လွတ်မြောက်ခြင်းစိတ်ပညာ

တခါတလေမှာ needy ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားဖူးကြတဲ့လူတွေရှိတယ်။ အမြဲလိုလို တစ်ယောက်ယောက်ကို လိုအပ်နေတာ၊ တွယ်တာချင်နေတာမျိုး၊ အားကိုးမှီတွဲချင်နေတာမျိုး။ တစ်ယောက်တည်းရပ်တည်ရှင်သန်နေရရင်ကို မပြည့်စုံဘဲ ကွက်လပ်တစ်ခုခု အမြဲလစ်ဟာနေတယ်လို့ထင်ရတဲ့ ခံစားချက်မျိုး။ Needy ကိစ္စကိုအကြောင်းပြုပြီး တစ်ယောက်ယောက်နဲ့ ချစ်ကြိုးသွယ်နှောင်တွယ်မိသွားတဲ့အခါမှာ ကိုယ့်ရဲ့ ပါတနာ (partner) အပေါ် တစ်ချိန်လုံး မှီတွယ်နေချင်တယ်။ သူဘယ်သွားသွား ဘာလုပ်လုပ် ဘယ်သူနဲ့တွေ့တွေ့ သိချင်နေတယ်။ သူနဲ့ပတ်သက်ရင် ကကြီးကနေ အအထိ အကုန်သိချင်တယ်။ ကိုယ့်အပေါ် ဂရုစိုက်တာ၊ ကြင်နာယုယပြတာ၊ attention ရနေတာမျိုးကိုပဲ အမြဲတောင့်တနေတတ်တယ်။ အဲ့ဒါတွေမရဘူးဆိုရင် ရအောင်နည်းလမ်းတွေသုံးပြီး ပြုမူတတ်ကြတယ်။

အဲ့လိုတွေပြုမူတဲ့အခါ တခါတလေ တစ်ဖက်သားကို ချောင်ပိတ်မိသလိုခံစားချက်မျိုး ရစေနိုင်တယ်။ တအားဖိအားတွေပေး၊ တစ်ချိန်လုံးဒေါက်ထောက်ပြီးစောင့်ကြည့်နေတော့ တစ်ဖက်သားခမျာပါ အသက်ရှူကြပ်သလိုခံစားရနိုင်တယ်။ နောက်ပြီး သူ့အပေါ် မယုံသင်္ကာဖြစ်တယ်လို့လည်း ခံစားသွားရစေနိုင်တယ်။ အဆိုးဆုံးကတော့ တစ်ဖက်လူမှာ ဖြစ်ပျက်နေသမျှ၊ အနိမ့်အမြင့် အပျော်အရွှင် အငိုအရယ် ဝမ်းနည်းမှု ဝမ်းသာမှုမှန်သမျှကို ကိုယ်က စိတ်ဝင်စားလွန်းနေပြီး မသိသိအောင်၊ သူမပြောပြောအောင်တွေ အတင်း ကြံဖန်လှည့်ပတ်ပြီးမေးတော့ တစ်ဖက်သားအပေါ် အတင်း push လုပ်နေသလိုဖြစ်နေတယ်။ အဲ့ဒီလို အတင်းအကြပ် တစ်ချိန်လုံး pushy လုပ်ခြင်းဟာ ကျန်းမာပျော်ရွှင်ပြီးအောင်မြင်တဲ့ relationship တစ်ခုဖြစ်ဖို့ အဟန့်အတားတစ်ခုပဲဖြစ်တယ်။

