မီးတောင်ခရီးစဉ် ဒုတိယနေ့

DSC01205

ပထမညက အိပ်ရာအကူးအပြောင်းကြောင့်ရော၊ ရွက်ဖျင်တဲထဲမှာဆိုပေမယ့် တောထဲက ဟင်းလင်းပြင်ကြီးမှာအိပ်သလိုကြီး ခံစားနေရတာကြောင့်ရော သန်းခေါင်လောက်ထိ တော်တော်နဲ့အသားမကျဘဲ အိပ်မပျော်ခဲ့ဘူး။ မနက်၅နာရီခွဲလောက်မှာ ခေါင်းရင်း၊ ခြေရင်းနဲ့ အပေါ်ဘက်တွေကပါ စူးစူးဝါးဝါးထိုးအော်သံတွေကြားလို့ မဖွင့်ချင်တဲ့မျက်လုံးကိုအတင်းဖွင့်လိုက်ရတယ်။ ဘယ်ဟုတ်မလဲ ဟိုခြုံထဲကအော်လိုက် ဒီခြုံထဲကအော်လိုက် ဟိုအပင်ပေါ်ကထိုးအော်လိုက် ဒီအပင်ပေါ်ကထိုးအော်လိုက်နဲ့ စတယ်လာ(စ်)ဂျေး (Steller’s Jay) လို့ခေါ်တဲ့  အပြာရောင်ငှက်ကလေးတွေဖြစ်နေတယ်။ အကောင်လေးတွေသေးသလောက် အသံကတော့ ကြောက်စရာကောင်းလောက်အောင် ကျယ်ပြီးစူးတယ်။ ဖြစ်ချင်တော့ ကိုယ်တွေစခန်းချတဲ့ ဒီ Yale Park ဟာ သူတို့အဓိကကျက်စားရာ ဘေးမဲ့ဥယျာဉ်ကြီးဖြစ်လို့နေတယ်။ နည်းတဲ့ငှက်တွေမဟုတ်ဘူး။ ဟိုကတစ်ကောင် ဒီကတစ်ကောင်နဲ့ တပြိုင်တည်း အားလုံးဝိုင်းအော်ကြတော့ ဘယ်မှာလာ ကိုယ်တွေနားခံနိုင်တော့မလဲ။ မနက်၅ခွဲ၆နာရီလောက်ပဲရှိသေးတယ်။ အိပ်ရေးကမဝသေးဘူး။ ဒီကြားထဲ chipmunk လေးတွေကလည်း အော်သဗျ။ ဒီတောထဲမှာ သူတို့ကိုလည်း နေရာအတော်များများမှာ အနှံ့အပြားတွေ့ရတယ်။ စိတ်ထဲကနေ ဒေါသတွေထွက် ကျိန်ဆဲပြီး ခေါင်းအုံးနဲ့နားရွက်ကိုပိတ်ပြီး ကြိုးစားပြန်အိပ်တာ မပျော့်တပျော်နဲ့ ပြန်အိပ်ပျော်သွားတယ်။

မနက်၉ နာရီထိုး ကိုယ်အိပ်ရာနိုးတော့ ချစ်ချစ်က နိုးနှင့်နေပြီ။ တဲအပြင်မှာ ဂတ်စ်မီးဖိုနဲ့ ကော်ဖီတွေဘာတွေတောင် ဖျော်သောက်နေပြီ။ “ဂွဒ်မောနင်း” တဲ့။ သူက မနက်စာစားလေ့မရှိသူမို့ ကိုယ်ပဲ မျက်နှာသစ်သွားတိုက်ပြီး ခေါက်ဆွဲပြုတ်လေးအမြန်ပြုတ်သောက်၊ သူဖော်ျထားတဲ့ကော်ဖီသောက်ပြီး ကွပ်ကီးတစ်ချပ်စားလိုက်တယ်။ ရေမိုးချိုးပြီး ကိုယ်ပထမဦးဆုံး အရမ်းသွားချင်နေတဲ့ လူဝံဂူ (Ape Cave) ဆီကို ကားနဲ့ထွက်လာခဲ့ကြတယ်။ ကိုယ်သွားချင်တဲ့နေရာတွေကိုချည်းပဲ ဦးစားပေးပြီးလိုက်ပို့တဲ့သူ့ကို ကျေးဇူးတင်ရတယ်။

လူဝံဂူရောက်တော့ ကားတွေအများကြီးပဲတွေ့ရတယ်။ ကြာသပတေးနေ့ကြီးတောင် လာသူတွေများလိုက်တာ။ နွေရာသီမို့ လူတွေကလည်း ဒီလိုအချိန်ကိုပဲ ခရီးရွေးထွက်ကြတာ။ စနေ တနင်္ဂနွေသာဆို မချောင်ဘူး။ ကားပါကင်ထိုးဖို့တောင် နေရာလုနေရမယ်။ ကိုယ်တွေစောစောလာမိလို့ တော်သေးတာ။ ဂူထဲဝင်ဖို့ ကျောပိုးအိတ်ထဲ အနွေးထည်၊ ရေဗူး၊ မုန့်မျိုးစုံ၊ ဓာတ်မီးဘာညာ အကျအနထည့်လွယ်ပြီး အပေါက်ဝရောက်တော့မှ ဆိုင်းဘုတ်ထောင်ထားတာတွေ့ရတယ်။ အစားအသောက်မယူရပါတဲ့။ ရေတော့ယူလို့ရပါတယ်တဲ့။ အဲ့ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ ကျောပိုးအိတ်ကြီးကားထဲပစ်ထည့်ခဲ့ပြီး ကင်မရာတစ်လုံးပဲ ဆွဲလာခဲ့တယ်။ အပြင်မှာ ရာသီဥတုက တော်တော်ပူနေတော့ ကိုယ်ဝတ်လာတာက စွပ်ကျယ်ချိုင်းပြတ်နဲ့ နိုင်လွန်ဘောင်းဘီအတို။ ဖုန်းလိုင်းလည်းမမိတာမို့ ဖုန်းလည်းမယူခဲ့ဘူး။ ဂူပေါက်ဝလှေခါးကန အောက်ထဲဆင်းပြီး လှိုဏ်ဂူကြီးထဲလည်းစဝင်ရော အောင်မလေး အေးလိုက်တာ စိမ့်နေတာပဲ။ မှောင်နက်မည်းမည်း ဘာအလင်းမှကိုမရှိတာ။

ကိုယ်က မြန်မာပြည်က ဘုရားဂူတွေလို အထဲမှာ လျှပ်စစ်မီးဘာညာတော့ထွန်းထားမယ်ထင်တာပေါ့။ ခပ်သေးသေးပဲထင်တာပေါ့။ ဘယ်ဟုတ်မှာလဲ။ ဂူကြီးက မြေအောက်ထဲကို တဖြည်းဖြည်းဆင်းသွားပြီး တစစပိုအေးလာတာ။ ဘေးဘီဝဲယာပေါ်အောက် အကြီးကြီးမှ အကြီးကြီးပဲ။ ရှည်လည်းအရှည်ကြီးပဲ။ ကျောက်စက်ရေတွေကလည်းကျတယ်။ အောက်မှာကလဲ ကျောက်ပေါ်မှာ သဲအစိုတွေ။ အောက်ထဲနိမ့်လာလေ ပိုချမ်းလေ။ လှေခါးတွေနဲ့လည်း ဆင်းရတယ်။ ငါတော့ ဘာမှမပြင်ဆင်ဘဲလာမိတာ မှားပါပြီပေါ့။ အပြင်ပြန်ပြေးထွက်ချင်စိတ်တွေဖြစ်တယ်။ ဆင်းမိနေမှတော့ အထဲပဲရောက်အောင်သွားမယ်၊ သိပ်မကြာလောက်ပါဘူးဆိုပြီး ဆက်သွားရင်းဆက်သွားရင်းက ဂူထဲမှာ တစ်နာရီလောက်ကြာသွားတယ်။ သူ့ဖုန်းက ကင်မရာမီးအလင်းရောင်လေးနဲ့ နှစ်ယောက်သား စမ်းစမ်းစမ်းစမ်း သွားကြရတယ်။ ခလုတ်လည်း ခဏခဏတိုက်တယ်။ ဖြတ်သွားဖြတ်လာလူတွေမှာဖြင့် ဂျာကင်တွေ ဘောင်းဘီရှည်တွေ ခေါင်းတပ်ဓာတ်မီးတွေ အားပြင်းတဲ့မီးအိမ်ကြီးတွေ ပစ္စည်းကိရိယာအပြည့်အစုံနဲ့ ကိုယ့်မှာတော့ ချိုင်းပြတ်နဲ့ဘောင်းဘီတိုနဲ့ ဘာမီးမှလည်းမပါ။ သူ့လက်ကိုသာ မြဲမြဲဆွဲပြီး မျက်ကန်းလမ်းလျှောက်သလိုပဲ။ သူများတွေက ကိုယ့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့။ မိန်းမကြီးတစ်ယောက်ဆို “ဟယ် ချိုင်းပြတ်နဲ့တော့၊ လက်ရှည်ဝတ်လေ” ဆိုပြီး လှမ်းတောင်ပြောတယ်။

ဂူရဲ့အဆုံးသတ်မှာ အနံနဲ့အမြင့်က တဖြည်းဖြည်းကျဉ်းသွားပြီး အချွန်တစ်ခုနဲ့ ပိတ်သွားတယ်။ အဲ့ဒီ အချွန်ထိပ်နားထိသွားချင်ရင် စစ်သားများ မြေမှာမှောက်လျက်လှဲ တရွတ်တိုက်ပြီး တံတောင်နှစ်ဖက်နဲ့ အားယူပြီးသွားကြရသလို ကိုယ်တွေလည်းသွားရတယ်။ ရောက်မှတော့မထူးဘူးလေ။ အဆုံးထိပဲသွားမှာပေါ့။ လက်တွေလည်းပေ အင်္ကျီတွေလည်းပေပဲ။ အဲ့ဒီအချွန်းလေးနားရောက်တော့ လူတစ်ထိုင်စာ အမိုးလေးရှိလို့ မှောက်လျက်ကနေ ခဏထိုင်လို့ရတယ်။ ကျဉ်းကျဉ်းကြုတ်ကြုတ်ပါပဲ။ ရေအိုင်လိုလေးဖြစ်နေတယ်။ အပေါ်က ကျောက်စက်ရေတွေကျနေတယ်။ ဘာမှမမြင်ရဘူး။ စမ်းတဝမ်းဝမ်းနဲ့ ကင်မရာကို ဖလက်ရှ်ထည့်ပြီး ရိုက်ထည့်လိုက်တယ်။ ဓာတ်ပုံထွက်လာမှ ကံကောင်းစွာနဲ့ ပုံကောင်းလေးရနေမှန်း သိရတယ်။ အပြန်ကိုလည်း အဲ့ဂူလမ်းကပဲပြန်လျှောက်ရတယ်။ ခလုတ်များ အခါငါးဆယ်လောက်တိုက်အပြီးမှာတော့ ဂူအပြင်ကိုပြန်ရောက်ခဲ့တယ်။ အသားကို နေရောင်ခြည်နဲ့ပြန်ထိလိုက်ရတဲ့အရသာဟာ ရေခဲတုံးကို ရေနွေးခွက်ထဲထည့်ချလိုက်သလို နွေးပူပြီးတော့ သွေးထဲကပါ နေလို့ကောင်းသွားတယ်။

ဗိုက်တွေလည်းဆာလှပြီမို့ ခူးဂါ (Cougar) ရွာလေးဆီကို နာရီဝက်လောက် ကားပြန်မောင်းခဲ့ပြီး တစ်ဆိုင်တည်းသော Cougar bar & grill ဆိုင်လေးမှာ နေ့လည်စာမှာစားကြတယ်။ ရွာထဲမှာ မိုတယ်တစ်လုံး၊ ကုန်မာစတိုးဆိုင် (convenient store) လေး နှစ်ခုသုံးခုလောက်နဲ့ စားသောက်ဆိုင်နှစ်ဆိုင်ပဲရှိတယ်။ မောင့်စိန့်ဟယ်လန်စ်ဘက်သွားတဲ့ ကားလမ်းနံဘေးက တကယ့်ရွာသေးသေးလေး။ ကြက်ကြော်ပူပူလေးမှာစားတယ်။ တောင်ပံနဲ့ခြေထောက် ကြွပ်နေအောင်ကြော်ထားတဲ့ ၉တုံး၁၀တုံးလောက်ကိုမှ ၁၀ဒေါ်လာပဲပေးရတယ်။ အရမ်းတန်တယ်။ ငွေတစ်ဆယ်နဲ့ အတော်တင်းတိမ်တဲ့နေ့လည်စာလေး။ ရေခဲရေကတော့ အလကားတိုက်တယ်။ သူကတော့ အမေရိကန်တို့ထုံးစံ ဘာဂါ၊ အာလူးချောင်းကြော် (French fries) နဲ့ ပေါင်မုန့်မီးကင် (toast) စားတယ်။

