲ့ ဆုတွေ၊ စကောလားရှစ်တွေ၊ appreciate letter တွေ၊ promotion letter တွေ၊ စေလွှတ်ခံရဖူးတဲ့ conference တွေ၊ ခရီးတွေ စသဖြင့် ဒါတွေကို တိုတိုတုတ်တုတ် ရေးသားနိုင်ရမယ်။

(၄) စာမျက်နှာကို ကန့်သတ်ပါ

ကိုယ်က လုပ်သက်စုစုပေါင်း ၁ဝနှစ်အောက်ဆိုရင် ကိုယ့် resume ကို တစ်မျက်နှာနဲ့ဆန့်အောင်ရေးပါ။ လုပ်သက်၁၀နှစ်နဲ့အထက်ရှိပြီဆိုရင် နှစ်မျက်နှာအောက်ရေးပါ။ လုပ်သက်၁၅နှစ်အထက်ရှိပြီ၊ တကယ့်ကို senior level သို့မဟုတ် executive level ဖြစ်နေပြီဆိုမှ သုံးမျက်နှာရေးပါ။ သုံးမျက်နှာထက်တော့ မကျော်ရပါ။ လုပ်ဖူးသမျှအလုပ်တွေ အကုန်တန်းစီရေးစရာမလိုပါဘူး။ လက်ရှိလျှောက်မယ့်အလုပ်နဲ့ သက်ဆိုင်မယ့်ဟာမျိုးကိုပဲရွေးရေးပါ။ Microsoft Word မှာ စာလုံးတွေကို Times New Roman ဖောင့်၊ နံပါတ် ၁၂နဲ့ ပြေပြေပြစ်ပြစ် ရှင်းရှင်းရေးပါ။ ဖတ်ရခက်တဲ့ဖောင့်တွေနဲ့ မရေးပါနဲ့။ Font ကိုလည်း ကြီးလိုက်သေးလိုက်မသုံးဘဲ resume တစ်ခုလုံးကို တစ် size တည်းနဲ့သုံးပါ။ အချက်အလက်တွေကိုဖော်ပြတဲ့နေရာမှာ Bullet points လေးတွေနဲ့ခွဲရေးပါ။ ဗန်းစကားတွေ၊ အတိုကောက်တွေ မသုံးပါနဲ့။ ကြည့်လိုက်တာနဲ့ ကိုယ့် resume ဟာ ရှင်းလင်းပြီး format မှန်မှန်ချထားတာမျိုးဖြစ်ရပါမယ်။

(၅) Power action words တွေသုံးပါ

အဲ့ဒါဘာကိုပြောတာလဲဆိုတော့ ကိုယ်ရွေးချယ်မယ့် ကြိယာ (verb) တွေဟာ လှုပ်ရှားတက်ကြွနေတဲ့၊ ဖတ်လိုက်တာနဲ့ စာဖတ်သူမျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းမြင်စေမယ့်၊ အရည်အချင်းနဲ့ ဦးဆောင်မှုကိုအသားပေးတဲ့ စွမ်းအားကြီးတဲ့ ကြိယာတွေကိုသုံးပါ။ ဥပမာ – administered, advised, delegated, compiled, implemented, verified, won, wrote, handled, helped, generated, prepared, monitored, led, launched, tracked, trained, maintained, financed, formulated စတဲ့ ကြိယာတွေဖြစ်ပါတယ်။ ဒီလို power words တွေကိုစုစည်းပေးထားတဲ့ website တွေရှိပါတယ်။ စာရေးသူကတော့ အောက်က website ကို ညွှန်းချင်ပါတယ်။ ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုပါ။ နောက်အသုံးတည့်အောင် တစ်ခါတည်း print ထုတ်ပြီး သိမ်းထားပါ၊ နံရံမှာကပ်ထားပါ။

http://career.opcd.wfu.edu/files/2011/05/Action-Verbs-for-Resumes.pdf

Craton Highways

photo credit:

https://www.lawrence.edu/students/career/students/info_guides/resume_writing

Advertisements

လုပ်ငန်းခွင်သုံးအင်္ဂလိပ်ဆိုတာ

လုပ်ငန်းခွင်သုံးအင်္ဂလိပ်ဆိုတာ (What Professional English Means to You)

Professional English (လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ) ကို လေ့လာနေသူများအတွက် မရှိမဖြစ် အခြေခံသိရှိထားသင့်တဲ့အချက်ကလေးတွေကို ဦးဆုံးအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ ဘာကြောင့် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို လေ့လာသင့်တာလဲ၊ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာဆိုတာ ဘာလဲ၊ ရိုးရိုး နေ့စဉ်သုံးအင်္ဂလိပ်စာနဲ့ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာတွေ ဘာတွေကွာသလဲ၊ ဘယ်ကနေစပြီး ဘယ်လိုလေ့လာရမှာလဲ စတာတွေကို ဆွေးနွေးပေးချင်ပါတယ်။

အင်္ဂလိပ်စာဟာ ယနေ့ ကမ္ဘာမှာ နံပါတ်တစ်အသုံးအများဆုံး ဘာသာစကားတစ်ခုဆိုတာ အားလုံးလက်ခံပြီးဖြစ်ပါတယ်။ အင်္ဂလိပ်စာတတ်ရင် ကမ္ဘာ့ဘယ်နေရာကိုပဲသွားသွား မတတ်သူထက်စာရင် ပိုမျက်နှာပန်းတင့်တယ်ပြီးတော့ အများနဲ့ဆက်ဆံတဲ့အခါ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပိုပြီးဖြစ်ပါတယ်။ Language barrier မရှိတော့ဘူးပေါ့။ နိုင်ငံရပ်ခြားကို ခရီးသွားရင်ပဲဖြစ်ဖြစ်၊ ပညာတော်သင်သွားရင်ပဲဖြစ်ဖြစ်၊ ရက်တိုလေ့လာရေးခရီးသွားရင်ပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ချင်ရင်ပဲဖြစ်ဖြစ် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တတ်သင့်ပါတယ်။

ယနေ့အချိန်အခါမှာ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို တစ်ခုနဲ့တစ်ခု၊ တစ်နေရာနဲ့တစ်နေရာ အပြန်အလှန် ချိတ်ဆက်မှီတင်းနေကြတဲ့အတွက်ကြောင့် ကမ္ဘာ့အရှေ့မှာဖြစ်ပျက်နေတဲ့အရာတစ်ခုဟာ တခြားကမ္ဘာ့နေရာတွေအနှံ့ သတင်းနည်းပညာတွေက ချက်ချင်းပျံ့နှံ့ပါတယ်။ ချက်ချင်းလူသိပါတယ်။ ကမ္ဘာကြီးဟာ တစ်နေ့တစ်ခြား ပိုကျဉ်းလာတယ်၊ ပိုပြီးနီးစပ်လာတယ်၊ ပိုပြီးအထိအတွေ့များလာတယ်လို့ဆိုမယ်ဆိုရင် မမှားပါဘူး။ ဒါကြောင့် ဒီလိုကမ္ဘာနဲ့ရင်ဘောင်တန်းလာရတဲ့ခေတ်အခါမျိုးမှာ ကမ္ဘာအနှံ့အပြားနဲ့ ဆက်သွယ်ချိတ်ဆက်ဖို့ဆိုရင် ဒီ ပထမအများသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကားကို လူတိုင်းတတ်မြောက်ထားသင့်ပါတယ်။ အင်္ဂလိပ်စာကို ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်ပြီး ကောင်းကောင်းနားလည်နိုင်တယ်ဆိုရင် ကမ္ဘာနဲ့အဆက်မပြတ်တော့ဘဲ ကမ္ဘာနဲ့လည်း ပိုရင်းနှီးသွားပါတယ်။ အတွေးအမြင်တွေလည်း ပိုကျယ်သွားပါတယ်။ ကိုယ့်အတွက် အခွင့်အလမ်းတံခါးတွေလည်း ပိုပွင့်သွားပါတယ်။

