ကိုယ့်ကိုယ်ကိုခွင့်လွှတ်ခြင်း (Self-forgiveness)

ကိုယ့်ကိုယ်ကိုခွင့်လွှတ်ခြင်း (Self-forgiveness)
 
ခုတလော ကိုယ့်ကိုယ်ကိုခွင့်လွှတ်ခြင်းအကြောင်း ပိုနားလည်လာတယ်။ ကိုယ့်နောက်ဆုံးချစ်သူနဲ့ပြတ်တုန်းက တစ်ပတ်ဆယ်ရက်လောက် အသည်းအသန် ခံစားလိုက်ရတယ်။ တချို့လည်း ဒီထက်မကကြာအောင် ခံစားကြရမှာကို ကိုယ်ချင်းစာမိတယ်။ ဒီလိုနာကျင်ခံစားရတာနဲ့အမျှ အတွေးပေါင်းစုံ၊ အခြားခံစားချက်ပေါင်းစုံကလည်း ရောနှောဝင်ရောက်လာတယ်။
 
အထူးသဖြင့် နောင်တရသလိုလို၊ မိမိကိုယ်ကို အပြစ်ရှိသလိုလိုခံစားချက်က အရမ်းဆိုးရွားတယ်။ ငါ ဒီလိုလုပ်ခဲ့မိရင်ကောင်းသား၊ ငါ ဘာဖြစ်လို့ အဲ့ဒီအချိန်တုန်းက အဲ့လိုမလုပ်မိတာလဲ၊ အဲ့လိုမပြောမိတာလဲ၊ အဲ့ဒါကို လက်မခံမိတာလဲ၊ ဟိုကိစ္စကို ခွင့်ပြုမိတာလဲ၊ ခွင့်မပြုမိခဲ့တာလဲ စသဖြင့် ဟိုဟာလုပ်မိရင်ကောင်းသား၊ ဒီဟာမလုပ်မိရင်ကောင်းသား စသဖြင့် ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းတွေ စိပ်လာတယ်။
 
တစ်ဖက်လူက ကိုယ့်ကိုဘာလုပ်သွားသွား၊ ဘယ်လိုပဲ တစ်ဖက်စောင်းနင်း သစ်စိမ်းချိုးချိုးပြီး ထားသွားပါစေဦး သူ့အပေါ်မကောင်းမြင်တာထက် ကိုယ့်ကိုယ်ကိုမကောင်းမြင်စိတ်၊ အပြစ်ပုံချလိုစိတ်က ပိုပြင်းထန်တတ်တာ သဘာဝပဲဖြစ်တယ်။ ကိုယ်တကယ်မလုပ်ခဲ့မိတဲ့အရာတွေကို လုပ်များလုပ်လိုက်မိရင်၊ မပြောမိခဲ့တဲ့စကားတွေ ပြောများပြောလိုက်မိရင်..၊ အလားတူစွာပဲ လုပ်ခဲ့မိတဲ့အရာတွေကိုလည်း မလုပ်များမလုပ်လိုက်မိရင်၊ ပြောခဲ့တဲ့စကားတွေကိုလည်း မပြောများမပြောခဲ့ရင်.. စသဖြင့် ဘယ်လိုပဲနေနေ တစ်ပြစ်မဟုတ်တစ်ပြစ်ကတော့ ကိုယ့်ကိုယ်ကိုတင်မိတတ်ကြတယ်။ ပြီးရင် အဲ့ဒီ လုပ်ခဲ့မှု၊ မလုပ်ခဲ့မှုတွေအပေါ် ဆင့်ကာဆင့်ကာ အတွေးညွန့် တလူလူတက်ပြီး နောင်တတွေရကြတယ်။ မိမိကိုယ်ကို အပြစ်တင်ကြတယ်။ 
 
ဒီလိုနောင်တတွေ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်မှုတွေကြောင့်ပဲ အသည်းကွဲရတဲ့အထဲ စိတ်က ပိုလို့နာကျင်ရတယ်။ စိတ်နေထိုင်မကောင်းဖြစ်ရတယ်။ စိတ်ဓာတ်ကျရတယ်။ ယူကျုံးမရ ဖြေမဆည်နိုင်ဖြစ်ရတယ်။ ဒီလိုနည်းနဲ့ ဝေဒနာဟာ သက်ဆိုးမရှည်သင့်ဘဲရှည်ရပြီး နလန်ပြန်ထူနိုင်ဖို့အချိန် ပိုတာရှည်ရတယ်။ လွှတ်မချနိုင်ခြင်းတွေများပြီး ရင်ဘတ်ထဲ ဦးနှောက်ထဲ အများကြီး ခံစားချက်တွေ ထပ်ထပ်ဖြည့်ရင်း အနာမကျက်နိုင်တော့ဘဲ ကျွန်းမျောကြီးဖြစ်ရတယ်။
 