ပြီးတော့ Windy Ridge လို့ခေါ်တဲ့ တောရဲ့မြောက်ဘက်စွန်းနည်းနည်းကျတဲ့နေရာကို သူကသွားချင်တယ်တဲ့။ ကားကတော့ ခုရွာလေးကနေ တစ်နာရီခွဲသာသာလောက်မောင်းရတယ်။ လမ်းခဏခဏမှားတယ်။ ကားလမ်းတွေဖြူးနေပေမဲ့ အညွှန်းဆိုင်းဘုတ်တွေက လမ်းနှစ်ဖက်စလုံးမှာ မထားပေးဘူး။ တခါတလေ မျက်နှာချင်းဆိုင်ကားလမ်းက ကားတွေပဲ မြင်ရတယ်။ ကိုယ်တွေလမ်းဘက်က လမ်းညွှန်ဆိုင်းဘုတ်ကိုမမြင်ရတော့ သွားချင်တဲ့နေရာကို ကျော်သွားရော။ ကွေ့ရမယ့်နေရာကို မတွေ့တော့ ဆက်မောင်းသွားတာပေါ့။ ပြီးတော့မှ အကြာကြီးပဲ အနောက်ကိုပြန်လှည့်မောင်းရတဲ့အခေါက်တွေရှိတယ်။ ဒီလောက် National Forest ကြီးဖြစ်နေပြီး လမ်းညွှန်ဆိုင်းဘုတ်စနစ် ကောင်းကောင်းလေးတော့ ရှိသင့်တယ်လို့မြင်တာပဲ။ သာမန် စည်းကမ်းဥပဒေဆိုင်းဘုတ်တွေ၊ ယာဉ်စည်းကမ်းဆိုင်းဘုတ်တွေနဲ့ သစ်တောကြိုးဝိုင်းနဲ့ပတ်သက်တဲ့ မြေပုံဆိုင်းဘုတ်တွေကတော့ စုံစုံလင်လင်လေးရှိပါတယ်။ ဒါပေမဲ့ လမ်းအခွဲတိုင်းမှာ တစ်လမ်းဆီကိုညွှန်တဲ့ ဆိုင်းဘုတ်ထားပေးသင့်တယ်။ ဘယ်လမ်းခွဲက ဘယ်ကိုဦးတည်ပါတယ်၊ ဘယ်နှစ်မိုင်ရှိပါတယ်။ ဒါမျိုးလေး အသေးစိတ်ဖြစ်ရမှာ။ ခုတော့ ကိုယ်တွေ ၁နာရီခွဲသွားရမယ့်ခရီးက လမ်းမှားပြီး တောထဲမှာ ခေါက်တုံ့ခေါက်ပြန် မျက်စိလည်နေတာနဲ့တင် ၂နာရီ၊ ၂နာရီခွဲလောက် အချိန်ကုန်သွားတယ်။

Windy Ridge က မောင့်စိန့်ဟယ်လန်စ်ရဲ့ နံဘေးယှဉ်လျက်က အမြင့်ချင်းဆင်တူတဲ့တောင်။ မောင့်စိန့်ဟယ်လန်စ်ကို မီးတောင်တော့မဟုတ်ဘူး။ ရိုးရိုးတောင်ပဲ။ မီးတောင်နဲ့တန်းညှိလို့ရတဲ့အမြင့်ရှိတာမို့ရော ကပ်လျက်မှာတည်ရှိတာရောကြောင့် Windy Ridge တောင်ထိပ်ပေါ်ရောက်သွားတဲ့အခါ ဟိုဘက်က မီးတောင်ကြီးကို အတိုင်းသား ထင်းထင်းကြီးမြင်နေရတယ်။ မီးတောင်ကြီးက ပေါက်ကွဲနှုန်းပြင်းထန်လွန်းလို့ နှစ်ခြမ်းကွဲနေပြီး အလယ်မှာ မီးတောင်ဝချိုင့်ကျယ်ကြီး (crater) ဖြစ်နေတယ်။ မီးခိုးငွေ့တွေကတော့ တရိပ်ရိပ်ထွက်နေတုန်းပဲ။ အဲ့ဒီ မီးတောင်တွင်းဝအထိတက်ရင်ပေါ့ ပါမစ်လိုတယ်ဆိုတာ။ ကိုယ်တွေဝယ်တာနောက်ကျလို့ မရလိုက်တဲ့ပါမစ်။ နောက်တစ်ခေါက်ပေါ့လေ။

Windy Ridge တောင်ထိပ်ဆုံးပေါ်ကိုရောက်ဖို့ ကားရပ်ထားတဲ့နေရာကနေ သစ်သားကျောက်စရစ်လှေခါးထစ် တစ်ရာနီးပါးလောက်ကို ဆက်တက်ရသေးတယ်။ ဘေးမှာ ဘာအကာအကွယ်မှ မရှိဘူး။ ကိုင်စရာလည်းမရှိဘူး။ ကိုယ့်ဟာကိုယ် သတိထားပြီးတက်ပဲ။ ကလေးလေးတွေ သူတို့မိဘတွေနဲ့အတူတက်နေကြတာတောင် တွေ့ရတယ်။ တက်နေရင်း အောက်ကိုတော့ ငုံ့မကြည့်နဲ့ပေါ့လေ။ ကိုယ်ကတော့ အမြင့်နည်းနည်းကြောက်တတ်တော့ တောင်ထိပ်ရောက်မှပဲ အောက်နဲ့ဘေးဘီတွေကို သေချာကြည့်တော့တယ်။ အားပါးပါး.. လှရက်လိုက်တဲ့ ရေခဲမီးတောင်တွေ.. မိုးကုတ်စက်ဝိုင်းတဆုံး ဖြစ်ထွန်းနေတဲ့ တောင်တန်းတွေ စိမ်းညှို့မိုင်းတောအုပ်တွေ ပြာလဲ့နေတဲ့ ရေကန်တွေ..။ အပြာရောင် ကောင်းကင်နောက်ခံမှာ တိမ်တွေကလည်းလှနေတယ်။ ရေပြာအိုင်ကလည်း သူနဲ့အတူ ပနံရနေတယ်။ တိမ်ရိပ်တွေက တောအုပ်တွေအပေါ်မှာ ကတ္တီပါရောင်စုံချခင်းထားသလို ထင်ဟပ်နေတယ်။ ဝေ့ဝိုက်မို့မောက် အပင့်အရင့် အကွေ့အကောက်နဲ့ သိပ်ကဗျာဆန်တယ်။ ဘယ်ပန်းချီရေးလို့မှ မှီမယ်မထင်ဘူး။ လေဆိုတာလည်း သန့်လိုက်တာ..။ လှေခါးထစ်တစ်ရာတက်လို့ မောလာတဲ့ကိုယ့်မှာ တခါတည်း အမောပြေပြီး ချက်ချင်း အရှင်လတ်လတ် နတ်ပြည်ရောက်သွားသလိုပဲ။ ဟိုးအဝေးက တိမ်တွေက ကိုယ်နဲ့ခါးချင်းယှဉ်သာလောက်မှာ။ တောအလယ်မှာ ထီးထီးကြီးထိုးထွက်ပြီး မတ်တပ်ရပ်နေတဲ့၊ ဒီတောင်ထက် အဆပေါင်းများစွာကြီးကျယ်တဲ့ မီးတောင်ကြီးက မျက်စိရှေ့တည့်တည့်မှာ။ ရေပြာအိုင် (Spirit Lake) နဲ့ တောင်တန်းတွေက ကိုယ့်အနောက်မှာ။ တကယ်ပါ။ အဲ့ဒီတောင်ပေါ်မှာသာ အိမ်ဆောက်ပြီးနေလို့ရရင် တစ်နွေလုံး နေပစ်လိုက်ခင်ရဲ့။

ရေတွေကလည်းပြာလိုက်တာ.. ဘာလို့များ အဲ့သလောက်တောင် ပြာနေရပါလိမ့်..။ အဲ့ကန်ကြီးထဲ ဆင်းကိုဆင်းရမှဖြစ်မယ်။ ရောဂါက ထလာပြီ။ အဲ့ကန်ကြီးဆီ သွားချင်တယ်။ အဲ့ကန်ကြီးဆီထိ လမ်းလျှောက်ချင်တယ်။ မီးလောင်သေဆုံးပြီး ပြာအဖြူရောင်ထွက်နေတဲ့ ရေပေါ်စာထိုးထားသလိုချောမွတ်တဲ့ လုံးပတ်ကြီးမားတဲ့ ပင်စည်အအိုအဟောင်းကြီးတွေက ရေပြာအိုင်ထဲမှာ တန်ပေါင်းထောင်ချီမျောပါလို့နေတယ်။ မီးတောင်ပေါက်ကွဲတုန်းက သစ်တောတစ်တောနီးပါးကို ချော်ရည်တွေက ဝါးမျိုပစ်ခဲ့တာလေ။ အဲ့ဒီရဲ့ အကျိုးဆက်တွေအဖြစ် နှစ်ရာကျော်သစ်ပင်ကြီးတွေ အကုန် အမြစ်ကကျွတ်ပြီး မိုင်ပေါင်းများစွာအထိ ဖွာကြဲလွင့်စင်၊ အဖုအထစ်နဲ့ ပြည့်အက်နေတဲ့ မူရင်း အပေါ်ယံ သစ်သားသစ်ကပ်လွှာတွေကျွတ်ပြီး မီးတိုင်မှာ ပါးပွတ်ပွတ်ခံရသလို တစ်ပင်စည်လုံး ချောမွတ်ဖြူရော်သွားတဲ့အထိကို ဖြစ်သွားတာ။ ပြီးတော့ ရေပြာအိုင်ထဲ တန်နဲ့ချီပြီး အစုလိုက်အပြုံလိုက် ထိုးကျ။ ၃၆နှစ်အကြာ အခုချိန်ထိကို ဒီသစ်တုံးကြီးတွေဟာ ရေပြာအိုင်ထဲမျောနေပြီး အတုံးလိုက်အတစ်လိုက် သောင်ထွန်းနေကြတာ။ အဲ့ဒီ ရေထဲပေါလောမျောနေတဲ့ သစ်တုံးဖြူပြောင်ချောကြီးတွေပေါ် တက်ချင်တယ်။ အရမ်းသွားချင်တယ်။ အနီးကပ်မြင်ချင်တယ်။ အဲ့ဒီသစ်လုံးကြီးတွေကို လက်နဲ့ထိတွေ့ရမှဖြစ်မယ်။

အရမ်းစူးစမ်းချင်တဲ့စိတ်က ပြင်းထန်လာတော့ သူ့ကိုပြောပြဖြစ်ပြီး အဲ့ဒီရေပြာအိုင်ဆီ ရောက်အောင်သွားဖို့ နှစ်ဦးသဘောတူ ခရီးဆက်ခဲ့ကြတယ်။ သူကတော့ ကိုယ်ဘာပြောပြော ခေါင်းညိတ်တာပါပဲ။ ကိုယ်သွားမယ်ဆို သူလည်းသွားမယ်။ ဒီလိုလူမျိုးနဲ့ ခရီးအတူသွားရတာ ကိုယ်သိပ်ကံကောင်းတယ်။