ဒီလိုအင်္ဂလိပ်စာအရေးကြီးကြောင်း ဒီဘက်ခေတ်မှာ ကလေးကအစ သိရှိပြီး လက်ခံလာကြပါတယ်။ မိဘဆရာတွေ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအဖော်တွေကြားမှာလည်း ဒါကို အရင်ကထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာကြပါတယ်။ ဒါကြောင့် ဒီဘက်ခေတ်မှာ အခြေခံလိုအပ်ချက်တစ်ခုလိုဖြစ်လာတဲ့ အင်္ဂလိပ်စာတတ်ရေးဆိုတာကို လူတိုင်းနီးပါးက အရေးထားလာကြပြီး သင်ယူတတ်မြောက်လိုလာကြပါတယ်။ သင်ယူတတ်မြောက်ထားရင် အခွင့်အလမ်း၊ အသိအမြင်တွေက သူများထက်ပိုကောင်းလာနိုင်မယ်ဆိုတာထက် သူများနဲ့ တန်းတူရင်ဘောင်တန်းနိုင်ဖို့ကိုပဲ မဖြစ်မနေ သင်ယူနေကြရတဲ့ ခေတ်အခါကိုရောက်နေပါပြီ။ အရာရာမှာ သူများအောက်မရောက်ရအောင်၊ သူများနောက်မကျရအောင်၊ သူများတန်းတူဖြစ်ရအောင်ပါ။

ပြည်ပကိုအလုပ်သွားလုပ်မှ၊ ကျောင်းသွားတက်မှ၊ ခရီးသွားမှ အင်္ဂလိပ်စာတတ်ရမှာလားဆိုတာ မေးစရာဖြစ်ပါတယ်။ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာနေရင်ကိုပဲ အင်္ဂလိပ်စာမတတ်ရင် အောက်ကျနောက်ကျဖြစ်ရပါတယ်။ အလုပ်လျှောက်ရင်၊ ကျောင်းလျှောက်ရင် ဘာပဲလျှောက်လျှောက် ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံနဲ့ အရည်အချင်းတွေအပြင် အင်္ဂလိပ်စာစွမ်းရည် ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ ရတဲ့လစာ၊ အခွင့်အရေးနဲ့ ပြောဆိုဆက်ဆံပေါင်းသင်းရတဲ့ ပတ်ဝန်းကျင်တွေက ကွာခြားသွားပါတယ်။ လူမှုဆက်ဆံရေး circles တွေလည်း ကွာခြားသွားစေနိုင်ပါတယ်။

အင်္ဂလိပ်စာတတ်တဲ့နေရာမှာလည်း သာမန်နေ့စဉ်သုံးအင်္ဂလိပ်စာတတ်ရုံအပြင် ကိုယ်က တကယ့် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို စနစ်ကျကျ ပရော်ဖက်ရှင်နယ်လ်ဆန်ဆန် သုံးစွဲနိုင်တယ်၊ ရေးနိုင်ပြောနိုင်တယ်ဆိုရင် ဒါဟာ သူများထက်ထူးခြားတဲ့၊ သူများတွေထဲကနေ stand out ဖြစ်စေနိုင်တဲ့ အရည်အချင်းတစ်ခုအဖြစ် အများက လက်ခံလာကြပါတယ်။ အလုပ်တွေလျှောက်တဲ့အခါမှာလည်း resume, portfolio, cover letter စတဲ့ စာတွေရေးရင်ကိုပဲ ဒီလူဟာ ပရော်ဖက်ရှင်နယ်လ်အင်္ဂလိပ်စာအဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာကို အဲ့ဒီစာတွေကနေတဆင့် သိမြင်အကဲဖြတ်နိုင်ပါတယ်။

အလုပ်အင်တာဗျူးတဲ့အခါမှာလည်း ပရော်ဖက်ရှင်နယ်လ် အင်္ဂလိပ်ကို စမတ်ကျကျသုံးတတ်တယ်၊ လိပ်ပတ်လည်အောင် ရှင်းလင်းအောင် ပြောဆိုနိုင်တယ်ဆိုရင် အဲ့ဒီလိုမတတ်သူတွေထက် ကိုယ်က အလုပ်အကိုင်ရဖို့ အခွင့်အရေးပိုများပါတယ်။ ကိုယ့်ကို အလုပ်ပိုခန့်ချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရော်ဖက်ရှင်နယ်လ်အင်္ဂလိပ် တတ်မြောက်ထားသူဟာ လုပ်ငန်းခွင်ရောက်တဲ့အခါမှာ ကာစတန်မာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အရာရှိတွေ၊ မိမိလက်အောက်ကလူတွေ၊ ပြည်ပက ကုမ္ဗဏီ/အဖွဲ့အစည်း/ကျောင်း စတာတွေနဲ့ လူချင်းသော်လည်းကောင်း၊ ဖုန်းနဲ့သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ Skype လိုမျိုး video chat တွေနဲ့ ပြောဆိုဆက်ဆံရင်သော်လည်းကောင်း သူများထက် အစစအရာရာ ပိုအဆင်ပြေပြီး ထိရောက်တိကျမြန်ဆန်တဲ့ communication မျိုးကို ပိုမိုဆောင်ရွက်နိုင်လို့ပဲဖြစ်ပါတယ်။ ဒီလိုဝန်ထမ်းမျိုးကို employers တွေက ရှာဖွေတာဖြစ်ပါတယ်။

ဒါဆို professional English ရဲ့ အရေးပါပုံလေးတော့ အကျဉ်းအားဖြင့်နားလည်ပြီ။ ဟုတ်ပြီ။ ဒါပေမဲ့ professional English ဆိုတာက ဘာကိုပြောတာလဲ။ နေ့စဉ်သုံး ရိုးရိုးအင်္ဂလိပ်နဲ့ ဘာတွေကွာတာလဲဆိုတဲ့အပိုင်းကို ဆက်သွားပါမယ်။

လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာဆိုတာ  မိမိစီးပွားရေးပါတနာတွေနဲ့ဖြစ်စေ၊ ရုံးလုပ်ငန်းတွေမှာဖြစ်စေ၊ ကျောင်းလုပ်ငန်းတွေပါဖြစ်စေ၊ ကျန်းမာရေးလုပ်ငန်းတွေမှာဖြစ်စေ၊ အစိုးရပိုင်းနယ်ပယ်တွေမှာဖြစ်စေ၊ နိုင်ငံတကာက နယ်ပယ်အသီးသီးနဲ့ ဆက်သွယ်တဲ့အခါမှာဖြစ်စေ ကိုယ်ကျင်လည်အလုပ်လုပ်ကိုင်တဲ့ နေ့စဉ် business လုပ်ငန်းခွင်၊ professional အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်မှာ အင်္ဂလိပ်စကားကို အဆင့်အတန်းရှိရှိ ချက်ကျလက်ကျ ပြောဆိုသုံးနှုန်းနိုင်ခြင်း၊ ရေးသားနိုင်ခြင်း၊ ထိရောက်သေချာစွာဆက်သွယ်နိုင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။ အလုပ်အင်တာဗျူးဖြေတာအစ၊ အစည်းအဝေးခန်းတွေမှာ ဆွေးနွေးတာအလယ်၊ အထက်ကို အစီရင်ခံစာတင်တာနဲ့ အခြား နိုင်ငံတကာက business partners/companies/organizations တွေနဲ့ ဆက်ဆံတဲ့အခါ အီးမေးလ်အပြန်အလှန်ပို့တာအဆုံး အောင်မြင်တဲ့ ထိရောက်သေချာတဲ့ အဆင့်မြင့်အင်္ဂလိပ်စာကို ခေါ်ပါတယ်။