တခါတလေမှာ ကိုယ် အဲ့ဒီလိုလုပ်နေလို့ လုပ်နေမိမှန်းတောင် သတိမထားမိတတ်ကြဘူး။ မမြင်တတ်ကြဘူး။ ကိုယ့်အတ္တ ကိုယ်မှာလွှမ်းပြီး သွေးပူနေချိန်မို့ တခြားလူ ကိုယ့်အပေါ်မြင်တဲ့အမြင်မျိုး လွယ်လွယ်နဲ့မမြင်နိုင်ကြဘူး။ ကိုယ့်ရဲ့ သိချင်စိတ်၊ စိတ်ပူစိတ်၊ ကယောက်ကယက် အတွေးတွေနဲ့ရောပြွှန်းရှုပ်ထွေးပြီး ဟိုတွေးဒီတွေး ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုဖြစ်ရင်းက ယုတ္တိမရှိတဲ့နိဂုံးတွေကို ဆွဲဆွဲပြီးချုပ်ပစ်တတ်တယ်။ ပြီးရင် ဘာ သတင်းအချက်အလက်မှလည်း အတည်တကျမရှိ၊ လုံလောက်တဲ့သက်သေသာဓကမှလည်းမရှိပါဘဲ တစ်ဖက်သားအပေါ် စွပ်စွဲကောက်ချက်ချလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို အလောတကြီး ချလိုက်တတ်တယ်။

အဲ့ဒီလို ရေရေရာရာမရှိတဲ့ကောက်ချက်တွေအပေါ်အခြေခံပြီး လက်လွှတ်စပယ်ချလိုက်တဲ့ဆုံးဖြတ်ချက်မျိုးဟာ မှားဖို့ရာခိုင်နှုန်းများတဲ့၊ တစ်ချိန်မှာ ကိုယ်ကိုယ်တိုင်နောင်တပြန်ရနိုင်တဲ့၊ ကိုယ့်ရှူးကိုယ်ပတ် (backfire) နိုင်တဲ့ ဆုံးဖြတ်ချက်ပဲ။ ပြတ်မယ်ပြုမယ်ဖြစ်တယ်။ ကွဲမယ်ပြဲမယ်ဖြစ်တယ်။ သူ့ Facebook အကောင့်ကို delete လုပ်မယ်၊ ကိုယ့် Facebook အကောင့်ကိုယ် deactivate လုပ်မယ်၊ သူ့ဖုန်းနံပါတ်ကိုဖျက်မယ်၊ block မယ်၊ အဆက်အသွယ်မရတော့အောင်လုပ်မယ် စတာတွေဟာ တွဲခါစချစ်သူရည်းစား (သို့မဟုတ်) ညားခါစစုံတွဲတွေမှာ တွေ့ရတတ်တဲ့ အတွေ့အကြုံတွေဖြစ်တယ်။ တစ်ဖက်သူဘာဖြစ်နေလဲ ဘာမှတိတိကျကျ သေသေချာချာ မသိရသေးပါဘဲ ကိုယ့်အတွေးနဲ့ကိုယ်၊ ကိုယ့်သံသယနဲ့ကိုယ်၊ ကိုယ့်စိတ်မလုံခြုံမှု (insecurity) နဲ့ကိုယ် ကောက်ချက်ချ ဆုံးဖြတ်ပစ်လိုက်တတ်တာမျိုးတွေပေါ့။

တကယ်လို့ တစ်ဖက်က ကိုယ်ထင်သလို ကိုယ့်အပေါ်သစ္စာဖောက်သွားတယ်၊ ဒါမှမဟုတ် ကိုယ့်အပေါ်အချစ်လျော့သွားတယ်၊ ကိုယ့်ကိုဖြတ်ချင်လို့ရှောင်နေတယ် ထားဦး။ သူ့ဘက်က ကိုယ့်ကို မဆက်သွယ်လာသေးမချင်း (ဒါမှမဟုတ်) အဖြစ်အပျက်အမှန်ကို မပြောပြရသေးမချင်း (ဒါမှမဟုတ်) ခိုင်မာတဲ့သက်သေအထောက်အထား မရသေးမချင်း ဘာကိုမှ အလောတကြီး မဆုံးဖြတ်သင့်ဘူး။ ကောက်ချက်မချသင့်ဘူး။ အဲ့လိုသံသယတွေနဲ့ ပူနေရတာဟာ ကိုယ့်ကိုယ်ကိုပဲ မငြိမ်းမချမ်းဖြစ်စေတယ်။ ကိုယ်တိုင်ပဲ ပူလောင်ရတယ်။ တစ်ဖက်လူက ဘယ်လိုမှမနေဘူး။ တစ်ဖက်လူလုပ်သမျှ ကိုယ့်မှာပူလောင်နေရတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရာ၊ ချစ်ရာမရောက်ဘူး။ ကိုယ့်ကိုယ်ကို ဒုက္ခပေးရာရောက်တယ်။