ဟန်နီ (Honey) လို့ခေါ်တဲ့ တစ်ထောက်နားရာရှုခင်းသာ (viewpoint) လေးမှာ ကားကိုရပ်ထားခဲ့ပြီး ရေပြာအိုင် (Spirit Lake) ရှိရာတောအုပ်ဘက်ကို တောင်ပေါ်ကနေ ခပ်သုတ်သုတ်ဆင်းခဲ့ကြတယ်။ ကိုယ်တို့ကားကလွဲပြီး ဘာကားတစ်စီးမှရပ်မထားတာထောက်ရင် ဒီဘက်ကို ဘယ်သူမှ မလာဘူး။ လောလောဆယ် ဒီရေကန်တစ်ခုလုံး ကိုယ်တို့အပိုင်စားရတော့မယ်။ မြေလမ်း၊ သဲလမ်း၊ ပြာလမ်း၊ ကျောက်လမ်းနဲ့ ပန်းခင်းလမ်းတွေထဲကနေ သစ်ပင်အလီလီ ချုံအသွယ်သွယ်ကိုဖြတ်ပြီး လူတစ်ယောက်စာသွားလောက်ရုံဖောက်ထားတဲ့ trail လမ်းလေးအတိုင်း၂၅မိနစ်လောက် အောက်ကိုဆင်းမိတယ်ဆိုရင်ပဲ ရေခဲရေတွေစီးနေတဲ့ ရေတံခွန်အသေးစားလေးတစ်ခုကိုတွေ့တယ်။ အဲ့ကနေ နောက်ထပ်၅မိနစ်ထပ်ဆင်းသွားတော့ ရေပြာအိုင်ရဲ့ကမ်းစပ်မှာ သောင်ထွန်းနေတဲ့ ပြောင်ချောမွတ်သစ်တုံးကြီးတွေကိုတွေ့တယ်။ ကြီးတာမှ နည်းတဲ့အကြီးကြီးတွေမဟုတ်ဘူး။ ဟိုးတောင်ပေါ်ကကြည့်တုန်းက ခပ်သေးသေး တုတ်ချောင်းလောက်ကလေးတွေလို့ထင်ရပေမယ့် တကယ့်တကယ်လည်း ရောက်သွားရော လူ၅ယောက်ဖက်စာလောက်ရှိတဲ့ သစ်လုံးကြီးတွေတောင်ရှိတယ်။ ရေပေါ်မှာ ဒီတိုင်းပဲ ၃၆နှစ်ကြာ မျောနေခဲ့တာ။ သိပ်ဆန်းကြယ်ပြီး မြင်လည်းမြင်ရခဲတယ်။ ရေကန်အစပ်ကနေ သစ်လုံးတွေအတိုင်း ကန်ထဲဘက်ကို တစ်လုံးပေါ်တစ်လုံးကျော်ပြီး ဆက်သွားမိတော့ နောက်ဆုံး ကိုယ်နင်းထားတဲ့သစ်တုံးအောက်မှာ မြေသားမရှိတော့ဘဲ ရေပြင်သက်သက်ဖြစ်သွားတဲ့အထိပဲ။ မျောနေတဲ့သစ်တုံးပေါ်မှာ ကိုယ်မတ်တပ်ရပ်နေခဲ့တယ်။ အဲ့ဒီအရသာဟာ ဘာနဲ့မှမတူဘူး။ ဘာနဲ့မှလည်း မလဲနိုင်ဘူး။ “ရေပြာအိုင်ရေ.. ချစ်တယ်..” လို့ ကိုယ်မြန်မာလို အကျယ်ကြီးအော်ခဲ့တယ်။ သူကတော့ ကိုယ့်ကို နားမလည်နိုင်စွာနဲ့  ကန်အစပ်ကနေ စိုက်ကြည့်လို့နေတယ်။

ကားရပ်ထားရာတောင်ပေါ်ကိုပြန်တက်တဲ့အခါမှာတော့ အဆင်းတုန်းက တဟုန်ထိုး မြန်ထားခဲ့သမျှ ခုတော့ဂွမ်းတာပဲ။ ဆင်းတုန်းကတော့ ဇောနဲ့ဆိုတော့ ဘယ်လောက်ဆင်းလို့ဆင်းခဲ့မိမှန်း သတိမထားမိဘူး။ ပြန်လည်းတက်ရော အောင်မြတ်လေး.. ဟောဟဲလိုက်ပြီးကို တက်ရတယ်။ ဘယ်လိုမှ ဆက်မတက်နိုင်လို့ ရေပြာအိုင်ဆီကနေ ကောက်လာခဲ့တဲ့ ပြောင်ချောချောတုတ်တစ်ချောင်းကို တုတ်ကောက် (walking stick) လိုသဘောမျိုးလုပ်ပြီး  ဖြည်းဖြည်းချင်းတက်ရတယ်။ ကိုယ်တုတ်ကောက်ယူလာတာမြင်တော့ သူလည်းတစ်ချောင်းလောက် အမှတ်တရ ယူသွားချင်တယ်ဆိုလို့ အောက်ပြန်ဆင်းပြီး ကိုယ်တော်ချောကို တုတ်တစ်ချောင်းထပ်ရှာပေးရသေးတယ် (အဲ့တုတ်နှ်စ်ချောင်းကို အိမ်အသိသယ်လာခဲ့ကြတယ်)။ တောင်ပေါ်ရောက်မှ ဆိုင်းဘုတ်တွေ့တယ်။ တောထဲက ပစ္စည်းတွေ ဘာတစ်ခုမှ မယူသွားရဘူးတဲ့။ တွေ့ရှိက အနိမ့်ဆုံး ဒဏ်ငွေ၂ဝဝတဲ့။ သူကပြောတယ်။ “တုတ်ကလေးတစ်ချောင်းယူတာ ဘာဖြစ်လဲ၊ မိတော့လည်း ၂ဝဝ၊ မမိတော့လည်း အမှတ်တရပေါ့” ဆိုပြီး ခပ်တည်တည်နဲ့ ကားနောက်ဖုံးထဲ ပစ်ထည့်တယ်။ ကိုယ်လည်းအစက ဟန်နီဗျူးပွိုင့်ဆိုတဲ့ ဆိုင်းဘုတ်လေးနားမှာပဲ ထားခဲ့မလိုလုပ်ပြီးမှ ကဲကွာ.. ဖြစ်ချင်ရာဖြစ်ဆိုပြီး ကားထဲထည့်လိုက်တယ်။ တော်တော်ဆိုးတဲ့လူတွေ။

ရွက်ဖျင်တဲရှိရာ ကိုယ်တွေတည်းတဲ့ ကမ့်ပ်စခန်းဆီပြန်ရောက်တော့ နေစောင်းပြီ။ တစ်ကိုယ်လုံးလည်း ညောင်းချိလို့ပေါ့။ Yale Lake မှာ ရေကူးမယ်လို့စီစဉ်ထားတာလည်း ဗိုက်ကအရမ်းဆာနေတာနဲ့ ချက်ပြုတ်စားသောက်ပြီး မှောင်ရီပျိုးလာတာနဲ့ မကူးဖြစ်လိုက်ပါဘူး။ ရေမိုးချိုးပြီး နှစ်ယောက်သား မနေ့ညကအတိုင်းပဲ ကန်ကြီးဆီ လမ်းလျှောက်ထွက်ခဲ့ကြတယ်။ ကြယ်ကြည့်ထွက်ဖို့လေ..။ ဒီညတော့ လောကကြီးဟာ တိတ်ဆိတ်သာယာပြီး ကြယ်အစုံ ဂြိုဟ်အစုံနဲ့ ကြည်လင်အေးမြနေတယ်။ ကန်နံဘေးကကျောက်တုံးတွေပေါ် ကိုယ်တို့ထိုင်ချလိုက်တုန်းမှာပဲ ကြယ်တစ်လုံးကြွေသွားခဲ့တယ်..။ ။

တတိယနေ့ဆက်ရန်..

Advertisements

မီးတောင်ခရီးစဉ် ပထမပိုင်း

IMG_1605

ကမ်းပင်း (camping) ခရီးထွက်တော့မယ်ဆို အရင်ဆုံး ဆုံးဖြတ်ရမှာက ဘယ်နှစ်ရက်ခရီးလဲ၊ ဘယ်မှာအိပ်မှာလဲ၊ အဲ့ဒီနေရာမှာ သောက်ရေနဲ့သုံးရေရှိသလား၊ အိမ်သာရေချိုးခန်းရှိသလား၊ လျှပ်စစ်မီးရှိသလား၊ မြို့ သို့မဟုတ် ရွာတစ်ခုခုနဲ့ ဘယ်နှစ်မိုင်ဝေးသလဲ၊ အရေးကြုံရင် စားစရာရနိုင်မလား၊ အလုံအလောက်သယ်သွားနိုင်မလား၊ ဘာတွေယူသွားရမလဲ.. စတာတွေပဲဖြစ်တယ်။ ကိုယ်ကတော့ ၃ညအိပ်၎ရက်သွားခဲ့တယ်ဆိုပေမဲ့ ပထမနေ့မှာ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်တာခြမ်းတာ ထုပ်တာပိုးတာနဲ့တင် တစ်နေကုန်ပြီး လမ်းမှာ traffic မိပြီး ကားလမ်းကပိတ်သေးတယ်။ ဟိုလည်းရောက်သွားရော နေဝင်ခါနီးဖြစ်နေပြီမို့ ရွက်ဖျင်တဲအမြန်ထိုး၊ ညစာအမြန်ချက်စားလိုက်ရတယ်။ နွေနှောင်းပိုင်းရောက်ပြီဆိုတော့ နေက ည၈နာရီလောက်ဆိုဝင်ပြီ (နွေအလယ်လောက်ဆို ည၉ နာရီခွဲမှ နေဝင်တယ်)။ ၈ခွဲလောက်ဆို လုံးဝမှောင်သွားပြီ။ တောထဲမှာဆိုတော့ မှက်ခြင်တွေ ပလူတွေ မီးထိုးပိုးကောင်တွေရှိတယ်။ သူတို့က နေဝင်ခါနီးတာနဲ့လာပြီ။ ဒီတော့ နေမဝင်ခင်မှာ ချက်တာပြုတ်တာ စားတာသောက်တာအပြင် ပန်းကန်ဆေးကြောဖို့တွေပါ အချိန်ကို စောနိုင်သမျှစောပြီးလုပ်ရတယ်။

ကိုယ်သွားခဲ့တာ မီးတောင်ဆိုပေမဲ့ မီးတောင်ထိပ်ပေါ်သွားတက်တာမဟုတ်ဘူး။ တက်လို့တော့ရတယ်။ ဒါပေမဲ့ ကိုယ်တွေက တောင်တက်ပါမစ်ကို နှစ်လလောက်ကတည်းက အချိန်မီ ကြိုတင်မဝယ်ထားမိတော့ အနီးကပ်တော့ ဘယ်လိုမှ ဝယ်မရတော့ဘူး။ အဲ့ဒါကြောင့် ဒီတစ်ခေါက်တော့ တောင်ပေါ်မရောက်ခဲ့ပါ။ ကိုယ်အဓိကထားသွားခဲ့တာကတော့ အဲ့ဒီမီးတောင်ပတ်ဝန်းကျင်မှာရှိတဲ့ တောအုပ်တွေ၊ တောင်တန်းတွေ၊ ရေတံခွန်တွေ၊ လှိုဏ်ဂူတွေ၊ ချောက်ကမ်းပါးတွေ၊ ရေကန်ကြီးတွေ၊ ထူးဆန်းတဲ့ကျောက်အမျိုးအစားတွေ၊ ချော်ရည်ပူသွားလမ်းကြောင်းအဟောင်းတွေနဲ့ တခြား မြို့မှာအလွယ်တကူမတွေ့နိုင်တဲ့ ဆန်းကြယ်တဲ့နေရာတွေဆီကိုပါ။ အဲ့ဒီသစ်တောအုပ်ကြီးကို Mount St. Helens National Volcanic Monument (မောင့်စိန့်ဟယ်လန်စ် နိုင်ငံတော် မီးတောင် အထိမ်းအမှတ်နယ်မြေ) လို့ခေါ်ပြီး စုစုပေါင်းမြေဧက တစ်သိန်းတစ်သောင်း ကျယ်ဝန်းပါတယ်။ ဒီသစ်တောကြိုးဝိုင်းက တစ်ခါထက်ပြီး မြေဧကတစ်သန်းကျော်ကျယ်တဲ့ Gifford Pinchot National Forest (ဂစ်ဖော့ဒ် ပင်းသျှို နိုင်ငံတော်သစ်တော) ထဲမှာတည်ရှိတာပါ။ ကျယ်လွန်းလို့ ခြေလျင်တောင်တက်သာသွားမယ်ဆိုရင် လနဲ့ချီနေတာတောင် အနှံ့ရောက်မှာမဟုတ်ပါဘူး။