ဘာတွေအဆင့်မြင်တာလဲ။ ဘာတွေကွာတာလဲ။ ဥပမာတွေ၊ ကွဲပြားခြားနားချက်တွေ အများကြီးပေးလို့ရပေမဲ့ အောက်မှာဖော်ပြမယ့်အချက်ကလေးတွေက professional English ရဲ့ သိသင့်သိထိုက်တဲ့ အခြေခံကွာခြားချက်ကလေးတွေဖြစ်ပါတယ်။

(၁) ဗန်းစကား၊ ရပ်ကွက်စကားနဲ့ လမ်းဘေးစကားတွေကို ရှောင်ကြဉ်ရခြင်း

နေ့စဉ်သုံးအင်္ဂလိပ်စကားမှာ It ain’t true, she don’t know, suck it up စတာတွေဟာ ကိုယ့်အချင်းချင်းပြောဆိုသုံးစွဲရင် တစ်ယောက်နဲ့တစ်ယောက် နားလည်လက်ခံကြပေမဲ့ professional English မှာတော့ ဒီလိုပုံစံတွေနဲ့ပြောလို့မရပါဘူး။ မယဉ်ကျေးရာ၊ မလေးစားရာ ရောက်ပါတယ်။ ဒီလိုသုံးနှုန်းလိုက်ခြင်းအားဖြင့် မိမိရဲ့ image တင်မဟုတ်တော့ဘဲ မိမိအလုပ်လုပ်ကိုင်ပေးတဲ့ ကုမ္ဗဏီ သို့မဟုတ် အဖွဲ့အစည်းရဲ့ image ကိုပါ impact ဖြစ်စေတာမို့ ဒါတွေကိုထည့်သွင်းပြောဆိုဖို့ရှောင်ရပါမယ်။ အင်္ဂလိပ်လိုဆဲတာတို့၊ ဆဲတဲ့သဘော၊ စော်ကားတဲ့သဘောသက်ရောက်စေတဲ့အသုံးတွေဟာလည်း ကိုယ်တွေ အပြင်မှာ အချင်းချင်းပြောဆိုသုံးနှုန်းရင်တော့ ဘာမှမဖြစ်ပေမဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်နေတဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာတော့ အီးမေးလ်ပို့ရင်တောင် အဲ့လိုမသုံးနှုန်းသင့်ပါဘူး။ ဒီ အခြေခံ etiquettes တွေဟာလည်း professional English ရဲ့တစ်စိတ်တစ်ဒေသ components တွေဖြစ်ပါတယ်။

(၂) သဒ္ဒါကို မှန်မှန်ကန်ကန် သုံးစွဲရခြင်း

သဒ္ဒါမမှန်ကန်ခြင်းဟာ နေ့စဉ်သုံးအင်္ဂလိပ်စာမှာ ဘာမှမဖြစ်ပေမဲ့ လုပ်ငန်းခွင့်သုံးအင်္ဂလိပ်စာမှာတော့ များစွာထိခိုက်ပေမဲ့။ ကိုယ့်ကို အရိုအသေတန်စေပြီး ပရော်ဖက်ရှင်နယ်လ်မဆန်ဘူး၊ အင်္ဂလိပ်စာအဆင့်အတန်းမရှိဘူး၊ သူတို့အပေါ် respect မရှိဘူးလို့ တစ်ဖက်လူက ယူဆသွားနိုင်ပါတယ်။ ဒါကြောင့် professional English မှာ နေရာတိုင်း သဒ္ဒါကိုသေချာမှန်ကန်အောင် သူ့နေရာနဲ့သူသုံးစွဲဖို့ သိပ်အေရးကြီးပါတယ်။

(၃) စကားလုံးရွေးချယ်ခြင်း

စကားလုံးရွေးချယ်သုံးနှုန်းတဲ့အခါမှာလည်း စာလုံးခက်ခက်ကြီးတွေချည်းပဲ အမြဲတမ်းသုံးနေဖို့မလိုအပ်ပေမဲ့ ထိမိရှင်းလင်းစေတဲ့ စကားလုံးမျိုး၊ တစ်လုံးတည်းနဲ့အများကြီးတာသွားတဲ့ စကားလုံးမျိုး၊ လိုရင်းတိုရှင်းလေးနဲ့ စီးပိုင်တဲ့စကားလုံးမျိုး၊ phrase မျိုးတွေကို ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ စာအရှည်ကြီးရေးရတဲ့အခါဖြစ်ဖြစ်၊ အစည်းအဝေးခန်းမထဲမှာ အများကို မိမိအကြံဥာဏ်ထုတ်ဖော်ပြောဆိုသည့်အခါမှာဖြစ်ဖြစ် တိုတိုနဲ့လိုရင်းကို အချိန်နည်းနည်းအတွင်းမှာ ထိထိရောက်ရောက်သုံးနှုန်းနိုင်ဖို့အရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ အချိန်ဟာ ရွှေပါ။ အချိန်နဲ့အမျှ အလုပ်တွင်ကျယ်မှုရှိခြင်းဟာ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို နံပါတ်တစ် အရေးပါလှပါတယ်။ အချိန်ကုန်သက်သာအောင် successfully and effectively communicate လုပ်နိုင်လေ၊ လုပ်ငန်းပိုတွင်ကျယ်လေဖြစ်ပြီး လုပ်ငန်းပိုအောင်မြင်မြန်ဆန်လေဖြစ်ပါတယ်။

(၄) စာကြောင်းအရှည်ကြီးတွေကို ကျွမ်းကျင်ပိုင်နိုင်စွာစီကုံးနိုင်ခြင်း

စာရေးတဲ့အခါမှာဖြစ်စေ၊ စကားပြောတဲ့အခါမှာဖြစ်စေ တကယ့်တကယ်တမ်း practical ကျကျ အသုံးချရတော့မယ်ဆိုရင် လိုရင်းတိုရှင်းစကားလုံးကို ရွေးချယ်ရမှာဖြစ်ပေမဲ့လည်း စာကြောင်းတိုတိုတုတ်တုတ်တွေချည်းပဲ ရိုးရိုးရှင်းရှင်းကြီး simple tense, simple sentence structure လောက်နဲ့သုံးနှုန်းပြန်ရင်လည်း အဆင်မပြေပါဘူး။ မိမိကိုရော၊ မိမိလုပ်ငန်းကိုပါ အထင်သေးနိုင်ပါတယ်။ သူများဆီက impression ရဖို့ဟာ လုပ်ငန်းခွင်မှာတော့ အင်မတန်အရေးပါပါတယ်။ ကိုယ့်အပေါ် သူများက ဘယ်လောက် impressed ဖြစ်လဲ၊ ကိုယ်ဟာ ဘယ်လောက် professionally သြဇာပြည့်သလဲဆိုတဲ့အရာဟာ လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုအတွက် အချက်အချာပါ။

ပရို (pro) ဆန်တယ်ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ပရိုဆန်ခြင်းမဆန်ခြင်းဟာ ကိုယ် နေ့စဉ် communicate လုပ်နေတဲ့ အရာတွေထဲကနေပြီး သူများက ဖမ်းမိနိုင်ပါတယ်။ ခန့်မှန်းနိုင်ပါတယ်။ စာကြောင်းအရှည်ကြီးတွေ မရေးနိုင် မပြောနိုင်ရင်၊ သူများပြောဆိုရေးထားတာကိုလည်း သေသေချာချာ လိပ်ပတ်လည်အောင် နားမလည်နိုင်ရင် တစ်ဖက်လူက အထင်သေးပါတယ်။ အထင်သေးရင် ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်း၊ professionalism နဲ့ အရည်အသွေးတွေကို အနုတ်လက္ခဏာဖြစ်စေပါတယ်။ အဲ့လိုဖြစ်လာရင် လုပ်ငန်းကို တိုက်ရိုက်ထိခိုက်ပါတယ်။ ကိုယ်လည်းမရေးနိုင်၊ သူများရေးတာလည်း အလုံးစုံနားမလည်နိုင်ရင် effective communication မဖြစ်တော့ပါဘူး။ လုပ်ငန်းဟာလည်း efficient မဖြစ်နိုင်တော့ပါဘူး။