ဘဝမှာ ကိုယ်တိုင် ဘာမှမတတ်နိုင်တဲ့၊ ဘယ်လိုမှထိန်းချုပ်လို့မရနိုင်တဲ့အခြေအနေတွေ အများကြီးရှိတယ်။ တစ်ပါးသူရဲ့စိတ်နဲ့အတွေးကို ကိုယ်ထိန်းချုပ်လို့မရနိုင်ဘူး။ သူဘာလုပ်ပါ၊ ဘယ်လိုခံစားပါဆိုတာတွေလည်း အတင်းကာရော ဖိအားပေးလို့မရဘူး။ သူ ခံစားရချင်မှခံစားရမယ်။ ချစ်ချင်မှချင်မယ်။ မုန်းချင်မှမုန်းမယ်။ ပြောချင်မှပြောမယ်။ လုပ်ချင်မှလုပ်မယ်။ ဒါကို ဒီလိုမတွေးရကောင်းလား၊ ငါ့နည်းတူ မခံစားရကောင်းလား၊ ငါ့နည်းတူ မချစ်ရကောင်းလား၊ သဝန်မတိုရကောင်းလားရယ်ဆိုပြီး သူ့ကိုအပြစ်တင်လို့မရဘူး။ သူ့မှာလည်း သူ့ဘဝနဲ့သူ၊ သူ့ရွေးချယ်မှုနဲ့သူ၊ သူ့ခံစားချက်နဲ့၊ သူ့အတွေ့အကြုံနဲ့သူ ရှိမှာပေါ့။ သူနဲ့ကိုယ် ဘယ်လိုမှ ထပ်တူမကျနိုင်ဘူး။

ကိုယ့်ပါတနာ ကိုယ့်လက်တွဲဖော်ဖြစ်တိုင်း ကိုယ့်ကိုအကုန်ပြောရမယ်လို့ သတ်မှတ်လို့မရဘူး။ လူတိုင်းမှာ သူတစ်ပါးကို မပြောပြချင်တဲ့၊ မပြောပြနိုင်တဲ့ကိစ္စတွေရှိတယ်။ လျှို့ဝှက်ချက်တွေရှိတယ်။ အခက်အခဲ ပြဿနာတွေရှိတယ်။ ဒါတွေကို သူပြောဖို့အဆင်သင့်ဖြစ်တော့မှ သူပြောမှာပေါ့။ သူ comfortable ဖြစ်တဲ့အချိန်မှာ သူပြောမှာပေါ့။ ပြောချင်မှလည်းပြောမယ်။ ဒါဟာ သူ့ရွေးချယ်မှုပဲဖြစ်တယ်။ ကိုယ့်ကိုမပြောပြလို့၊ ပေးမသိလို့ဆိုပြီး အတင်းမေးလို့မရဘူး။ သိအောင်လုပ်လို့မရဘူး။ ဒါဟာ တစ်ဖက်သားရဲ့ဆန္ဒကိုဆန့်ကျင်နေတာမို့ မတရားရာရောက်တယ်။ အဓမ္မပြု အနိုင်ကျင့်ရာရောက်တယ်။ လူ့အခွင့်အရေးဖောက်ဖျက်ရာရောက်တယ်။ ကိုယ့်ကို တခြားတစ်ယောက်က အတင်းမေးရင်ကော ကိုယ်ပြောချင်မလား။ အဲ့လိုတွေးရမယ်။