ဒီသတ်မှတ်နယ်မြေကို မီးတောင်ကြီး နောက်ဆုံးပေါက်ကွဲခဲ့တဲ့ ၁၉၈၀ မေလနောက်ပိုင်းဖြစ်တဲ့ ၁၉၈၂ခု သြဂုတ်လလောက်ကနေစပြီးတော့ သုတေသနလုပ်ဖို့၊ အများပြည်သူအပန်းဖြေဖို့နဲ့ နယ်ပယ်အသီးသီးက ပညာရပ်ဆိုင်ရာလေ့လာမှုတွေ လွတ်လပ်စွာလုပ်နိုင်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ နယ်မြေကြီးတစ်ခုလုံးကို အသေးစိတ်လေ့လာတွက်ချက်ပြီး မြေပုံတွေ ကားလမ်းတွေ ခြေလျင်တောင်တက်လမ်းတွေ စခန်းတွေ camp တွေ တံတားတွေ အညွှန်းဆိုင်းဘုတ်တွေ အားလုံးစီစဉ်ဆောက်လုပ်ပေးထားပြီး အများပြည်သူအတွက် သွားရောက်လေ့လာလည်ပတ်ဖို့ စိတ်ချရတယ်၊ အန္တရာယ်မရှိနိုင်ဘူးဆိုမှ ဖွင့်ပေးတာပါ။

ဒါကြောင့် သစ်တောကြိုးဝိုင်းတစ်ခုလုံးရဲ့ နေရာအနှံ့အပြားကို လူတွေရောက်အောင်သွားနိုင်ဖို့ ဖန်တီးပေးထားပါတယ်။ လုံခြုံစိတ်ချရအောင်လည်း နိုင်ငံတော်သစ်တောရေးရာဌာန (US National Forest Services) က စီမံပေးထားပါတယ်။ မောင့်စိန့်ဟယ်လန်စ် မီးတောင်က မီးရှင်တောင်ဖြစ်ပြီးတော့ သက်တမ်းက အနှစ်လေးသောင်းရှိပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာအတွင်းမှာ ၄ကြိမ်တိတိ အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး အသေအပျောက် အဆုံးအရှုံးများခဲ့ပါတယ်။ အသေးစားပေါက်ကွဲတာလေးတွေလည်းရှိခဲ့ပါတယ်။ ၁၈၅၇ခုနှစ်ကနေစပြီး လုံးဝ သူမဟုတ်သလိုငြိမ်နေခဲ့ပြီး အားလုံးက မီးငြိမ်းတောင်လို့သတ်မှတ်ထားချိန် နှစ်ပေါင်းတစ်ရာကျော်အကြာကျမှ ဗြုန်းစားကြီး အကြီးအကျယ်ထပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ခေါက် ထပ်မံပေါက်ကွဲဖို့ရှိတယ်၊ ပေါက်ကွဲခဲ့ရင်လည်း အရင်အခေါက်တွေထက် ပိုကြမ်းနိုင်ပြီး ငလျင်အကြီးအကျယ်လှုပ်ဖို့ရှိတယ်၊ ဆူနာမီလှိုင်းတွေလည်းထနိုင်တယ်၊ အပျက်အစီးနဲ့ အသေအပျောက် ပိုများလိမ့်မယ်လို့ ဘူမိဗေဒပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ကိုယ်သွားခဲ့တုန်းက တောင်ရဲ့အနီးဆုံးနေရာတစ်ခုကိုရောက်ခဲ့တော့ မှန်ဘီလူးနဲ့ကြည့်ကြည့်တဲ့အခါ မီးတောင်ဝကနေ အငွေ့တွေထွက်နေသေးတာကို မြင်ခဲ့ရပါတယ်။ မီးတောင်ထိပ်မှာ ရေခဲတွေစုနေပြီး အရမ်းအေးပါတယ်။ ဒါကြောင့် မီးတောင်ထိပ်ကိုတက်ချင်သူများဟာ တောင်တက်ပါမစ်ကို သေချာ register (မှတ်ပုံတင်) လုပ်ပြီးမှ ကြိုတင်ဝယ်ယူရတာဖြစ်ပါတယ်။ ဒါမှ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူက ဘယ်နေ့ ဘယ်အချိန်မှာ ဒီတောင်ပေါ်ကိုတက်ခဲ့တယ်ဆိုတဲ့ စာရင်းအတိအကျရှိမှာဖြစ်ပါတယ်။ လူပျောက်ဆုံးသွားခဲ့ရင် ဘယ်သူပျောက်ဆုံးတာလဲ ဘယ်နေ့က နောက်ဆုံးမှတ်ပုံတင်သွားတာလဲစသဖြင့် ခြေရာကောက်နိုင်အောင်လို့လည်းဖြစ်ပါတယ်။ တကယ်တော့ ပါမစ်မရှိဘဲလည်း တက်မယ်ဆိုရင် တက်နိုင်ပါတယ်။ ဟိုမှာ ဘယ်သူမှလည်း စစ်တဲ့သူမရှိပါဘူး။ စစ်လည်းမစစ်ပါဘူး။ ဒါပေမဲ့ ဘယ်သူကမှ ပါမစ်မရှိဘဲနဲ့ မတက်ကြပါဘူး။ စည်းကမ်းလိုက်နာကြပါတယ်။ ပါမစ်မဝယ်ဘဲတက်လို့ တစ်ခုခုဖြစ်ခဲ့ရင် မှတ်ပုံတင်မထားတာမို့ သူအဲ့ဒီမှာရှိနေမှန်းလည်း ဘယ်သူကမှမသိ၊ ဘယ်သူကမှလည်း လာကယ်မှာမဟုတ်သလို အန္တရာယ်လည်းအလွန်များတာကြောင့် ဘယ်သူကမှ ပါမစ်မရှိဘဲ မတက်ပါဘူး။ ကိုယ်တွေကတော့ နောက်တစ်ကြိမ်သွားဖြစ်ခဲ့ရင် တောင်ပေါ်တက်ဖို့တေးထားပါတယ်။

သစ်တောကြိုးဝိုင်းထဲရောက်ပြီဆိုတာနဲ့ ကားမှန်သမျှ ကားပါမစ်ဝယ်ရပါတယ်။ တစ်ရက်ကို ငါးဒေါ်လာပါ။ တစ်ပတ်တို့ တစ်လတို့ တစ်နှစ်စာတို့ ကြိုဝယ်ထားချင်တယ်ဆိုလည်း အထူးလျှော့ဈေးနဲ့ အင်တာနက်မှာဖြစ်ဖြစ်၊ သစ်တောကြိုးဝိုင်းထဲက မြို့တစ်ခုခု ရွာတစ်ခုခု ရဲဌာနတစ်ခုခု သို့မဟုတ် ရိုးရိုးကုန်စုံဆိုင်တစ်ခုခုမှာတောင် တောင်းပြီး အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ စောစောကပြောခဲ့သလိုပဲ ကားပါမစ်မဝယ်လို့လည်း ဘယ်သူကမှ ရိုက်မစစ်ပါဘူး၊ ထောင်လည်းမချပါဘူး။ ဒါပေမဲ့ လူတွေက သူ့အသိစိတ်ဓာတ်နဲ့သူ ဝယ်ကြပါတယ်။ ကိုယ်တွေ့ခဲ့သလောက် ကားတိုင်း မဝယ်သူမရှိပါဘူး။ ပါမစ်လေးတွေ ကားအတွင်းမှန်မှာ ချိတ်ထားကြတာချည်းပါပဲ။ ဘာဖြစ်လို့ဝယ်ကြသလဲဆိုတော့ ဒီလိုလူတွေအများကြီးကဝယ်လို့ ရလာတဲ့ငွေတွေဟာ ဒီသစ်တောကြီးကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာ၊ ပြန်လည်ပြုပြင်တဲ့နေရာ၊ သစ်တောပညာရေးနဲ့ သုတေသနအတွက် ထောက်ပံ့ပေးတဲ့နေရာတွေမှာ ပြန်လည်အသုံးချတာမို့လို့ပါ။ ဒါကြောင့် တောတောင်သဘာဝ ပတ်ဝန်းကျင်ကိုမြတ်နိုးသူတွေဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပါမစ်ဝယ်ကြပါတယ်။ ခိုပြီးသွားလည်းရတယ်ဆိုပေမဲ့ ဘယ်သူမှ မခိုကြပါဘူး။

ကမ်းပင်းထွက်ခဲ့တဲ့ပထမနေ့မှာ အဓိကကတော့ မီးတောင်ရှိရာ သစ်တောကြိုးဝိုင်းထဲသွားခဲ့တယ်။ ကမ့်ပ် (camp) မှာ နေရာချ၊ ရွက်ဖျင်တဲထိုး၊ ညစာချက်ပြုတ်စားသောက်ပြီး ကမ့်ပ်ရဲ့အနီးတဝိုက် ဟိုနားဒီနားလျှောက်ကြည့်တာနဲ့တင် တစ်နေကုန်ပြီးမှောင်သွားတာမို့ ခရီးသေချာထွက်ဖြစ်တဲ့အကြောင်းလေးတွေ ဒီအပိုင်းမှာ ထည့်မရေးသေးပါဘူး။ ဒါပေမဲ့ ကမ်းပင်းထွက်တဲ့အခါ ဘာတွေပြင်ဆင်ရတယ်၊ ဘာတွေလိုအပ်တယ်၊ ဘယ်လိုတွေအသုံးတည့်တယ်ဆိုတာလေးကို ပြောပြချင်ပါတယ်။

ဟိုးအထက်မှာပြောခဲ့သလိုပဲ ကမ်းပင်းသွားတော့မယ်ဆိုရင် ဘယ်နှစ်ရက်နေမှာလဲကစပြီး ဆုံးဖြတ်ရပါတယ်။ ဒါမှ အလုပ်ကနေခွင့်ယူရမှာတွေ၊ ကျောင်းကနေခွင့်ယူရမှာတွေရှိခဲ့ရင် ကြိုတင်ပြင်ဆင်နိုင်မှာပါ။ ကိုယ့်တုန်းကတော့ နှစ်လကြိုတင်ပြီး အလုပ်မှာခွင့်တင်ခဲ့ပါတယ်။ ကိုယ့်ချစ်သူနဲ့အတူသွားတာမို့ သူ့အလုပ်ပိတ်ရက် ကိုယ့်အလုပ်ပိတ်ရက် အတော်လေးညှိပြီး ဒီလေးရက်ကလေးရဖို့ စီစဉ်ရတာပါ။ ရက်သတ်မှတ်ပြီးပြီဆိုရင် အဝတ်အစားထည့်တာ အသုံးအဆောင်ထည့်တာက သိပ်အရေးမကြီးတော့ပါဘူး။ တကယ်အရေးကြီးတာက ဘယ်မှာတည်းမလဲ၊ ဘယ်မှာအိပ်မလဲ။ မိုတယ်မှာတည်းချင်တယ်ဆိုလည်းရတယ်။ ဒါပေမဲ့ ကိုယ်တွေက မိုတယ်ဆိုတာ မြို့မှာတည်းလည်းဖြစ်တာပဲ။ တကယ့် တောတောင်အရသာလေး စွန့်စွန့်စားစား ခံစားချင်တာမို့ မိုတယ်မှာမတည်းဘဲ ငွေကုန်ကြေးကျလည်းသက်သာအောင် ကိုယ်ပိုင်ရွက်ဖျင်တဲလေးမှာပဲအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရွက်ဖျင်တဲဆိုတာကလည်း နဂိုကတည်းကဝယ်ထားပြီးသားရှိရင်တော့ အဆင်ပြေတယ်ပေါ့။ တခါမှ ကမ်းပင်းမထွက်ဖူးလို့ အသစ်ဝယ်ရမယ်ဆိုရင်တော့ နှစ်ယောက်အိပ် ရွက်ဖျင်တဲတစ်လုံးကို တခြားနိုင်ငံတွေမှာတော့မသိဘူး အမေရိကက ကိုယ်နေတဲ့ အော်ရီဂွန်ပြည်နယ်မှာတော့ ပျမ်းမျှအားဖြင့် ဒေါ်လာသုံးရာလောက်ရှိပါတယ်။ မိသားစုလိုက်သွားမယ်ဆိုရင်တော့ ၅ယောက်အိပ်ရွက်ဖျင်တဲတို့ဘာတို့ ရှိပါတယ်။ ဒေါ်လာလေးရာငါးရာပေးရပါတယ်။ ကွာလတီပေါ်မူတည်ပြီး ဈေးအနည်းအများကွာပါတယ်။ ကိုယ်တွေမှာက ရွက်ဖျင်တဲရှိပြီးသားပေမဲ့ အရင်တစ်ခေါက် ကမ်းပင်းထွက်တုန်းက မုန်တိုင်းနဲ့တိုးလို့ တိုင်ကျိုးသွားတာမို့ အသစ်ပြန်ဝယ်ခဲ့ရပါတယ်။ ဒေါ်လာ၂၅ဝ ကုန်ပါတယ်။ ဒါက အိပ်ဖို့အတွက် စီစဉ်ရတဲ့ ကုန်ကျစရိတ် အစပဲရှိပါသေးတယ်။