ကြာတော့ အအိပ်အစားထိခိုက်၊ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးထိခိုက်၊ လုပ်ငန်းခွင် ကျောင်း မိသားစုနဲ့ အခြားလူမှုဆက်ဆံရေး စတာတွေမှာပါ တဖြည်းဖြည်းနဲ့ထိခိုက်လာပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှု နည်းပါးလာတယ်။ ပတ်ဝန်းကျင်ကိုပါအပြစ်မြင်လာပြီး ပတ်ဝန်းကျင်ကနေ မိမိကိုယ်ကို ဖယ်ကြဉ်ရှောင်ရှားလာနိုင်တယ်။ ဒီကတစ်ဆင့် စိတ်ကျရောဂါ အလွယ်ကလေး ဝင်လာတတ်တယ်။ တခြားဆိုးမိုက်တဲ့အတွေးတွေ၊ အနုတ်လက္ခဏာဆောင်တဲ့ အမူအကျင့်တွေပါ ရောယောင်ပေါ်ပေါက်လာနိုင်တယ်။ ဘဝဟာ တောင်ကုန်းအဆင်းချည်းပဲဖြစ်လာပြီး ချောက်နက်သထက်နက်လာနိုင်တယ်။ 
 
ဒီလိုအဖြစ်မခံနိုင်ဘူးဆိုရင် စိတ်ကို စနစ်တကျ ကြိုးစားပြီးပြင်ဆင်တတ်အောင်၊ စိတ်ထားတတ်အောင်လေ့ကျင့်မှပဲ ရနိုင်တယ်။ ဒီလိုလေ့ကျင့်ပြင်ဆင်တဲ့နေရာမှာ ကိုယ့်စိတ်ရဲ့သဘောသဘာဝအပြင် စိတ်နဲ့ဆက်နွယ်နေတဲ့ ကိစ္စအတော်များများကို နားလည်ထားရင် အများကြီး အထောက်အကူပြုပြီး စိတ်ပြင်ဆင်ရတာလည်း ပိုလွယ်ကူတယ်။ ပိုမြန်ဆန်တယ်။
 
ကိုယ့်ကိုယ်ကိုခွင့်လွှတ်ခြင်းဟာ ဒီထဲမှာ အဓိကနေရာက ပါဝင်နေတယ်။ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ဖို့ကိစ္စဟာ အင်မတန်ခက်ခဲတယ်။ အထက်မှာပြောသလိုပဲ ငါလုပ်ခဲ့လို့၊ ငါမလုပ်ခဲ့လို့၊ ငါပြောခဲ့လို့၊ ငါမပြောခဲ့လို့ စသဖြင့် ကိုယ်ဘာလုပ်လုပ် ဒါကိုဆန့်ကျင်ဘက်လိုက်တွေးပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်နေသရွေ့တော့ ဒီနွံထဲကနေ ကိုယ်လွတ်ရုန်းနိုင်မှာကိုမဟုတ်ဘူး။
 
ဒီတော့ ဘာလုပ်မလဲ။ မိမိကိုယ်ကိုခွင့်လွှတ်တတ်အောင် ကြိုးစားရမယ်။ ကိုယ်ဘယ်လိုပဲနေနေ လုပ်လုပ် ပြောပြော တစ်ဖက်လူက ကိုယ့်ကိုစိတ်ကုန်လာတဲ့အခါ သို့မဟုတ် အချစ်လျော့သွားတဲ့အခါမှာ ထားသွားချင်ထားသွားမှာပဲ။ သစ္စာဖောက်ချင်လည်းဖောက်မှာပဲ။ ကိုယ့်အပေါ်အပြစ်တွေပုံချသွားပြီး အရာရာဟာ ကိုယ့်ကြောင့်လို့စွပ်စွဲပြီး ကိုယ်လွတ်ရုန်းချင်လည်းရုန်းသွားမှာပဲ။ ဒါမှမဟုတ် ဘာတစ်ခွန်းမှမပြောဘဲ ကိုယ့်ဘဝထဲကနေ တိတ်တိတ်လေး ထွက်ချင်လည်းထွက်သွားမှာပဲ။
 