နောက်ပြီး playing victim လုပ်တဲ့ကိစ္စ။ ကိုယ့်ကိုယ်ကို ငါကတော့ ခံရသူသက်သက် victim ပါရယ်လို့ ဘယ်တော့မှ တစ်ဖက်သတ် မတွေးရဘူး။ ကိုယ့်ပါတနာက ကိုယ့်လောက်နွေးထွေးမှု ကြင်နာဂရုစိုက်မှုတွေမပြလို့၊ ချစ်ပါတယ်လို့ နှုတ်က တဖွဖွမပြောလို့၊ ကိုယ့်ကို ဖုန်းမက်ဆေ့ခ်ျပြန်မပို့လို့၊ စကားပြန်မပြောလို့၊ အဖက်မလုပ်လို့ ငါ့ကိုတော့ ဒီလိုလုပ်ရက်တယ်၊ ငါကတော့ တရားခံသက်သက်ရယ်ပါ၊ သူကတော့ လုပ်ရက်သူပါရယ်လို့ မတွေးရဘူး။ သူက ကိုယ့်ကို ဘာမှမလုပ်၊ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေစေဦး ကိုယ်ဟာ victim မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို victim ဘယ်တော့မှအဖြစ်မခံသင့်ဘူး။ သေချာတွေးကြည့်မယ်ဆိုရင် ကိုယ့်ကို victim အဖြစ်ခံတာဟာ ကိုယ်ကိုယ်တိုင်ပဲဖြစ်နေတတ်တယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပဲပိုင်တယ်။ ကိုယ်တိုင်ပဲ ထိန်းချုပ်နိုင်တယ်။ ကိုယ့်အဆွေးအပူတွေ စိုးရိမ်ကြောင့်ကြတွေကို ကိုယ်တိုင်ပဲ မီးရှို့လို့ရသလို ကိုယ်တိုင်ပဲ မီးငြှိမ်းလို့ရတယ်။

တစ်ဖက်လူဟာ အကြောင်းတစ်ခုခုကြောင့် အကြောင်းပြန်ဖို့နှောင့်နှေးနေတာလည်းဖြစ်နိုင်တယ်၊ အခက်အခဲကြုံနေတာလည်းဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အခြေအနေတစ်ခုခု phase တစ်ခုခု ကြုံနေရတာလည်းဖြစ်နိုင်တယ်။ အဲ့ဒီအခြေအနေ သို့မဟုတ် phase တစ်ခုဟာ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်ရင်ဖြစ်မယ်။ ရုပ်ပိုင်းဆိုင်ရာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါကို သူမပြောပြရင် ကိုယ်မသိနိုင်ဘူး။ မသိနိုင်တဲ့အပေါ်မှာ လိုက်ဒေါသဖြစ်ပြီး လိုရာဆွဲတွေးလို့လည်းမရဘူး။ တွေးတာနဲ့ စမှားတာပဲ။ တကယ်လို့ ကိုယ့်ပါတနာက နေရာအကွာအဝေး (space) တစ်ခုလိုနေတယ်၊ အချိန် (time) တစ်ခုလိုနေတယ်ဆိုရင် လိုလိုလားလားပဲ ပေးလိုက်သင့်တယ်။ သူ့ကို လွှတ်ပေးလိုက်သင့်တယ်။ သူ့ကိုယ်သူ သုံးသပ်နိုင်ဖို့ မြင်နိုင်ဖို့ သေချာဆန်းစစ်နိုင်ဖို့ အချိန်နဲ့ နေရာ ပေးသင့်တယ်။ သူလုပ်တဲ့ကိစ္စတစ်ခု (ဒါမှမဟုတ်) သူဖြတ်သန်းနေရတဲ့ phase တစ်ခုတာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဒါဟာ သူကိုယ်တိုင်ကျော်လွှားမှရမယ့်ကိစ္စတစ်ခုပဲဖြစ်တယ်။ ကိုယ်က အစားထိုးခံပြီး အစားထိုးဝင်ဖြေရှင်းပေးလို့မရဘူး။ သူ့စိတ်ကို သူပဲပိုင်တာမို့ သူ့ဘာသာသူဖြေရှင်းဖို့ အခြေအနေတစ်ခုကို ကိုယ်က ဖန်တီးပေးရမယ်။ သူ့ကိုချုပ်ထားလေ၊ ဖိအားပေးလေ ကိုယ့်မှာ ပူလောင်ရလေပဲ။ အဲ့ဒါကို သေချာကွဲပြားအောင် နားလည်ရမယ်။