ခေါင်းအုံး စောင် အိပ်ရာလိပ်ဘာညာက အိမ်ကနေ ကားနဲ့သယ်သွားပါတယ်။ ရွက်ဖျင်တဲကို အရင်က တစ်ခါမှ မဆောက်ဖူးဘူးဆိုရင် ခရီးမထွက်ခင်ကတည်းက ကြိုတင်ပြီး မြက်ခင်းပြင်တစ်ခုခုမှာဖြစ်ဖြစ် မြေသားပေါ်မှာ ဘယ်လိုဘယ်ပုံဆောက်ရတယ်ဆိုတာကို ဝယ်တုန်းကပါလာတဲ့ အညွှန်းစာကိုသေချာဖတ်ပြီး လေ့ကျင့်ထားသင့်ပါတယ်။ တောထဲရောက်မှ ရွက်ဖျင်တဲမဆောက်တက်လို့ ဒုက္ခရောက်ကြတာတွေ ကိုယ်တွေ့ကြုံခဲ့ရလို့ပါ။ အချိန်တွေအရမ်းကုန်ပါတယ်။

ရွက်ဖျင်တဲကိစ္စပြီးရင် တဲဆောက်ပြီးညအိပ်ဖို့ မြေနေရာကို စဉ်းစားရပါမယ်။ ဒီမှာတော့ အခကြေးငွေပေးပြီး ငှားတဲ့ campsite တွေရှိပါတယ်။ တဲထိုးနိုင်မယ့်မြေကွက်သေးသေး၊ ကားရပ်နိုင်မယ့်နေရာလေးတစ်နေရာ၊ ချက်ပြုတ်စားသောက်ဖို့ စားပွဲနဲ့၊ ရေချိုးခန်း အိမ်သာတွေ ပေးပါတယ်။ တစ်ညကိုမှ ၂၅ဒေါ်လာလောက်ပဲ ပေးရပါတယ်။ မိုတယ်မှာတည်းတာထက် အဆပေါင်းများစွာ သက်သာတာမို့ ဒီက အမေရိကန်အတော်များများက အဲ့လို campsite ခေါ် campground လေးတွေမှာပဲ ဈေးသက်သက်သာသာပေးပြီး တည်းကြပါတယ်။ တချို့ကျတော့လည်း ကိုယ်ပိုင် ကားအိမ်လေးတွေ (RV လေးတွေ) ကိုယ်တိုင်မောင်းလာပြီး RV Park တွေမှာ တစ်ညဒေါ်လာနှစ်ဆယ်သုံးဆယ်လောက်နဲ့ ကားရပ်ပြီး တည်းလို့ရပါတယ်။ campsite လေးတွေကို recreation park လို့လည်း ခေါ်ပါတယ်။ များသောအားဖြင့် ထင်းရှူးပင်ခပ်ကျဲကျဲ မြေသားညီညီ မြေကွက်လပ်ကျယ်ကျယ် ရေကန်ကြီးကြီးတစ်ခုအနီးမှာ campsite လေးတွေကို ဆောက်ပေးထားပါတယ်။

ကိုယ်တွေညအိပ်ခဲ့တဲ့ Beaver Bay လို့ခေါ်တဲ့ campsite လေးကတော့ တစ်ညကိုအစိတ်ပေးရပြီး ရေချိုးခန်း အိမ်သာ သန့်သန့်လေးပါတယ်။ ဘေးနားမှာလည်း Yale Lake လို့ခေါ်တဲ့ ရေကန်ကြီးတစ်ကန်ရှိတယ်။ ကြည်စိမ်းပြီး အေးနေတာပါပဲ။ ကူးလို့လည်းရတယ်၊ လှေလှော်လို့လည်းရတယ်၊ ငါးမျှားလို့လည်းရတယ်။ ညဘက်ဆို ရေကန်ဘေးသွားထိုင်ရင် ကြယ်တွေ ဂြိုဟ်တွေကို သန်းနဲ့ချီပြီး တမျှော်တခေါ်မြင်ရတယ်။ မြို့မှာ ဒါမျိုးမြင်ရဖို့ခဲယဉ်းပါတယ်။ ခူးဂါ (Cougar) လို့အမည်ရတဲ့ ရွာလေးနဲ့လည်း ကား၁၀မိနစ်မောင်းစာလောက်ပဲမို့ အရေးအကြောင်းဆို စားစရာ၊ ဓာတ်ဆီနဲ့ ဆေးအတွက် မပူရပါဘူး။ အမှန်က ကိုယ်တွေက ကမ်းပင်းအတွေ့အကြုံနုသေးလို့ ရွာနဲ့နီးနီးနားနား ရေချိုးခန်းအိမ်သာ အဆင်သင့်နေရာမှာ သက်တောင့်သက်သာလာနေတာပါ။ သက်တမ်းရင့်နေတဲ့ ကမ်းပင်းသမားတွေဆိုရင်တော့ ကိုယ့်ဟာကိုယ် ကားကို တောထဲက လူသူမနီး ချောင်ခပ်ကျကျ တိတ်တိတ်ဆိတ်ဆိတ်နေရာလေးတစ်ခုမှာရပ်ပြီး ရွက်ဖျင်တဲထိုးပြီး ညအိပ်လိုက်ကြတာပါပဲ။ တစ်ပြားမှတောင်မကုန်ဘူး။ ဆိတ်လည်းဆိတ်ငြိမ်တယ်၊ အနှောင့်အယှက်လည်းကင်းတယ်။

ကိုယ်တွေကတော့ သက်တမ်းနုသေးတော့ ဟိုရိက္ခာကုန်သွားမှာစိုးရိမ်၊ ဒီပစ္စည်းပြတ်သွားမှာစိုးရိမ်၊ ရေချိုးခန်းအိမ်သာလေးပါမှတို့၊ ရွာနဲ့နီးမှတို့ ဂျီးများနေတာနဲ့ ဒီတစ်ခေါက်တော့ ကြုံရာမှာမအိပ်နိုင်ခဲ့ပါဘူး။ နောက်တစ်ခေါက်ကျရင်တော့ backpacking သွားဖို့ စဉ်းစားပါတယ်။ Backpacking ဆိုတာကတော့ ခရီးသွားကျောပိုးအိတ်ကြီးတစ်လုံးထဲ ကိုယ်တကယ်လိုအပ်မယ့်ပစ္စည်းလောက်ကိုပဲ ပြည့်သိပ်ကုံလုံအောင်ထည့်ပြီး တောထဲ ဒီတိုင်း ရက်ပေါင်းများစွာ လျှောက်သွားတာပါ။ စားစရာကိုလည်း ခြိုးခြံချွေတာပြီး သယ်ရတယ်၊ အဝတ်အစားကိုလည်း ၂စုံလောက်ပဲသယ်ပြီး တောထဲမှာပဲ ပြန်လျှော်ပြန်ဝတ်တယ်။ သောက်ရေချိုးရေကတော့ ရေတံခွန်တွေ ကန်တွေရှိတာမို့ မပူရပါဘူး။ စားစရာကိုလည်း ငါးမျှားချိတ်တို့ဆန်တို့ထည့်သွားရင် ထမင်းနဲ့ ငါးနဲ့စားတောင် ရပါတယ်။ ဒါမှမဟုတ်လည်း ခေါက်ဆွဲခြောက်ထုပ်၊ ကော်မီမစ်၊ ပေါင်မုန့် စတဲ့ အခြောက်အခြမ်း ပေါ့ပေါ့ပါးပါးလေးတွေသယ်ပြီး တစ်ပတ်လောက်ကတော့ အသာလေး ဖြစ်သလိုလောက်အောင်စားလို့ရပါတယ်။ ရိက္ခာပြတ်တော့လည်း အနီးအနားမြို့တစ်ခုခုဆီလမ်းလျှောက်ပြီး ဝင်ဝယ်ပေါ့လေ။ အဲ့လိုလေးတစ်ခေါက်တော့ backpacking ခရီးထွက်ချင်ပါသေးတယ်။

ဟုတ်ပြီ။ ကမ်းပင်းသွားလို့ အိပ်စရာရှိပြီ၊ စားစရာရှိပြီ။ ဘာတွေလိုသေးလဲ။ အများကြီးလိုပါတယ်။ တစ်ရှူးလိပ်၊ မီးခြစ်၊ မီးအိမ်၊ ဖယောင်းတိုင်၊ အဝတ်လှန်းဖို့ကြိုး၊ မှက်ခြင်ကိုက်တာကာကွယ်ဖို့ ခန္ဓာကိုယ်မှာဖျန်းရတဲ့ စပရေး (mosquito/insect repellent)၊ သောက်ရေစစ်၊ ပန်းကန်၊ ရေခွက်၊ ဆပ်ပြာ၊ အဝတ်စုတ်၊ အမှိုက်ထည့်စရာအိတ်များများ (စာကြွင်းစားကျန်ကအစ တွေ့ကရာအမှိုက်ပစ်တာကို ဒီမှာတားမြစ်ထားပါတယ်၊ အမှိုက်ကို စနစ်တကျ အမှိုက်အိတ်နဲ့ထည့်ပြီး နီးစပ်ရာ အမှိုက်ပုံးတွေ့မှ ပစ်ရပါတယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောကို မထိခိုက်အောင်ပါ၊ သူတို့ကိုယ်တိုင်လည်း အမှိုက်ပုံးတွေကို အမှိုက်ကားတွေနဲ့ တစ်ပတ်တစ်ရက် လာလာသယ်ပြီး ရှင်းပေးပါတယ်)၊ တောထဲမှာပျင်းရင် ဖတ်ဖို့စာအုပ်၊ ရေဒီယို၊ အသီးအရွက် သားငါးထောပတ်နဲ့ အချိုရည်ဘာညာသယ်သွားချင်ရင် ထည့်စရာ ရေခဲပုံး၊ ရေခဲ (ရေခဲကို ပုံးအပြည့်ထည့်ပြီး အဖုံးလုံအောင်ပိတ်ထားရင် ၃ရက်လောက်ခံတယ်)၊ ပလပ်စတစ် စဥ့်နီတုံးအသေးစား၊ ဓါး၊ ဇွန်းခက်ရင်း၊ ထမင်းအိုး၊ ဟင်းအိုး၊ စားကြွင်းစားကျန် ပိုလျှံတာထည့်သိမ်းဖို့ အဖုံးလုံတဲ့ဗူး သို့မဟုတ် ခွက်၊ မြေပုံ၊ တံဘက်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ သံလိုက်အိမ်မြှောင်၊ အဝေးကြည့်မှန်ပြောင်း၊ ကင်မရာ၊ ကင်မရာဘတ္ထရီအပို၊ ဖုန်းအားသွင်းကြိုး (လျှပ်စစ်မီးရှိခဲ့ရင်။ များသောအားဖြင့် ကားနဲ့သွားတာဆိုရင်တော့ ကားထဲမှာပဲကြိုးတပ်ပြီး ဖုန်းအားသွင်းလို့ရပါတယ်)၊ အခြေခံလိုအပ်မယ့် ဆေးဝါးနဲ့ ပတ်တီး ကတ်ကြေး အရက်ပျံဘာညာ အစုံပါတဲ့ fist aid kit ကလေးတစ်ခု၊ ဟိုနားဒီနားသွားရင် ပစ္စည်းတွေထည့်သယ်စရာ ကျောပိုးအိတ်ကောင်းကောင်းတစ်လုံး၊ သောက်ရေဗူး၊ မှတ်ဖို့ခြစ်ဖို့ သို့မဟုတ် ဒိုင်ယာရီရေးဖို့ စာအုပ်နဲ့ဘောပင်၊ ငါးမျှားချင်ရင် ငါးမျှားချိတ်နဲ့ ငါးစာ၊ လျှပ်စစ်မီးလုံးဝမရှိတဲ့ တောကြီးမျက်မည်းမှာဆိုရင် ညဘက် မြွေပါးကင်းပါးအတွက် အားပြင်းတဲ့ဓာတ်မီးနှစ်လုံးလောက် (တစ်လုံးပျောက်သွားခဲ့ရင် နောက်တစ်လုံးအဆင်သင့်ရှိအောင်)၊ စသဖြင့် ဗာဟီရလေးတွေ အများကြီးလိုပါတယ်။ ဒါလေးတွေကို စုံစေ့နေအောင် အချိန်လေးယူ စာရင်းသေချာလုပ်ပြီး သယ်သွားဖို့လိုပါတယ်။ မဟုတ်ရင် ဟိုမှာဝယ်ဖို့လည်းအဆင်မပြေ၊ ဝယ်ဖို့နေရာရှိခဲ့ရင်တောင် ဈေးအဆမတန်ပေးရနိုင်ပါတယ်။