သူ့လုပ်ရပ်နဲ့အတွေးအခေါ် ခံစားချက်တွေကို ကိုယ်ကထိန်းချုပ်လို့မရနိုင်တဲ့အတွက် သူဘာလုပ်မယ်ဆိုတာကို ကြိုတွက်ထားခဲ့ဖို့လည်း မဖြစ်နိုင်ဘူး။ ကိုယ်ဘယ်လိုလုပ်လုပ် ဘယ်လိုနေနေ ထားသွားချင်သူက ထားကိုထားသွားမှာပဲ။ ဒါဟာ အချစ်စစ်မဟုတ်လို့ပဲလို့ သတ်မှတ်ရမယ်။ ကိုယ့်အပေါ် တကယ့်အချစ်စစ်နဲ့သာချစ်ရိုးမှန်ရင် တော်ရုံတန်ရုံ အခက်အခဲ ပြဿနာလောက်ကို နှစ်ဦးသားအတူတူ နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုတွေနဲ့ ညှိနှိုင်းကျော်ဖြတ်ရမှာဖြစ်ပြီး ဒီလိုညှိနှိုင်းကျော်ဖြတ်နိုင်ဖို့ကိုလည်း တစ်ယောက်ကိုတစ်ယောက် အခွင့်အရေးနဲ့အချိန် ပေးချင်စိတ်ရှိရမှာဖြစ်တယ်။
 
ဒီလိုလုပ်ချင်စိတ်မရှိဘူးဆိုကတည်းက ကိုယ့်အပေါ် ရေရှည်မှာ အကြာကြီးတကယ်လက်တွဲဖို့ စိတ်ကူးမရှိထားလို့ပဲ။ ထစ်ခနဲရှိ အပြစ်မြင်နေပြီး ဘာလေးထဖြစ်လိုက်ထဖြစ်လိုက် ကွဲမယ်ပြတ်မယ်ပဲ ပြောနေတာဟာ ကိုယ့်အပေါ် မေတ္တာစစ်မထားနိုင်လို့ပဲ။ ကိုယ်တကယ်မေတ္တာရှိတဲ့သူ၊ ဘယ်တော့မှမစွန့်လွှတ်နိုင်သူတစ်ယောက်ဆိုရင် ဒီလိုဘယ်လုပ်မလဲ။
 
အပြစ်တွေတစ်ခုပြီးတစ်ခုမြင်နေမယ်၊ ဒီ relationship ဆက်လက်တည်မြဲအောင် အတူတူညှိနှိုင်းထိန်းကွပ်ဖို့လည်းဆန္ဒမရှိဘူးဆိုရင် ဒါဟာ အချစ်စစ် မဟုတ်ဘူး။ အချစ်တုပဲဖြစ်တယ်။ ဒီလိုအချစ်တုမျိုးပေးတဲ့သူနဲ့ ဆက်လက် လက်တွဲနေရင် ကိုယ်ပဲ ရေရှည်မှာ ထိခိုက်ခံစားရမယ်၊ နစ်နာမယ်၊ ဆုံးရှုံးမယ်။ ကိုယ့်ဘဝရဲ့ အချိန်နဲ့တန်ဖိုးတွေကို မမှန်ကန် မသင့်လျော်တဲ့လူတစ်ယောက်ဆီ ပုံပေးမိလျက်သားဖြစ်နေတာမို့ ကိုယ့်အတွက် ဆုံးရှုံးမှု သိပ်ကြီးတယ်။ 
 
ဒီတော့ ဒီလိုမေတ္တာမမှန်တဲ့လူမျိုးက ကိုယ်ဘာလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ထားချိန်တန်ရင် ထားသွားမှာပဲ။ သစ္စာဖောက်ချိန်တန်ရင် ဖောက်သွားမှာပဲ။ ဘာတစ်ခွန်းမှ စကားမဆိုတော့ဘဲ ယတိပြတ် အဆက်အသွယ်ဖြတ်ချိန်တန်ရင် ဖြတ်သွားမှာပဲ။ ဒါဟာ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ သူနဲ့ပဲဆိုင်တယ်။ သူ့ခံစားချက်၊ သူ့ဆုံးဖြတ်ချက်၊ သူ့ဘဝအမြင်နဲ့ချင့်ပြီး သူရွေးချယ်သွားတဲ့လမ်းပဲဖြစ်တယ်။ ဒါကို ကိုယ့်ကြောင့်ရယ်လို့ မျက်လုံးမှိတ်စွပ်စွဲပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်နေလို့မရဘူး။ ဒါဟာ မှားတယ်။
 
ချစ်သူထားသွားရခြင်းဟာ ကိုယ့်ပယောဂ လုံးဝမပါဘူး၊ ကိုယ့်အပြစ် လုံးဝမရှိဘူးလို့တော့ မဆိုလိုဘူး။ ဒါပေမဲ့ အရာအားလုံးဟာ ကိုယ့်တစ်ယောက်တည်းကြောင့်မဟုတ်ဘူးဆိုတာကို သေချာသဘောပေါက်ဖို့လိုတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ။ ကိုယ့်လုပ်ရပ်တွေကြောင့်ချည်းပဲ ဟိုက ထားသွားတာမဟုတ်ဘူး။ သူ့လုပ်ရပ်ကြောင့်ထားသွားတာလည်း ဖြစ်နိုင်တာပဲ။ သူ့ဟာသူ မလုံတော့လို့၊ မဝံ့တော့လို့၊ ရှေ့မဆက်ရဲတော့လို့ ကိုယ့်ကိုထားသွားတာလည်းဖြစ်နိုင်တယ်။
 