(၅) Communicate လုပ်တဲ့အခါ ယုံကြည်မှုရှိခြင်း

Professional English နဲ့ communicate လုပ်ပြီဆိုရင် ကိုယ့်ရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်၊ ပညာနဲ့ အတွေ့အကြုံအပေါ် မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိဖို့လိုပါတယ်။ စကားပြောတဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုရှိသူတွေဟာ တစ်ဖက်လူကို ပိုပြီး ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိပါတယ်။ သြဇာလွှမ်းနိုင်ပါတယ်။ ဒီအခါမှာ လုပ်ငန်းဟာ ပိုပြီး တွင်ကျယ်စွာ ပြီးမြောက်ပါတယ်။ စကားလုံးတစ်လုံးကို သုံးနှုန်းလိုက်တာလေးကအစ ယုံကြည်ချက်အပြည့်နဲ့သုံးတာနဲ့ ဟင်.. ဒါသုံးလိုက်တာ ဟုတ်မှဟုတ်ပါ့မလား၊ မှားသွားမလား၊ ဟိုလိုလေးပြောင်းသုံးလိုက်မိရင်ကောင်းသား စသဖြင့် တွေဝေဟာ၊ သံသယဝင်တာနဲ့ ယုံကြည်မှုနည်းပါးတာဟာ professional communication, professional relationship တွေအတွက် အနုတ်လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုပြည့်နေဖို့နဲ့ ဒီလိုပြည့်ဝအောင်လည်း မိမိကိုယ်ကို ဓားတစ်လက်လို ထက်အောင်သွေးနေ၊ ကြိုးစားနေဖို့လိုပါတယ်။

နောက်ထပ်အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ အထက်မှာဖော်ပြခဲ့တဲ့ ၅ချက်ကတော့ professional English ရဲ့ အခြေခံလေးတွေပါ။ နေ့စဉ်သုံးအင်္ဂလိပ်စာကနေ ကွာခြားသွားပုံလေးတွေဖြစ်ပါတယ်။ ဒါကြောင့် ယနေ့လို စိန်ခေါ်မှု၊ ယှဉ်ပြိုင်မှုတွေ ကြီးမားလှတဲ့ global ခေတ်ကြီးမှာ ကိုယ်က သူများထက် ခြေတစ်လှမ်းသာနေဖို့အတွက် professional English ကို ပရိုဆန်ဆန် တတ်မြောက်ထားဖို့လိုပါတယ်။ ယုံကြည်ချက်ရှိဖို့လိုပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် လေ့လာသင်ယူမှု၊ လုပ်ငန်းအတွေ့အကြုံ၊ trial and error တွေ များများလိုအပ်ပါတယ်။ Exposure များမှ potential တက်မှာဖြစ်ပါတယ်။ မှားဖူးမှ အမှန်ကိုသိမှာဖြစ်ပါတယ်။

ဒါကြောင့် လေ့လာသင်ယူတာလည်း သင်ယူတာတစ်ပိုင်း၊ လုပ်ငန်းအတွေ့အကြုံတွေလည်း များများလိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ professional English speaker ဆိုတာ နေ့ချင်းညချင်းမဖြစ်ပါဘူး။ ပြင်းထန်တဲ့ဆန္ဒ (strong desire)၊ ခိုင်မာတဲ့သန္နိဋ္ဌာန် (determindation)၊ တကယ်လိုချင်တဲ့စိတ် (willingness)၊ မပြတ်သင်ယူလေ့လာနေမှု (consistent learning) နဲ့ အတွေ့အကြုံ (experience/exposure) များများလိုအပ်ပါတယ်။ များများသင်ယူလေ့လာပါ။ များများပြောပါ။ များများရေးပါ။ အလုပ် variety စုံအောင်လုပ်ပါ။ တဖြည်းဖြည်းသွေးရင်းနဲ့ ဓားဟာ ထက်လာပါလိမ့်မယ်။ ။

Craton Highways

June 20, 2017

အမေရိကန်ရုံးပိတ်ရက်များနှင့် ခွင့်ရက်များ

f95c130fe1e21585de0e038bb666f792

အမေရိကမှာ တစ်နှစ်ကို ဖက်ဒရယ် ရုံးပိတ်ရက် federal public holidays က ၁ဝရက်ရှိပါတယ်။ အဲ့ဒါတွေကတော့

New Year’s Day (နှစ်သစ်ကူးနေ့)
Martin Luther King, Jr. Day (မာတင်လူသင်းကင်း ဂျူနီယာနေ့)
George Washington’s Birthday (ဂျော့ဂ်ျ ဝါရှင်တန် မွေးနေ့)
Memorial Day (အာဇာနည်အထိမ်းအမှတ်နေ့)
Independence Day (လွတ်လပ်ရေးနေ့)
Labor Day (အလုပ်သမားနေ့)
Columbus Day (ကိုလံဘတ်စ်နေ့)
Veterans Day (စစ်မှုထမ်းဟောင်းများနေ့)
Thanksgiving Day (ကျေးဇူးတော်နေ့)
Christmas Day (ခရစ္စမတ်စ်နေ့) တို့ဖြစ်ကြပါတယ်။

ဒါပေမဲ့ ပြည်နယ်၅ဝရှိတဲ့အတွက် ပြည်နယ်တစ်ခုနဲ့တစ်ခု ပိတ်ရက်၁ဝရက်စလုံးက မတူပါဘူး။ အဲ့ဒီအပြင် ပြည်နယ်အစိုးရကချမှတ်ထားတဲ့ပိတ်ရက်တွေ သပ်သပ်ရှိတတ်ပါသေးတယ်။ ဥပမာ Election Day (ရွေးကောက်ပွဲနေ့) လိုမျိုးဆိုရင် နယူးယောက်ပြည်နယ်၊ ရုတ်(ဒ်) အိုင်လန်ပြည်နယ် (Rhode Island) အပါအဝင် ပြည်နယ်၁ဝခုမှာပဲ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပါတယ်။ ကျန်တဲ့ပြည်နယ်၎ဝမှာ မသတ်မှတ်ပါဘူး။ အဲ့သလိုပဲ Columbus Day (ကိုလံဘတ်စ်နေ့) ကိုဆိုရင်လည်း ပြည်နယ်၂၃ခုကပဲ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပါတယ်။ Good Friday ဟာဆိုရင်လည်း federal holidays မဟုတ်ပေမဲ့လို့ ပြည်နယ်၁၂ခုမှာ ပိတ်ရက်အဖြစ်သတ်မှတ်ပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုနဲ့တစ်ခု ပြည်နယ်အစိုးရရဲ့အုပ်ချုပ်မှုအပေါ်မူတည်ပြီးတော့ ပိတ်ရက်တွေဟာ ကွဲပြားနိုင်ကြပါတယ်။ လိုတိုးပိုလျှော့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပျမ်းမျှရရှိခံစားကြရတဲ့ပိတ်ရက်ကတော့ ၁ဝရက်ခန့်ဖြစ်ပါတယ်။