ကိုယ်သွားခဲ့တဲ့အချိန်က နွေရာသီဖြစ်တာမို့ ဒီက campground တွေမှာ မီမွေးခွင့်မရှိပါဘူး။ ဖယောင်းတိုင်တောင်ထွန်းခွင့်မရှိဘူး။ မီးသွေးနဲ့ချက်လို့လည်းမရဘူး။ အကင်ဘာညာစားချင်ရင် တစ်နိုင် ဂတ်စ်မီးဖိုနဲ့ တင်ကင်ဖို့ သံပြားခွေ ကိုယ့်ဟာကိုယ်သယ်ခဲ့။ ခပ်ပြတ်ပြတ် စည်းကမ်းခပ်တင်းတင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တောမီးလောင်မှာစိုးလို့ပါ။ လူကြောင့် တောမီးလောင်တဲ့ကိစ္စတွေ မကြာခဏဖြစ်ပွားဖူးလို့ ဒီလို တင်းတင်းကြပ်ကြပ် တားမြစ်ရတာဖြစ်ပါတယ်။ ဆိုတော့ ကိုယ်တွေကတော့ ဒီလို ဘာတွေခွင့်ပြုတယ် ခွင့်မပြုဘူးစတာတွေကို ခရီးမသွားခင် အင်တာနက်မှာ ကြိုတင်ရှာဖတ်ပြီး ပြင်ဆင်သွားပါတယ်။ မသိလိုက်လို့ စည်းကမ်းဖောက်မိရင် အဖမ်းခံရနိုင်တာမို့ပါ။ နောက်ပြီး သစ်တောကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ ပြီးတော့ ခါတိုင်းရာသီတွေ ကမ်းပင်းသွားရင် ဟိုမှာပဲ တွေ့တဲ့ ကြွေကျနေတဲ့ထင်းချောင်းလေးတွေကောက်စု၊ ဒါမှမဟုတ်လည်း ထင်းဝယ်ပြီး ကိုယ့်ဟာကိုယ်မီးမွေးပြီး ချက်ပြုတ်စားသေက် မီးဖို မီးလှုံပါတယ်။ အခုကတော့ နွေရာသီမို့ ဒီလိုခွင့်မပြုတဲ့အတွက် ဂတ်စ်မီးဖိုအပေါစားလေးတစ်လုံးနဲ့ ဂတ်စ်ဗူးလေးတွေ သယ်သွားပါတယ်။ ဟိုမှာ ဒါနဲ့ပဲ ချက်စားပါတယ်။ Backpacking ထွက်သူတွေကျတော့ campground မှာတည်းနိုင်တဲ့အခါလည်းရှိသလို ဟိုးတောကြီးမျက်မည်းထဲရောက်နေလို့ ဘယ်လိုမှမတတ်နိုင်တဲ့အခါ၊ သားရဲတိရစ္ဆာရန်ကြောက်ရတဲ့အခါဆိုရင်တော့ ရေနဲ့နီးစပ်ရာ ဥပမာ စမ်းချောင်းလို ရေတံခွန်လိုနားမှာ ကျောက်တုံးတွေ သေသေချာချာကာရန်ပြီး မီးမွေးချင်ရင် မွေးနိုင်ပါတယ်။ ဒါပေမဲ့ သတိနဲ့မွေးဖို့ တောရဲ့အနှံ့အပြားမှာ ဆိုင်းဘုတ်တွေထောင်ထားပေးပါတယ်။

ပထမညလေးကတော့ ခုနပြောခဲ့သလိုပဲ ဒီပစ္စည်းပစ္စယတွေ ဝယ်ခြမ်းပြင်ဆင်ရ ထုပ်ပိုးရတာနဲ့တင် နေ့တဝက်ကုန်သွားလို့ အိမ်ကနေပြီး နေ့လည်၂နာရီလောက်မှ ခရီးစထွက်ဖြစ်ခဲ့ပါတယ်။ ကားက၂နာရီလောက်မောင်းရပါတယ်။ လမ်းပိတ်တာနဲ့ဘာနဲ့ ၂နာရီခွဲသာသာ ကြာသွားလို့ ဟိုကို ညနေ၅နာရီလောက်မှရောက်ပါတယ်။ Campground မှာ နေရာချပြု၊ တဲထိုး၊ ချက်ပြုတ်စားသောက် ရေချိုးပြီးတော့ မှောင်နေပါပြီ။ ည၁၀နာရီမှာ camp တစ်ခုလုံး အားလုံးတိတ်ဆိတ်ရမယ်လို့ campsite က စည်းကမ်းထုတ်ထားတဲ့အတွက် campsite ဝင်းထဲကနေ အပြင်ထွက်ခွင့်လည်းမရှိပါဘူး။ အကျယ်ကြီးတော့ အကျယ်ကြီးပါပဲ။ ဒါပေမဲ့ မြို့ထဲဘက်ပြန်ဝင်ချင်တာတို့ ညကြီးအချိန်မတော် အိမ်ပြန်ချင်တာတို့ဆို မရပါဘူး။ ဝင်းတံခါးပိတ်ထားပါတယ်။ မနက်၆နာရီဆိုရင်တော့ ပြန်ဖွင့်ပေးပါတယ်။ ည၁၀နာရီကနေ မနက်၆နာရီအတွင်း အားလုံးတိတ်ရပါတယ်။ သူများတွေအိပ်နေတဲ့အခါ ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ ကိုယ်တွေလည်း မြို့မှာလို အင်တာနက်တွေ ဖုန်းလိုင်းတွေ မမိတာမို့၊ တီဗီလည်းမရှိ ကွန်ပြူတာလည်းမရှိတာမို့ စောစောအိပ်ခဲ့ကြပါတယ်။ မအိပ်ခင်တော့ camp ဝင်းအကျယ်ကြီးထဲ ထင်းရှူးတောအုပ်တွေဘက်လမ်းလျှောက်၊ ရေကန်ဘေးထိုင်ပြီး ချစ်သူနှစ်ဦး ကြယ်ထွက်ကြည့်ပါတယ်။ ကြယ်တွေမှ မြင်မကောင်းအောက်အောင်ကို ဖွေးပြီးဟည်းထနေတာပါပဲ…။

ဒုတိယပိုင်း ဆက်ရန်..

နတ်သမီးကမ်းပါးသို့တစ်ခေါက်

မေလနောက်ဆုံးအပတ် တနင်္ဂနွေနေ့မှာ နှစ်ယောက်စလုံးအလုပ်ပိတ်ရက်မို့ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ကြိုတင်စီစဉ်ထားခဲ့တဲ့ “နတ်သမီးကမ်းပါး” သို့မဟုတ် “နတ်သမီးကွန်းခိုရာ” (Angel’s Rest) ခြေလျင်တောင်တက်ခရီးတိုလေး သူနဲ့အတူထွက်ဖြစ်ခဲ့တယ်။ နတ်သမီးကမ်းပါးဆိုတဲ့နာမည်နဲ့ စပြီးရင်းနှီးတာ သိပ်မကြာသေးဘူး။ ကိုယ်က ပန်းခြံတာဝန်ခံလုပ်ဖူးသူဆိုတော့ ပန်းခြံကိုလာလာနေကျ အန်ကယ်ကြီးတစ်ယောက်နဲ့ စကားပြောမိကြရင်း သူဟာ အော်ရီဂွန်ပြည်နယ်တဝှမ်းမှာရှိတဲ့ ခြေလျင်တောင်တက်လမ်းတွေနဲ့ သစ်သားတံတားတွေ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှာ လုပ်အားပေးလာခဲ့တာ နှစ်ပေါင်း၂ဝတောင်ကျော်ခဲ့ပြီဆိုတာ သိရတယ်။ သူ့ဆီကနေတဆင့် နတ်သမီးကမ်းပါးဆိုတဲ့အမည်လေးကို ကိုယ်ရင်းနှီးခဲ့တာ။

“သွားဖြစ်အောင်သွားစမ်းပါကွာ တကယ်လှလို့ပြောနေတာ။ မနက်၇နာရီလောက်သွားရင် ပိုလို့တောင်ကောင်းသေး။ လူတစ်ယောက်မှမရှိဘူး။ တစ်တောင်လုံး တိတ်ဆိတ်ပြီး သားရဲတိရစ္ဆာန်လေးတွေတောင် လမ်းမှာတွေ့ရတယ်” လို့ သူပြောကတည်းက အင်တာနက်မှာ Angel’s Rest ဆိုတာလေးကို ရှာကြည့်တော့ သူများတွေတင်ထားတဲ့ ချောက်ကမ်းပါးထိပ်မှာ ခြေထောက်နှ်စ်ဖက်ချပြီးရိုက်ထားတဲ့ ဓာတ်ပုံလှလှလေးတွေ တွေ့ရတယ်။ အဲ့ဒီကတည်းက မဖြစ်ဖြစ်အောင်တော့ သွားမယ်ကွာဆိုပြီး ဆုံးဖြတ်လိုက်တယ်။ သူ့ကို အဲ့ဒီအကြောင်းလေးပြောပြတော့ အိုကေ တစ်ရက် သွားရအောင်လေတဲ့။ မြေပုံတွေဘာတွေ အင်တာနက်မှာ ကြိုရှာထားပြီး ကားကိုဘယ်မှာရပ်ပြီး ဘယ်လမ်းက ဘယ်လိုပတ်သွားကြမယ်ဆိုတာ အကြမ်းဖျင်း ကြိုကြည့်ထားကြတယ်။

နတ်သမီးကမ်းပါးဟာ ကမ္ဘာကျော်ကိုလံဘီယာမြစ်နံဘေး အော်ရီဂွန်ပြည်နယ်အတွင်းမှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၆၀၀ ရှိပါတယ်။ ပေ၂၄၀၀အမြင့်ရှိတဲ့ တစ္ဆေကမ်းပါး (Devil’s Rest) ကိုသွားတဲ့လမ်းနဲ့ တစ်လမ်းတည်းဖြစ်ပြီး Larch တောင်ခြေပတ်ပတ်လည်ကနေ အပေါ်ကိုတက်သွားလို့ရတဲ့ တောင်တက်လမ်း (Trail) တွေ အများကြီးရှိပါတယ်။ ကိုယ်တို့စတက်ခဲ့တဲ့တောင်ခြေကတော့ ကားရပ်နားလို့အဆင်ပြေတဲ့ Multnomah Falls (မော့လ်နိုးမား ရေတံခွန်တွေ) ရှိရာဘက်အခြမ်းက ဖြစ်ပါတယ်။ ဒါတောင် ကားရပ်စရာ တစ်နေရာစာလေးရဖို့ အတော်ရှာလိုက်ရပါတယ်။ Multnomah ရေတံခွန်တွေဟာ ပေါ့တလန်း (Portland) မြို့ကနေ မိုင်၃ဝခန့်ဝေးပါတယ်။ ကိုယ်တို့ရောက်သွားတဲ့အချိန်က နေ့ခင်းတစ်နာရီလောက်တော့ရှိပါပြီ။ နွေရာသီဝင်လာပြီဖြစ်တာတစ်ကြောင်း တနင်္ဂနွေနေ့ဖြစ်နေတာတစ်ကြောင်းကြောင့် တောင်ခြေမှာ ခရီးသွားတွေနဲ့ ကြပ်သိပ်တိုးနေတာပါပဲ။ ကားတွေလည်း အပြည့်။ လာလည်သူဦးရေရဲ့ ၉ ၀%ကတော့ Multnomah ရေတံခွန်တွေကိုလာကြည့်တာဖြစ်ပြီး ကိုယ်တွေလို ခြေလျင်တောင်တက်ခရီးစဉ် အစအဆုံးဆွဲပြီးလာတာကတော့ ၁၀%လောက်ပဲရှိပါတယ်။