လူတိုင်းဟာ မိမိကိုယ်ကိုမလုံခြုံတဲ့ခံစားချက်မျိုးကို ဖော်ပြတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့က မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းပြီး စကားပြောကြည့်ကြချင်ပေမဲ့ တချို့ကလည်း ကြောက်အားလန့်အားနဲ့ အိုးမလုံအုံပွင့်ပြီး ကန်ထွက်သွားတတ်ကြတယ်။ သူတို့ရဲ့ပြဿနာဖြေရှင်းနည်းဟာ ပြဿနာကနေ ထွက်ပြေးသွားခြင်း၊ ပြဿနာကို မျက်ကွယ်ပြုသွားခြင်းလည်း ဖြစ်နေတတ်တယ်။ ဒီအခါမှာ ကိုယ့်အနေနဲ့ ဘာမှမတတ်နိုင်ဘူး။ သူတို့စိတ်ကို ကိုယ်မြင်ရတာလည်းမဟုတ်။ ဒီလိုလုပ်ပါ၊ ဒီလိုမလုပ်ပါနဲ့ရယ်လို့ သွားပြောလို့ရတာလည်းမဟုတ်။ သူ့စိတ်၊ သူ့ရွေးချယ်မှုနဲ့သူသာ ဦးဆောင်ဦးရွက်ပြုပြီး သူလုပ်သင့်တယ်ထင်တာကိုလုပ်သွားတာမို့ ကိုယ့်အပြစ်မဟုတ်ဘူး။ 
 
ကိုယ့်အပြစ်မဟုတ်တာကို ဟုတ်ပါတယ်လို့ အတင်း မသတ်မှတ်သင့်ဘူး။ ကိုယ့်ဘဝ၊ ကိုယ့်တန်ဖိုးနဲ့ ကိုယ့်သိက္ခာကိုလည်း လူသားတစ်ဦးပီပီ ငဲ့ကွက်ရမယ်။ ထောက်ထားရမယ်။ ကိုယ့်ကိုယ်ကိုလည်း ချစ်ရမယ်။ လူတစ်ယောက်အတွက်ကြောင့်နဲ့ ဒီတန်ဖိုး၊ သိက္ခာနဲ့ ဘဝတွေကို အနစ်မွန်းမခံသင့်ဘူး။ အသည်းကွဲတယ်မှတ်လား ကွဲပစ်လိုက်။ ငိုချင် ငိုပစ်လိုက်။ ကြေကွဲပစ်လိုက်။ ဖီးလ်ပစ်လိုက်။ ခဏပေါ့။ ဘယ်လောက်ခံစားနိုင်မလဲ ခံစားလိုက်စမ်းပါ။ ပြီးသွားရင် ပြီးခဲ့တဲ့နေရာမှာပဲ ထားခဲ့လိုက်။ အစကနေ ပြန်စရမယ်။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ရမယ်။ ကိုယ့်ကိုယ်ကို ငဲ့ညှာရမယ်။ နားလည်ရမယ်။ ကိုယ့်ကိုချစ်သူခင်သူတွေအပေါ် ပြန်ထောက်ထားရမယ်။
 
ကိုယ့်ကို တကယ်ချစ်ခင်လေးစားနေသူတွေ ရှိတာပဲ။ သူတို့အပေါ် အာရုံထားလိုက်။ ကိုယ့်ကိုယ်ကို ပိုချစ်ပစ်လိုက်။ ကိုယ့်တန်ဖိုးကိုယ် ပိုမြှင့်ပစ်လိုက်။ ကိုယ့်ကိုမချစ်လို့ထားခဲ့သူအပေါ် အာရုံစိုက်ပြီး ဖီးလ်မနေတော့နဲ့။ အချိန်တစ်ခုပေးသင့်သလောက်ပေးပြီးရင် ဘဝထဲက ထုတ်ပစ်လိုက်တော့။ အတိတ်တစ်ခု၊ သင်ခန်းစာတစ်ခုအနေနဲ့ပဲ ဘဝစာမျက်နှာရဲ့ ထောင့်တစ်ခုမှာ ချန်ထားခဲ့လိုက်တော့။ ရှေ့ဆက်ရမယ့်ခရီးလမ်းတွေနဲ့ ဆက်လက်ရေးရဦးမယ့် ကိုယ့်သမိုင်းက အရှည်ကြီးရှိသေးတယ်။ ကိုယ့်ကိုယ်ကို မြန်မြန်ခွင့်လွှတ်ပြီး ကိုယ့်ကိုယ်ကို လွတ်မြောက်ခွင့် အခုပဲ ပေးလိုက်တော့။ 
 
Craton Highways

Leave a comment