နောက်ပြီး အလုပ်သမားတစ်ယောက်၊ ဝန်ထမ်းတစ်ယောက် ပိတ်ရက်မှာ အလုပ်ဆင်းရခြင်း မဆင်းရခြင်းဟာ သူအလုပ်လုပ်ရာ ကုမ္ဗဏီ သို့မဟုတ် အဖွဲ့အစည်းရဲ့ ပေါ်လစီနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ မဖြစ်မနေ ခွင့်ပေးရမယ့်ရက်တွေရှိတဲ့အတွက် လုပ်ငန်းခွင်တစ်ခုလုံးပိတ်ကိုပိတ်ပစ်ရမယ့်ရက်တွေ ရှိသလို လုပ်ငန်းခွင်ကြီးတစ်ခုလုံးက တစ်ရက်ကို၂၄နာရီ၊ တစ်ပတ်ကို ၇ရက် လည်ပတ်နေရတဲ့ စက်ရုံတွေ ကုမ္ဗဏီတွေ စူပါမားကတ်တွေလိုအလုပ်မျိုးတွေကျတော့ လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းပစ်လိုက်ဖို့ဆိုတာ အဆင်မပြေပါဘူး။ ဒါကြောင့် ဒီလိုကုမ္ဗဏီတွေအနေနဲ့ ဝန်ထမ်းတွေအပေါ် ပေါ်လစီတွေ သက်သက်ထပ်ဆွဲရပါတယ်။ သူ့ကုမ္ဗဏီပေါ်လစီအပေါ်မှာမူတည်ပြီးတော့ ပိတ်ရက်မှာ အလုပ်ဆင်းရခြင်း၊ မဆင်းရခြင်းက တိုက်ရိုက်သက်ဆိုင်ပါတယ်။

ဥပမာအားဖြင့် ပြည်နယ်တစ်ခုမှာ ပိတ်ရက် ၁ဝရက်ရှိတယ်ဆိုပါစို့။ ၅ရက်လောက်ကိုပဲနားချင်ပြီး ကျန်တဲ့၅ရက်မှာ အလုပ်ဆင်းချင်တယ်ဆိုရင် ဆင်းလို့ရတဲ့ကုမ္ဗဏီတွေရှိပါတယ်။ ဒါပေမဲ့ လုပ်အားခကိုတော့ နှစ်ဆဖြစ်စေ၊ သုံးဆဖြစ်စေ အလုပ်ရှင်ရဲ့ပေါ်လစီပေါ်မူတည်ပြီးတော့မှ ဝန်ထမ်းတွေဟာ ရရှိခံစားနိုင်ပါတယ်။ ပိတ်ရက်မှာအလုပ်ဆင်းရတဲ့အတွက် နှစ်ဆ သို့မဟုတ် သုံးဆပေးတာပါ။ အလုပ်မဆင်းချင်ဘူး နားချင်တယ်ဆိုရင်လည်းဖြစ်ပါတယ်။ ပုံမှန်လစာကတော့ ရနေမှာပါပဲ။ ဒါပေမဲ့ ကုမ္ဗဏီအနေနဲ့ ဝန်ထမ်းကတော့ရှိကိုရှိမှဖြစ်မှာမို့ အလုပ်မန်နေဂျာတွေက လုပ်ငန်းကြီးပုံမှန်လည်ပတ်နေနိုင်အောင် ဝန်ထမ်းတွေရဲ့အချိန်ကို သေချာစီမံရပါတယ်။ ပိတ်ရက်မှာနားချင်သူတွေကိုလည်း နားခွင့်ပေးပြီး မနားချင်ဘဲအလုပ်လုပ်ချင်သူတွေကိုလည်း မေးပြီးတော့ schedule တွေ ရေးဆွဲလေ့ရှိပါတယ်။

ကိုယ်နေထိုင်ရာ အော်ရီဂန်ပြည်နယ် (Oregon) က အစိုးရရုံးပိတ်ရက်နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ကိုယ်က မြို့တော်အစိုးရဝန်ထမ်း (City employee) ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရကသတ်မှတ်ထားတဲ့ public holidays တွေမှာ နားရက်ရပါတယ်။ စုစုပေါင်း တစ်နှစ်ကို ၁ဝရက်ရှိပါတယ်။ အဲ့ဒါတွေက ဖက်ဒရယ်ပိတ်ရက် (federal holidays) ၁ဝရက်နဲ့မတူပါဘူး။ ကိုယ်တွေရုံးပိတ်ရက်က အောက်ပါအတိုင်းဖြစ်ပါတယ်။

New Year’s Day (နှစ်သစ်ကူးနေ့)
Martin Luther King’s Birthday (မာတင်လူသားကင်းဂျူနီယာနေ့)
President’s Day (သမ္မတနေ့)
Memorial Day (အာဇာနည်အထိမ်းအမှတ်နေ့)
Independence Day (လွတ်လပ်ရေးနေ့)
Labor Day (အလုပ်သမားနေ့)
Veteran’s Day (စစ်မှုထမ်းဟောင်းများနေ့)
Thanksgiving Day (ကျေးဇူးတော်နေ့)
the day after Thanksgiving (ကျေးဇူးတော်နေ့ပြီးနောက်တစ်ရက်)
Christmas Day (ခရစ္စမတ်စ်နေ့) တို့ဖြစ်ပါတယ်။

ပိတ်ရက်တွေကိုခံစားရရှိမှုဟာ ကိုယ်လုပ်ကိုင်တဲ့အလုပ်ချိန်နာရီပေါ်မှာလည်း မူတည်ပါတယ်။ ဝန်ထမ်းတစ်ယောက်ဟာ အချိန်ပိုင်းပဲလုပ်သလား၊ အချိန်ပြည့်လုပ်သလား၊၊ အမြဲထမ်းဝန်ထမ်းဖြစ်သလား၊ ယာယီဝန်ထမ်းဖြစ်သလားဆိုတဲ့အရာတွေပေါ်မှာလည်း မူတည်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၃၆နာရီကနေ အများဆုံးနာရီ၎ဝအထိလုပ်ရင် အချိန်ပြည့်ဝန်ထမ်းအဖြစ် သတ်မှတ်ပါတယ်။ ၃၆နာရီအောက်လုပ်ရင် အချိန်ပိုင်းဝန်ထမ်းအဖြစ် သတ်မှတ်ပါတယ်။ ယာယီဝန်ထမ်းဆိုတာကတော့ temporary appointment ကိုဆိုလိုတာပါ။ သူ့ကိုကျ အမြဲတမ်းဝန်ထမ်းအဖြစ် တရားဝင်မခန့်အပ်ရသေးဘဲ ယာယီခန့်ထားတဲ့သဘောမျိုးပါ။ လစ်လပ်သွားတဲ့နေရာတစ်ခုအတွက် လူစားအသစ်မရသေးခင်မှာ ခဏအစားထိုးဝင်လုပ်ခိုင်းထားတာပဲဖြစ်စေ၊ မြို့တော်ကနေ တရားဝင်မခန့်အပ်ရသေးဘဲ လုပ်ငန်းလိုအပ်ချက်အရ ခေတ္တယာယီဝင်လုပ်နေတာမျိုးပဲဖြစ်စေ temporary appointment လို့ခေါ်ပါတယ်။ များသောအားဖြင့် ယာယီဝန်ထမ်းတွေဟာလည်း တစ်ပတ်ကိုအနည်းဆုံး၃၆နာရီအလုပ်လုပ်ရင် အမြဲတမ်းဝန်ထမ်းတွေလိုမျိုး အခွင့်အရေးအတူတူရပါတယ်။ ပိတ်ရက်အတူတူရပါတယ်။