ဒါကြောင့် Multnomah ရေတံခွန်နှစ်ခုရဲ့ အမြင့်ဆုံးထိပ်ပိုင်းကို ရောက်သွားပြီးရင်တော့ ဟိုဘက်မှာ လူက သိသိသာသာကို နည်းသွားပါတယ်။ အဲ့ဒီကနေပြီး ဟိုဘက်မှာတော့ Larch တောင်ပေါ်ကိုစတက်တဲ့ အတက်လမ်းတွေချည်းပါ။ တောင်ခြေကနေ ၅မိုင်ခန့် အတက်ချည်းလမ်းလျှောက်ပါမှ နတ်သမီးကမ်းပါးထိပ်ကိုရောက်မှာ ဖြစ်ပါတယ်။ စတက်တုန်းက အဲ့ဒီလောက်တက်ရခက်လိမ့်မယ်၊ လမ်းကြမ်းလိမ့်မယ်လို့ ထင်မထားဘူး။ ကိုယ်တိုင်တက်ခါမှသိတော့တာပဲ။ လမ်းမှာလည်း ဝိုင်ဇန်ဒိန်းဂျားရေတံခွန် (Weisendanger waterfall)၊ အီကိုလာရေတံခွန် (Ecola waterfall) စတဲ့ ရေတံခွန်တွေအပါအဝင် နာမည်မရှိတဲ့ ရေတံခွန်အသေးစားလေးတွေမြောက်မြားစွာကို ဖြတ်သွားရပါတယ်။

တောင်တက်လမ်းတွေဟာ ရေတွေစင်ထားလို့ ရွှံ့တွေနဲ့ချောနေတဲ့အပြင် ကျောက်တုံးကျောက်ခဲပေါလို့ သတိထားပြီး တောင်တက်ရပါတယ်။ တချို့လမ်းလေးတွေဆိုရင် ကျဉ်းပြီးမတ်လွန်းလို့ လူတစ်ယောက် မနည်းသွားရပါတယ်။ တောင်ပေါ်ကဆင်းလာတဲ့လူတွေနဲ့ဆုံရင် ဘေးကပ်ရပ်စရာရှိတဲ့နေရာရှိတယ်ဆိုတော်သေး၊ ကပ်ရပ်စရာမရှိတဲ့နေရာဆို တစ်ယောက်ပြီးမှတစ်ယောက် စောင့်ပြီး အတက်အဆင်းလုပ်ရပါတယ်။ ခြေနည်းနည်းလေးချော်သွားတာနဲ့ အောက်မှာ ကမ်းပါးတွေ ကျောက်စိုင်တွေပါ။ အရေးဟယ်အကြောင်းဟယ် တစ်ခုခုဖြစ်ရင် ဖုန်းလိုင်းတွေမိပေမယ့် အရေးပေါ်လူနာတင်ကားတို့ ရဲတို့ အလွယ်တကူ အချိန်မှီ လာရောက်နိုင်မယ့်နေရာတွေမဟုတ်ပါဘူး။ ကိုယ့်သတိကိုယ်ကပ်ပြီး လိုရမယ့်ရ ဆေးတို့ ပလာစတာတို့ First Aid ပစ္စည်းလေးအနည်းငယ်တော့ ကိုယ့်ကျောပိုးအိတ်ထဲကိုယ် သောက်ရေ၊ အစားအစာတို့နဲ့အတူ သယ်သွားကြရပါတယ်။

ကိုယ်တို့တက်ခဲ့တဲ့တောင်တက်လမ်းတလျှောက် ဆယ်ကျော်သက်လူဖြူလေးတွေနဲ့ သက်ကြီးပိုင်းလူဖြူတွေအများကြီးကို တွေ့ခဲ့ရပါတယ်။ လူလတ်ပိုင်း သိပ်မတွေ့ခဲ့ရပါဘူး။ တခြားလူမျိုးလည်း သိပ်မတွေ့ခဲ့ရပါဘူး။ အာရှတိုက်သား နည်းနည်းပါးပါးတော့ မြင်ခဲ့ပါတယ်။ ဒါတောင် ဒီမှာမွေးတဲ့အာရှတွေကများပါတယ်။ လေယူလေသိမ်းကိုနားထောင်တာနဲ့သိတယ်။ လူကြီးတွေဆိုရင် အသက်၆၀၊ ၇၀ကျော်လောက်တွေထိ တွေ့ခဲ့တယ်။ တောင်ဝှေးကိုယ်စီနဲ့ သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာပဲ ကိုယ့်ရေဗူးလေးကိုယ်လွယ်ပြီး ခြေလျင်တောင်တက်လုပ်နေကြတာ လေးစားအားကျစရာပါပဲ။

တောင်ခြေကနေ ၁မိုင်ခွဲ ၂မိုင်လောက်တက်ပြီးရင် Larch တောင်ဘက်လမ်းကို ဆက်မသွားဘဲ ညာဘက်လမ်းခွဲကိုချိုးပြီးလိုက်ရင် နတ်သမီးကမ်းပါးဘက်သွားတာဖြစ်ပါတယ်။ အဲ့ဒီလမ်းလည်းရောက်ရော သိသိသာသာ တိတ်ဆိတ်သွားပြီး လူတစ်ယောက်စ နှစ်ယောက်စပဲ တွေ့ရပါတော့တယ်။ ငှက်သံ လေသံနဲ့ တောတောင်သဘာဝအသံတွေပဲ ကြားရပါတယ်။ တောင်လမ်းဟာ အကွေ့အကောက်များပြီး အဖုအထစ်လည်းများပါတယ်။ လမ်းမှာတွေ့ရသမျှ တောပန်းတောင်ပန်းတွေဟာလည်း ရောင်စုံလဲ့ဖြာပြီး ပွင့်ချင်တိုင်း အရိုင်းအစိုင်းကို ပွင့်နေကြတာ မြင်လို့မကောင်းအောင်ပါပဲ။ ရက်စ်ဘယ်ရီသီး (raspberry) အရိုင်းတွေလည်း လမ်းတလျှောက် မကြာခဏတွေ့ရလို့ ကိုယ်တောင်ခူးစားလိုက်သေးတယ်။ အားပါး ချဉ်တူးနေတာပဲ။ အမှန်က အနီရောင်မှဲ့မှဲ့ကို ရွေးခူးရမှာ။ လမ်းမှာရေပြတ်သွားလို့ ရေတံခွန်လေးတစ်ခုမှာ ပါလာတဲ့ရေဗူးတွေကို ရေဖြည့်ပြီး ဆက်တက်ကြပါတယ်။

နေ့လည်၃နာရီခွဲလောက်ရောက်တော့ ခရီးကသိပ်မပေါက်သေးဘူး ဗိုက်ကဆာကြပြီ။ ကြိုတင်ထုပ်ပိုးလာတဲ့ စားစရာတွေကို တောင်တက်လမ်းနံဘေးက မြေခပ်ပြေပြေမှာ လဲကျနေတဲ့သစ်တုံးတချို့အပေါ်မှာထိုင်ပြီး ထုတ်စားကြပါတယ်။ ကိုယ်က ဆိုင်ကဝယ်လာတဲ့ခေါက်ဆွဲကြော်၊ သူက ဆန်းဒွစ်ခ်ျ (sandwich) စားပြီး စတော်ဘယ်ရီသီး ချိုချိုရဲရဲတွေနဲ့ အမြန်အချိုတည်းပြီး ခရီးဆက်ခဲ့ကြပါတယ်။

တောင်ဘယ်လောက်မတ်မတ် တောဘယ်လောက်ထူထူ လူတွေရော ခွေးတွေရော ခြေလျင်တောင်တက်သွားကြတာဟာ အမေရိကမှာ တွေ့ရလေ့ရှိတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အခုလည်း တွေ့ရတဲ့လူတစ်ယောက်စနှစ်ယောက်စလေးမှာကို ခွေးတွေကအမြဲပါတယ်။ ကြိုးလွှတ်ပြီးတော့ကို သခင်ရော ခွေးရော အပြိုင်တောင်တက်ကြတာ သိပ်ကြည်နူးဖို့ကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် လမ်းမှာဖြတ်သွားမိကြရင်တောင် ဟိုင်း နေကောင်းလားဘာလား ပြုံးပြနှုတ်ဆက်ပြီး တခုတ်တရနဲ့ လူတိုင်းကိုမေးကြတယ်။ ချစ်စရာဓလေ့ကလေးတွေ..။

ထင်းရှူးတောလို့ပြောရင် မမှားပါဘူး။ ဒီဘက်တွေ အကုန်ထင်းရှူးတွေချည်းပဲ။ သိပ်ပေါတယ်။ တချို့နေရာတွေမှာဆို အခြားသဘာဝပေါက်ပင် ချုံနွယ်ပိတ်ပေါင်းတွေထူထပ်ပြီး လူတစ်ယောက်တောင် လမ်းကိုမဝင်သာလို့ လက်ကလေးတွေ အပေါ်မြှောက်ပြီး သွားကြရတယ်။ တချို့အပင်တွေကဆူးတွေနဲ့မို့ လက်ဘေးချပြီးသွားရင် ငြိပြီးစူးတယ်လေ။ အောက်ကိုချည်းပဲ လမ်းချော်မှာစိုးလို့ စိုက်ကြည့်နေလို့က မရသေးပြန်။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်မှာကလည်း သစ်ကိုင်းတွေ၊ လဲကျနေတဲ့သစ်ပင်တွေရဲ့ ပင်စည်တွေကို ငုံ့ရှောင်ရသေးပြန်။ တော်ရုံတန်ရုံ စိတ်ရှည်ရုံနဲ့တော့ မရဘူး။ တော်သေးတာပေါ့ ရုပ်ရှင်တွေထဲမှာလို မြွေတွေ ပင့်ကူကြီးတွေ ဝက်ဝံတွေ မတွေ့ခဲ့ရလို့။ ကိုယ်တို့က လူတွေသွားနေကျ လမ်းတွေကနေပဲသွားတာလည်းပါမှာပါ။ လူသွားလမ်းကနေချော်ထွက်ပြီး တကယ့်တောနက်ထဲရောက်သွားရင်တော့ အကောင်ပလောင်တွေ တွေ့နိုင်တယ်။ ဝက်ဝံနဲ့မြေခွေးပေါတယ်လို့ နာမည်ကြီးတယ်။ သမင်တွေလည်းပေါတယ်။ ကြောက်တော့ကြောက်စရာကြီး။

ဘာလိုလိုနဲ့ စကားလေးတပြောပြောနဲ့ နားနားပြီးတက်လိုက်တာ တောင်ခြေကနေ ၅မိုင်သာသာတက်မိတော့ နတ်သမီးကမ်းပါးကို ရောက်ခဲ့ပါပြီ။ ဓာတ်ပုံတွေမှာလည်း မြင်ရမှာပါ။ ရှုခင်းက စာဖွဲ့လောက်ပါရဲ့။ ကမ်းပါးထိပ်မှာ စွန်းထွက်တွေနဲ့ ကျောက်တောင်တန်းကြီးပေါ်ကို ကိုယ်တို့လမ်းလျှောက်နေခဲ့တာ။ အောက်မှာ ကားလမ်း ရထားလမ်းတွေနဲ့ သစ်ပင်တွေ၊ ဟိုဘက်မှာ ကိုလံဘီယာမြစ်ကို တမျှော်တခေါ် မြင်ရတယ်။ မြစ်တစ်ဖက်ကမ်းမှာက ဝါရှင်တန်ပြည်နယ်ရဲ့ စိမ်းညို့အုပ်စိုင်းနေတဲ့အလှ။ အလှဆုံးကတော့ တိမ်တွေပါပဲ..။ ဒီနေ့ကျမှ လှရက်လိုက်ကြတာ။ လေကလည်း မြို့ပြကလေနဲ့ လားလားမှမဆိုင်။ အဆုပ်ထဲထိကို အေးစိမ့်ကြည်နူးသန့်စင်သွားတဲ့လေ။ ကမ်းပါးပေါ်မှာ လူနည်းနည်းပဲရှိတယ်။ အေးအေးဆေးဆေးထိုင်နေကြတယ်။ တချို့ကလည်း ဓာတ်ပုံရိုက်လို့။ တချို့ကလည်း အဝေးဆီကိုမျှော်ကြည့်ရင်း ငေးလို့ဆွေးလို့..