ဝန်ထမ်းတွေကို Benefitted (ခံစားခွင့်ရသူ) နဲ့ Non-benefitted (ခံစာခွင့်မရသူ) ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Benefitted ဝန်ထမ်းတွေဆိုတာကတော့ အစိုးရဆီကနေ ခံစားခွင့်တွေရထားသူကိုဆိုလိုတာပါ။ ပိတ်ရက်၁ဝရက်စလုံးရတယ်၊ နေမကောင်းရင် လစာပြည့်ခွင့်ပေးတယ်၊ paid vacation လစာပြည့်နားရက် သက်သက်ထပ်ပေးတယ်၊ ကျန်းမာရေးအာမခံ၊ အသက်အာမခံ၊ ပင်စင်အာမခံ စတဲ့ အခွင့်အရေးတွေကိုခံစားနေတယ်ဆိုရင် သူ့ကို Benefitted ဝန်ထမ်းလို့ခေါ်ပါတယ်။

သူတို့ဟာ ဒီခံစားခွင့်တွေကိုအကုန်ရနေတာမို့ အစိုးရပိတ်ရက် ၁ဝရက်မှာ နားရက်အပြည့်ရပါတယ်။ Non-benefitted ဆိုရင်တော့ ဒီခံစားခွင့်တွေ အကုန်မရရှိပါဘူး။ များသောအားဖြင့် တစ်ပတ်နာရီ၂ဝခန့်လောက် အချိန်ပိုင်းဝင်လုပ်နေတဲ့လူတွေများပါတယ်။ သူတို့ကတော့ လုပ်ငန်းရဲ့လိုအပ်ချက်အရ လိုရင်လိုသလို အလုပ်ဆင်းပေးရပါတယ်။ ရုံးကြီးတစ်ခုလုံးပိတ်လို့အလုပ်မဆင်းရဘူးဆိုလည်း လစာမရပါဘူး။ ကိုယ်လုပ်ရင်လုပ်သလောက်နာရီနဲ့ပဲ လစာကိုတွက်ပေးတာဖြစ်ပါတယ်။Benefitted ဝန်ထမ်းတွေကတော့ ပိတ်ရက်၁ဝရက်စလုံးအတွက် လစာအပြည့်ရရှိပါတယ်။ အဲ့လိုကွာပါတယ်။

ကိုယ်က Benefitted ဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်း (permanent employee) ဆိုပေမဲ့ အချိန်ပြည့်ဝန်ထမ်းမဟုတ်ပြန်ပါဘူး။ တစ်ပတ်ကို နာရီ၃ဝပဲလုပ်တာမို့ သတ်မှတ်ထားတဲ့၃၆နာရီအောက်ကိုရောက်သွားတဲ့အတွက် အခွင့်အရေးတွေခံစားရပေမဲ့၊ အစိုးရပိတ်ရက်၁ဝရက်စလုံးမှာ နားရပေမဲ့ အချိန်ပြည့်အလုပ်လုပ်တဲ့ဝန်ထမ်းတွေနဲ့ မတူညီတာတွေ ရှိနေပြန်ပါတယ်။

အဲ့ဒါကတော့ ရုံးပိတ်ရက်၁ဝရက်ရှိတယ်ဆိုရင် ကိုယ်ဟာ တစ်ရက်ကို အလုပ်ချိန်၆နာရီပဲ အကျိုးခံစားခွင့်ရှိပါတယ်။ ယေဘုယျအလုပ်ချိန်ဟာ တစ်နေ့ကို ၈နာရီဖြစ်ပါတယ်။ အချိန်ပြည့်ဝန်ထမ်းတွေဟာ အစိုးရပိတ်ရက်တစ်ရက်မှာ အလုပ်ချိန်၈နာရီစလုံးအတွက် လစာအပြည့်ရပေမဲ့ ကိုယ်ကတော့ အချိန်ပိုင်းဝန်ထမ်းဖြစ်နေတဲ့အတွက် ပိတ်ရက်တစ်ရက်မှာ အလုပ်ချိန်၆နာရီစာပဲ လစာရပါတယ်။ ဒီတော့ အစိုးရရုံးတစ်ရက်ပိတ်တိုင်း ကိုယ်က ၂နာရီစာ အကြွေးတင်ပါတယ်။ အဲ့ဒီ၂နာရီကို တခြားရက်တွေမှာ ပြန်အစားထိုးပြီး လုပ်ပေးရပါတယ်။ သူများတွေ ပိတ်ရက်တစ်ရက်လုံး အပြည့်နားခွင့်ရချိန်မှာ ကိုယ်လည်းနားရတယ်ဆိုပေမဲ့ ၂နာရီအကြွေးတင်သွားတဲ့အတွက် တခြားရက်တွေမှာ ၂နာရီပိုလုပ်ပေးရဦးမယ်ဆိုတဲ့စိတ်ကြောင့် အေးဆေးမနားနိုင်ပါဘူး။ ဒါကြောင့်မို့ အချိန်ပြည့်ဝန်ထမ်းဖြစ်အောင် အသည်းအသန် အလုပ်ရှာနေတာဖြစ်ပါတယ်။ ခံစားခွင့်ရပုံရနည်းခြင်း မတူလို့ပါ။

ဒါက public holidays ကိစ္စကိုပဲပြောတာပါ။ အခု ခွင့်ယူတဲ့ကိစ္စတွေပြောပါမယ်။ တစ်ပတ်ကိုနာရီ၎ဝအချိန်ပြည့်အလုပ်လုပ်တဲ့ Benefitted ဝန်ထမ်းတွေဟာ နာရီ၃ဝအလုပ်လုပ်တိုင်းမှာ ၁နာရီ sick time ရရှိပါတယ်။ Sick time ဆိုတာ ကိုယ်ဖျားတယ်နာတယ်ဆိုရင် ခွင့်ယူဖို့အတွက် စုဆောင်းရတဲ့နာရီဖြစ်ပါတယ်။ တစ်လကိုလေးပတ်ရှိတဲ့အတွက် အလုပ်လုပ်ချိန်ဟာ နာရီ၁၆ဝ ဖြစ်ပါတယ်။ နာရီ၃ဝလုပ်ရင် တစ်နာရီ sick time ရတဲ့အတွက် နာရီ၁၆ဝ ဆိုတော့ တစ်လကို sick time ၅.၃၃ နာရီ ရရှိပါတယ်။ ဒီနာရီတွေဟာ အလုပ်လုပ်ရင်လုပ်သလောက် ဝန်ထမ်းတစ်ယောက်အတွက် လတိုင်း စုစုသွားတာပါ။ ကိုယ်ထုတ်မသုံးရင်မသုံးမချင် sick time တွေဟာ တိုးတိုးသွားပါတယ်။ ထုတ်သုံးလိုက်တယ်ဆိုရင်တော့ ဒီထဲကနေ ကိုယ်သုံးသလောက် ပြန်လျော့ပါတယ်။ တစ်လကို ၅.၃၃ နာရီရရှိတဲ့အတွက် တစ်လမှာ ကိုယ်က တစ်ရက်ဖျားမယ်ဆိုရင် မလောက်ပါဘူး။ တစ်ရက်မှာအလုပ်ချိန်၈နာရီရှိတဲ့အတွက် sick time က ၈နာရီမရှိရင် ခွင့်ယူလို့မရပါဘူး။

ဒါပေမဲ့ ဘယ်သူမှတော့ တစ်လတစ်ရက်ပုံမှန်ဖျားမယ်ဟေ့ရယ်လို့ မရှိတဲ့အတွက် ကိုယ်နေမကောင်းမဖြစ်တဲ့လတွေမှာ ဒီ ၅.၃၃နာရီကိုစုထားပြီး ၃လလောက်စုရင်ပဲ ၁၆နာရီဖြစ်သွားပါပြီ။ ၁၆နာရီဆိုတာ အလုပ်လုပ်ရက် ၂ရက်နဲ့ညီမျှပါတယ်။ တကယ်လို့ ကိုယ်ကအရေးပေါ်ဖျားတယ်နာတယ်ဆိုရင် ရုံးမဆင်းနိုင်တဲ့အခါ ဒီ sick time ထဲကနေ ယူသုံးရင် နာရီအလိုက် လစာပြန်ရပါတယ်။ ကိုယ်က ၃လမှာ ၂ရက်နေမကောင်းဘူး၊ အိမ်မှာနားချင်တယ်ဆိုရင် အလုပ်မဆင်းဘဲနေလို့ရပါတယ်။ ဒီစုထားတဲ့ sick time ထဲက နှစ်ရက်အလုပ်လုပ်ချိန် ၁၆နာရီကို ယူသုံးလိုက်မယ်ဆိုရင် ၁၆နာရီစာ လစာအပြည့်ရပါတယ်။ အရေးပေါ်ဆေးရုံတက်ရတာတွေဘာတွေရှိတယ်ဆိုရင် sick time များများစုထားမိပါမှ သုံးစရာက ရှိမှာပါ။ sick time ကုန်သွားရင် လစာမရပါဘူး။

ဒါကြောင့် အလကားနေအလကား နေမကောင်းဘူးအကြောင်းပြပြီး ခွင့်ချည်းပဲလှိမ့်ယူနေလို့မရပါဘူး။ အရေးပေါ်ဖြစ်တဲ့အခါ စုထားတဲ့ sick time ရှိမနေရင် ကိုယ်ပဲနစ်နာမှာပါ။ ကိုယ်ပဲလစာမရမှာပါ။ ဒီတော့ ဘယ်သူမှ လိမ်ပြီးခွင့်မယူကြတာများပါတယ်။ နေမကောင်းခွင့် (sick leave) က ဆရာဝန်ရဲ့ဆေးစာမလိုဘဲ တရားဝင် ၃ရက်အထိ ယူခွင့်ရှိပါတယ်။ ရုံးပျက်ခွင့်ရှိပါတယ်။ ကိုယ်က sick time တွေအများကြီးစုထားမိလို့ ၃ရက်အထက်ကျော်ပြီး sick leave ယူချင်တယ်ဆိုရင်တော့ ဆရာဝန်ရဲ့ဆေးစာလိုပါတယ်။ အထက်ကိုတင်ရပါတယ်။

တကယ်လို့ကိုယ့်မှာ sick time က စုထားတာတော့ရှိပါရဲ့။ ဒါပေမဲ့ ဆေးရုံတွေဘာတွေတက်ရတယ်၊ အရေးပေါ်ခွဲစိတ်ရတယ်၊ တကယ်နာရီတွေပိုလိုအပ်လာတယ်ဆိုရင် အဲ့သလိုအရေးပေါ်ဖြစ်လာခဲ့လို့ရှိရင် ဝန်ထမ်းတွေအတွက် နစ်နာမှုမရှိရအောင်၊ လစာရနေတာလေးမပြတ်သွားအောင် နောက်ထပ်ခွင့်တစ်မျိုးက backup အနေနဲ့ ရှိနေပြန်ပါတယ်။ အဲ့ဒါကတော့ personal time ဖြစ်ပါတယ်။ Personal time ဆိုတာ ကိုယ်ပိုင်အချိန်လို့ အဓိပ္ဗာယ်ပြန်ရင် ရနိုင်ပါတယ်။ Benefitted ဝန်ထမ်းတစ်ယောက်ဟာ တစ်နှစ်ကို personal time သုံးရက်တိတိ ခံစားခွင့်ရှိပါတယ်။ သုံးရက်ဆိုတော့ အလုပ်လုပ်ချိန်နဲ့တွက်ရင်၂၄ နာရီဖြစ်ပါတယ် (၈နာရီ x ၃ရက်)။ ဒီ personal time ၃ရက် (၂၄နာရီ) ကို လိုအပ်တဲ့အချိန်မှာ အရေးပေါ်ထုတ်သုံးနိုင်ပါတယ်။

အကယ်၍ sick time နဲ့လည်းမလောက်ဘူး၊ personal time နဲ့လည်း မလောက်ဘူး၊ ဒီဝန်ထမ်းဟာ တကယ်ကို နေမကောင်းဘူး၊ ခွင့်ရက်ရှည်ကြီးယူရတော့မယ်ဆိုရင် နောက်နည်းလမ်းတစ်ခုကတော့ တခြားဝန်ထမ်းတွေဆီက နာရီတွေကိုအလှူခံနိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒါကို catastrophic leave လို့ခေါ်ပါတယ်။ တကယ့်ကို အရေးပေါ်လိုအပ်မှသာလျှင် ထုတ်သုံးနိုင်တဲ့၊ ထူးခြားတဲ့ခွင့်ဖြစ်ပါတယ်။ မြို့တော်ဝန်ထမ်းအချင်းချင်း ကိုယ်မသုံးဖြစ်တဲ့ခွင့်တွေကို တကယ်လိုအပ်နေသူကို လှူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ အထက်လူကြီးရဲ့ ခွင့်ပြုချက် အရင်လိုပါတယ်။ ဒီအတွက် ဖြည့်ရတဲ့ဖောင်တွေလည်း ထားရှိပေးပါတယ်။

ဒီခွင့်တွေဟာ အကုန်မဟုတ်သေးပါဘူး။ နောက်ထပ် vacation leave ဆိုတာရှိပါသေးတယ်။ Vacation leave ကိုတော့ “အားလပ်ခွင့်”, “အနားယူခွင့်” လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ အစိုးရရုံးပိတ်ရက်နဲ့မဆိုင်ဘဲ၊ နေမကောင်းခွင့်တဲ့မဆိုင်ဘဲ၊ personal time နဲ့မဆိုင်ဘဲ သက်သက်ထပ်ရတဲ့ခွင့်ပါ။ ခရီးတွေဘာတွေသွားချင်ရင် ဒီ vacation leave ခွင့်နဲ့ သွားရပါတယ်။ လုပ်သက်အနုအရင့်ပေါ်မူတည်ပြီး အချိန်ပြည့် benefitted ဝန်ထမ်းတွေဟာ တစ်နှစ်ကို vacation leave အနည်းဆုံး နာရီ၈ဝ (၂ပတ်) ရရှိပါတယ်။

လုပ်သက်၆လကနေ ၅နှစ်အတွင်းက တစ်နှစ်ကို နာရီ၈ဝ(၂ပတ်) ရရှိမှာဖြစ်ပြီး၊ လုပ်သက် ၅နှစ်ကနေ ၁ဝနှစ်အတွင်းရှိသူတွေကတော့ တစ်နှစ်ကို နာရီ၁၂ဝ(၃ပတ်) ရရှိပါတယ်။ ၁ဝနှစ်ကနေ ၁၅နှစ်အတွင်းလုပ်သက်ရှိသူတွေက နာရီ၁၄ဝ(၃ပတ်ခွဲ) ရရှိပါတယ်။ အဲ့သလိုနဲ့ လုပ်သက်ရင့်လေ၊ vacation leave နာရီတွေ တိုးတိုးသွားလေပါ။ လုပ်သက်၂၅နှစ်ရှိပြီဖြစ်တဲ့ စီနီယာဝန်ထမ်းကြီးတစ်ယောက်ဟာ တစ်နှစ်ကို နာရီ၂ဝဝ (၅ပတ်) အထိ vacation leave ယူနိုင်ပါတယ်။ Vacation leave ယူနေတဲ့အချိန်မှာ ဒီဝန်ထမ်းကို သူလုပ်နေကျလစာအတိုင်း အပြည့်အဝပေးထားရပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားဥပဒေဖြစ်ပါတယ်။ လစာမပေးရင် အလုပ်ရှင်ကိုတရားစွဲလို့ရနိုင်ပြီး တရားနိုင်ပါတယ်။ လျော်ကြေးအများကြီးရနိုင်ပါတယ်။ Vacation leave ဟာ နာရီ၈ဝလုပ်တိုင်း ၃.၀၈ နာရီ စုပါတယ်။ အသေးစိတ်ကိုတော့ ဆက်မတွက်ပြတော့ပါဘူး။