ကိုယ်တို့လည်း ဓာတ်ပုံတွေအမုန်းရိုက်၊ ရှုခင်းကို တဝခံစား၊ လေကိုတဝရှူပြီးမှ ကမ်းပါးထိပ်မှာ ခဏထိုင်နားကြတယ်။ ကိုယ့်ကိုယ်ကို အမြင့်ကြောက်လှထင်နေတာ သူက ကိုယ့်ထက်ကြောက်တယ်။ ကမ်းပါးထိပ်ပိုင်းနားကို သူမတက်ရဲဘူး။ ကိုယ်ကတောင် တက်ရဲသေးတယ်။ ဘာမှမဟုတ်ဘူး ဓာတ်ပုံတက်ရိုက်တာ။ ဝါသနာကိုး..။ ထိုင်နားတော့မှ ကိုယ်က ပါလာတဲ့ မက်မွန်သီးချိုချိုနှစ်လုံးထိုင်ဆွဲ၊ သူကလည်း ဗိုက်ပြန်ဆာလို့ဆိုပြီး ဆန်းဒွစ်ခ်ျနောက်တစ်လုံးထပ်စား။ နှစ်ယောက်သား စကားအေးအေးဆေးဆေးပြောပြီး ပြန်ဆင်းခဲ့ကြတယ်။ ဆင်းရမှာတောင် နှမြောတယ်…

အဲ့ဒီမှာပြဿနာတစ်ခုက စတာပဲ။ သူက လာရာလမ်းအတိုင်း ပြန်ဆင်းချင်တယ်။ လမ်းမှာ မသွားခဲ့ရတဲ့ရေတံခွန်တချို့ကို အချိန်ရသေးရင် ဝင်ချင်တယ်။ ကိုယ်က အဲ့လိုမဟုတ်ဘူး။ လာခဲ့ပြီးသားလမ်းကြီး နှစ်ခါပြန်မသွားချင်ဘူး။ သွားမယ့်သွား တခြားလမ်းဘက်ကပဲ ဆင်းချင်တယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူကပဲ ကိုယ့်ကိုဦးစားပေးပြီး ကိုယ်ဆင်းချင်တဲ့လမ်းကနေပဲ ဆင်းခဲ့ကြတယ်။ သိပ်မှားတဲ့ရွေးချယ်မှုပေါ့။ တောင်ထိပ်ကနေ တောင်ခြေကို အလာလမ်းလောက် မလျှောက်ရဘဲ နာရီဝက်လောက်ဆင်းတာနဲ့ ရောက်သွားပြီ။ ရောက်သွားတာက ကိုယ်တို့ကားရပ်ခဲ့တဲ့နေရာမဟုတ်ဘူး။ ဟိုင်းဝေးလမ်းမကြီးနဲ့ ရထားလမ်းကြီး။ လူသွားလမ်းမရှိ၊ ပလက်ဖောင်းမရှိ။ အဲ့ဒီကနေ ကိုယ်တို့ကားရှိရာကို တစ်နာရီထပ်လျှောက်ရမယ်။ ဒါပေမဲ့ ဟိုင်းဝေးလမ်းပေါ်ကနေ တည့်တည့်လျှောက်ရမှာ။ လူသွားလမ်းလုပ်မပေးထားတဲ့အတွက် ကားလမ်းဘေးမှာ ကပ်ပေါက်နေတဲ့ ချုံပင်တွေဆူးပင်တွေ ကျောက်တုံးတွေကြားက ခက်ခက်ခဲခဲ ကြပ်ညပ်ပြီး လမ်းလျှောက်ခဲ့ရတယ်။ အရှေ့မှာကားလာရင် ကားလမ်းမပေါ်က ဆင်းပေးရပြီး ခဏစောင့်ရတယ်။ ကားတွေဖြတ်သွားပြီးမှ ကိုယ်တို့ဆက်သွားရတယ်။ ကားလမ်းက အဲ့လောက်ထိကျဉ်းတာ။ နှစ်လမ်းသွားကတ္တရာပေမဲ့ ဘေးမှာ နေရာချန်မပေးထားဘူး။ ကားလမ်းကွက်တိဆောက်ထားတာ။ ဘေးချော်သွားတာနဲ့ ဆူးပင်တွေ ကျောက်တုံးတွေ။ တချို့နေရာတွေမှာ ချောက်တွေရှိတယ်။ အဲ့လိုနေရာတွေဆို သေချာသတိထားပြီး လမ်းသွားရတယ်။ ရှေ့မှာကားလာရင် ဆင်းပေးစရာမြေမရှိဘူး။ ကားသမားကို ဆောရီးပါပြောပြီး မြန်မြန်လျှောက်ရတယ်။ သူတို့က စိတ်ရှည်ရှည်နဲ့စောင့်ပေးတယ်။ လျှာရှည်ပြီး ဒီလမ်းကိုရွေးခဲ့တဲ့ကောင် ခံလေ။

ကိုယ်ကပြဿနာမဟုတ်ပေမဲ့ သူက ကိုယ်နဲ့အတူ ဒုက္ခလိုက်ခံသလိုဖြစ်နေတယ်။ ဒါပေမဲ့ သူ့ကို မကြာမကြာ အကဲခတ်ကြည့်တယ်၊ အဆင်ပြေလားဘာလား စကားပြောကြည့်တယ်။ တစ်ချက်ကလေးမှာ ကိုယ့်အပေါ် မျက်နှာမပျက်ဘူး၊ မငြူစူဘူး။ သူ့ဥာဉ်အတိုင်း ပြုံးနေတာပဲ။ အဲ့ဒါလေးတစ်ခုတော့ တော်တော်စိတ်ချမ်းသာရပါတယ်။ ကားလမ်းက လူသွားလမ်းမရှိလို့ ခက်ခဲတာလေးတစ်ခုကလွဲရင် တော်တော်လှပါတယ်။ စိမ်းစိုနေတဲ့ ကျေးလက်တောရွာလမ်းကလေးပေါ့။ အိမ်တစ်လုံးတစ်လေ တွေ့ခဲ့ရတယ်။ ချစ်စရာစာတိုက်ပုံးလေးတွေလည်း လမ်းဘေးမှာ တွေ့ခဲ့ရတယ်။ ရေကန်ကြီးတစ်ကန်တွေ့ခဲ့တယ်။ လူမသွားရဆိုတဲ့လမ်းမှာမှ လျှောက်ခဲ့မိလျက်သားမို့ တခြားသူတွေမမြင်ရတဲ့အရာတွေ တခြားသူတွေ မခံစားမတွေ့ကြုံရတာတွေ ကိုယ်တို့ တွေ့ကြုံခဲ့ရလို့ ခရီးလေးက ပိုပြီးအမှတ်ရစရာ မမေ့နိုင်စရာဖြစ်သွားတယ်လို့ပြောလို့ရတယ်။ သူ့ကိုတောင် ပြောဖြစ်သေးတယ်။ တကယ့်ကို unforgettable ပါကွာ..လို့။ ခက်ခက်ခဲခဲသွားခဲ့ရလို့လေ။

တစ်နာရီဆိုတာ အဲ့အချိန်မှာ တော်တော်ကြာတာ..။ ကားတွေကလည်း လာမဆုံးနိုင် သွားမဆုံးနိုင်၊ ကုန်ကိုမကုန်တော့ဘူး။ ကိုယ်တို့မှာလည်း ကြပ်ကြပ်သိပ်သိပ် သတိကြီးကြီးထားပြီး လမ်းလျှောက်နေရတာ။ တစ်နေရာရောက်တော့ တံတားတစ်ခုတွေ့တယ်။ “လမ်းသွားလမ်းလာများအတွက်မဟုတ်၊ မဝင်ရ” ဆိုပြီး ဆိုင်းဘုတ်ကြီးချိတ်ထားတယ်။ ကားနှစ်စင်း ဟိုဘက်ဒီဘက် အသွားနဲ့အပြန်ပဲ ဆံ့တယ်။ လူတစ်ယောက်ခြေချပြီးဖြတ်ဖို့ နေရာကိုမရှိတာ။ အဲ့ဒါနဲ့ ဟာ.. ငါတို့တော့ သွားပြီပေါ့။ ရောက်ခါနီးမှ ဒုက္ခတော့များပြီ။ နောက်ပြန်ဆုတ်လို့လည်းမရ ရှေ့တိုးလို့လည်းမရ။ အကြပ်ရိုက်နေတုန်းမှာပဲ ကိုယ်က ဟိုဘက်ကုန်းအဆင်းလေးက ရထားသံလမ်းကိုသွားတွေ့တယ်။ မင်းရထားလမ်းပေါ်ကသွားရဲလားဆိုတော့ ကိုယ့်ကိုကြောင်ကြည့်နေတယ်။ ကိုယ်တွေက ရန်ကုန်မှာတုန်းက ရထားသံလမ်းဘေးမှာနေလာတာဆိုတော့ ရထားလမ်းမှာလမ်းလျှောက်ရတာ ရိုးနေပြီ။ ခပ်တည်တည်နဲ့ ရှေ့ကဆင်းချသွားတော့ သူလည်း နောက်ကနေ လိုက်လာတယ်။ စိတ်ထဲမှာတော့ ကြောက်နေပုံရတယ်။ ဒီနိုင်ငံမှာက ရထားလမ်းပေါ်တက်ရင် ဥပဒေနဲ့မညီဘူးကိုး။ အရေးယူလို့ရတယ်။ အဖမ်းခံရနိုင်တယ်။ ဒါပေမဲ့ တောထဲမှာ ဘယ်သူမှရှိတာမှမဟုတ်တာ။ စစ်မယ့်လူလည်းမရှိဘူးဆိုပြီး ကဲလာ..ရောက်ခါနီးနေမှပဲဆိုပြီး ရှေ့ဆောင်ပြီး သွားချလိုက်တာ ခဏနေတော့ ကိုယ်တို့ကားဆီရောက်တာပါပဲ။ အဲ့သလိုတွေ သွားခဲ့ရတာ။ တော်တော်အမှတ်ရစရာပါပဲ။

ကားဆီရောက်တော့ နှစ်ယောက်သား ခြေထောက်တွေလည်းညောင်းညာကိုက်ခဲ၊ လူလည်းပင်ပန်း၊ ဗိုက်တွေလည်းဂွီနေပြီ။ ညကိုးနာရီလည်းထိုးပြီလေ။ နေကတော့ အခုမှဝင်မလို့လုပ်တုန်း။ အပြည့်အဝ မဝင်သွားသေးဘူး။ အလင်းရှိနေသေးတယ်။ အဲ့ဒါနဲ့ တောင်ခြေ Multnomah Falls ရေတံခွန်တွေအောက် ပြန်ရောက်သွားပြီး အဲ့ဒီက Lodge မှာပဲ ဈေးကြီးကြီးစားသောက်ဆိုင်မှာ မနေနိုင်တော့တာနဲ့တက်စားလိုက်တာ နှစ်ယောက်စာကို ဒေါ်လာ၈၀ကုန်သွားတယ်။ သူဝယ်ကျွေးမယ်ဆိုပြီး သူပဲရှင်းလိုက်တယ်။ ဗိုက်ကားအောင်စားသောက်ပြီးတော့ ကားမောင်းအိမ်ပြန်လာကြတယ်။ အိမ်ရောက်တော့ ည၁ဝနာရီကျော်နေပြီ။ ကိုယ်ကတော့ ခြေထောက်ဆေး အဝတ်အစားလဲပြီး ဒီပို့စ်လေးကိုရေးနေတယ်ပေါ့။ သူကတော့ ရောက်တာနဲ့ ခုတင်ပေါ်တန်းတက်ပြီး အိပ်ပျော်နေပြီ။ ကောင်းသောညပါ အိန်ဂျယ်လ်တွေရေ..