ဒါ ခွင့်ရတာအကုန်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ နောက်ထပ် တရားဝင် ခံစားရရှိတဲ့ခွင့်တွေရှိပါသေးတယ်။ အဲ့ဒါကတော့ sick dependent care ဖြစ်ပါတယ်။ ကိုယ့်မှာ အသက်၁၈နှစ်အောက် သားသမီးရှိရင် ဒီသားသမီးကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့အတွက် ခွင့်ယူလို့ရနိုင်ပါသေးတယ်။ ဒီခွင့်ကိုလည်း လစာပြည့်ခံစားနိုင်ပါတယ်။ ဒီခွင့်ကိုတော့ ဘယ်လိုတွက်တယ်ဆိုတာ ကိုယ်လည်းမသိပါဘူး။ ကိုယ်အစိုးရဝန်ထမ်းလုပ်ခဲ့တာ ကောလိပ်တက်ကတည်းကဆိုတော့ အဲ့ဒီကတည်းကနေ အခုထိဆိုရင် တစ်နှစ်ခွဲတော့ရှိပါပြီ။ ဒီတစ်နှစ်ခွဲအတွင်း ကိုယ့်ဆီမှာ sick dependent care ခွင့်ဟာ နာရီ၎ဝ(တစ်ပတ်)စာ စုမိနေပါတယ်။ ကိုယ့်မှာသားသမီးမရှိတဲ့အတွက် ဒီခွင့်ဟာအကျုံးမဝင်ပေမဲ့ သားသမီးရှိတဲ့ဝန်ထမ်းတွေအတွက် တစ်ပတ်ဆိုတဲ့ခွင့်ဟာ နည်းနည်းနောနောမဟုတ်ပါဘူး။ အတော်လေးအဆင်ပြေပါတယ်။ အထူးသဖြင့် ကလေးမွေးပြီးစမိခင်တွေမှာ သားသမီးကိုစောင့်ရှောက်ဖို့အတွက် ဒီခွင့်ကိုအသုံးချပြီး ခွင့်ရက်ရှည် ပိုယူနိုင်ပါတယ်။ သားသမီးဆိုတဲ့နေရာမှာ ကိုယ်မွေးထားတဲ့ သားသမီးအရင်းဖြစ်စရာမလိုပါဘူး။ စာရွက်စာတမ်းနဲ့တရားဝင် မွေးစားထားတဲ့ မွေးစားသားသမီးတွေဆိုရင်လည်း ဒီခွင့်ဟာ အကျုံးဝင်ပါတယ်။

ကလေးမွေးမယ့်မိခင်တွေအတွက် maternity leave ဆိုတာ သက်သက်ရှိပါသေးတယ်။ ကလေးမမွေးခင် ၆လ သို့မဟုတ် ၃လလောက်ကတည်းက due date ကိုကြိုတွက်ပြီး ခွင့်ကြိုတင်ရပါတယ်။ ဒါမှ ဒီမိခင် ကလေးမွေးနေတုန်း လစ်ဟာသွားတဲ့သူ့နေရာအတွက် အလုပ်ရှင်တွေအနေနဲ့လည်း လူစားထိုးဖို့ ရှာရဖွေရတာ အချိန်လောက်ငှမှာဖြစ်ပါတယ်။ အခု ကိုယ့်ရုံးမှာ စီနီယာအစ်မတစ်ယောက် ဧပြီလထဲမှာ ကလေးမွေးဖို့ရှိပါတယ်။ သူ ကလေးမွေးပြီးရင် maternity leave ကို သူ ၂လခွဲ လစာပြည့်ရရှိပါမယ်။ ဒီ maternity leave ၂လခွဲအပြင် သူ့မှာစုထားခဲ့သမျှ sick time တွေ၊ personal time တွေ၊ sick dependent care တွေကိုပါ သူဟာ ရှိသမျှအကုန်ထုတ်သုံးပြီး ခွင့်ရက်ရှည်ယူမှာမို့ ၄လလောက်အထိ လစာပြည့် ခွင့်ရတော့မှာဖြစ်ပါတယ်။ ကလေးမွေးမယ့်မိခင်တွေအတွက် သိပ်ကိုအဆင်ပြေစေတဲ့စနစ်တစ်ခုပါပဲ။ သူနားနေတဲ့၎လအတွင်းမှာ ကိုယ်က သူ့နေရာမှာ ခဏအစားထိုးပြီး အလုပ်လုပ်ပေးရပါမယ်။ လက်ရှိ တစ်ပတ်နာရီ၃ဝကနေ နာရီ၎ဝလုပ်ရပါမယ်။ သူပြန်လာတဲ့အထိပေါ့။

နောက်ထပ် funeral leave ဆိုတာ ထပ်ရှိသေးပြန်ပါတယ်။ ဒါကတော့ ကိုယ့်မိသားစုအရင်းအချာထဲကဖြစ်စေ၊ ဆွေမျိုးသားချင်းထဲကဖြစ်စေ၊ ကိုယ့်အိမ်ထောင်ဖက်ဖြစ်စေ တစ်ဦးဦးဆုံးပါးသွားခဲ့ရင် အသုဘအတွက် ခွင့်ပေးတာဖြစ်ပါတယ်။ ဒီခွင့်အတွက်တော့ လစာမပေးပါဘူး။ ဒါပေမဲ့ ခုနပြောခဲ့တဲ့ခွင့်တွေထဲက နာရီစုထားတာတွေရှိနေဦးမယ်ဆိုရင်တော့ ၃ရက်အထိထုတ်သုံးပြီး ခွင့်ယူနိုင်ပါတယ်။ ဒီဆုံးပါးသူတွေအထဲမှာ Domestic partner လို့ပါ ထည့်သွင်းပါဝင်ထားတဲ့အတွက် ကိုယ့်ရဲ့တရားဝင်အိမ်ထောင်ဖက် ဖြစ်စရာမလိုပါဘူး။ လက်ထပ်ထားစရာမလိုပါဘူး။ ကိုယ်နဲ့အတူနေထိုင်တဲ့ ချစ်သူ/ရည်းစားလည်း အကျုံးဝင်ပါတယ်။ အဲ့လိုလူတစ်ဦးဦး ဆုံးပါးသွားခဲ့တယ်ဆိုရင် ၃ရက်တိတိ ခွင့်ယူလို့ရပါတယ်။ တကယ်လို့ immediate family (အနီးစပ်ဆုံးမိသားစုအရင်းအချာ) ထဲက တစ်ဦးဦးဆုံးပါသွားတယ်ဆိုရင်တော့ ၅ရက်အထိ အထက် Division Head လူကြီးဆီကနေခွင့်ပြုချက်နဲ့ တိုးမြှင့်ခွင့်ယူနိုင်ပါတယ်။ လစာတော့ မရပါဘူး။ ဒါပေမဲ့ ခွင့်ရပါတယ်။ အလုပ်ဆင်းစရာမလိုပါဘူး။

တခြားတခြားသော jury leave တွေ၊ military leave တွေနဲ့ authorized union representative leave တွေဆိုတာလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ခွင့်တွေမဟုတ်တဲ့အတွက် ထည့်သွင်းပြီးမပြောတော့ပါဘူး။ ဒီလောက်ဆိုရင် အမေရိကရဲ့ အစိုးရပိတ်ရက်တွေ၊ ခွင့်ဥပဒေအချို့နဲ့ အကျိုးခံစားခွင့်အချို့ကို ဗဟုသုတအဖြစ် မှတ်သားသိရှိနိုင်လောက်ပြီလို့ယူဆပါတယ်။

Craton
March 10, 2017