ကိုယ်ဟာ ကိုယ့်ချစ်သူအပေါ် နားလည်မှုရှိပြီး supportive ဖြစ်တဲ့ ပါတနာကောင်းတစ်ယောက်၊ သူ့ကိုတကယ်ချစ်တဲ့လူတစ်ယောက်ဆိုရင် ဒီလို space နဲ့ time တစ်ခုကို ပေးသင့်တဲ့အပြင် သူ ဒီအခြေအနေကိုကျော်လွှားနေစဉ်မှာဖြစ်စေ၊ ကျော်လွှားပြီးမြောက်သွားစဉ်မှာဖြစ်စေ ကိုယ်ဟာ သူ့အတွက် အမြဲတမ်း အားပေးနှစ်သိမ့်ဖို့၊ လက်ကမ်းကြိုဆိုဖို့ အဆင်သင့်ဖြစ်နေအောင်ပဲ ကိုယ့်စိတ်ကို ပြင်ဆင်သင့်တယ်။ သူကျော်လွှားလိုက်တဲ့အရာ၊ သူရွေးချယ်လိုက်တဲ့အရာဟာ ကိုယ်မဟုတ်ဘဲ တခြားတစ်ယောက် (သို့မဟုတ်) တခြားတစ်ခုခုဖြစ်နေတယ်ဆိုရင်တောင် ဒါဟာ သူ့ဘဝအတွက် သူကိုယ်တိုင်ရွေးတဲ့ရွေးချယ်မှုပဲမို့ ကိုယ်က ဘာမှလုပ်လို့မရဘူး။ ဒေါသထွက်ပြီး ပူလောင်နေလို့မရဘူး။ ဒီလိုဖြစ်ရကောင်းလားရယ်လို့ မချိတင်ကဲ အပြစ်တင်နေလို့မရဘူး။ သူက ဒါကိုသေချာစိတ်ဆုံးဖြတ်ပြီးသွားပြီဆိုရင် ကိုယ်ဘာမှမတတ်နိုင်ဘူး။ ကိုယ့်ဂုဏ်သိက္ခာဆိုတာ သူ့ဂုဏ်သိက္ခာကို လေးစားပေးလိုက်ခြင်းပဲ။ သူ့ကို လွတ်မြောက်စေလိုက်ခြင်းပဲ။

ဒီလိုလုပ်လို့ ကိုယ့်အတွက် ခက်ခဲမလား။ နာကျင်မလား။ ဒါပေါ့။ ခဏတော့ ခက်ခဲမယ်။ နာကျင်မယ်။ ဘယ်တော့မှ လွယ်ကူမှာမဟုတ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ဒါဟာ နောက်ဆုံးကျရင် ပြီးမြောက်သွားမယ်။ လွန်မြောက်သွားမယ်။ ကိုယ့်လိပ်ပြာကိုယ်လုံပြီး တစ်ချိန်မှာ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် အေးအေးဆေးဆေး ပြန်ရပ်တည်နိုင်မယ်။ ကိုယ် ပြန်ဦးမော်လာနိုင်တဲ့အခါ အားအင်သစ်တွေ၊ အတွေးသစ်တွေနဲ့ ဒီအတွေ့အကြုံကိုချနင်းပြီး ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချလာနိုင်မယ်။ ဒါမျိုးထပ်မမှားအောင် အတတ်နိုင်ဆုံး ကြိုးစားကြည့်ဖို့ နားလည်သွားနိုင်မယ်။ ထပ်မမှားဘူးလို့တော့ ပြောလို့မရဘူး။ အထက်မှာပြောခဲ့သလိုပဲ သူများစိတ်နဲ့ခံစားချက်ကို ကိုယ်မပိုင်တဲ့အတွက် သူတို့ဘာလုပ်လာမယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ ကိုယ်ကောင်းပေမဲ့လည်း သူများက ဆိုးချင်ဆိုးမှာပဲ။ ဒါက သဘာဝပဲ။ ဒါကို လက်ခံနိုင်ရမယ်။ ဒီလိုမျိုးထပ်ဖြစ်လည်း ကိုယ့်ဆီမှာ လွှတ်ပေးလိုက်ရခြင်း (letting it go) အတွေ့အကြုံကရှိပြီးသားမို့ ကိုယ့်အတွက် အရင်ထက် ပိုအဆင်ပြေသွားနိုင်လိမ့်မယ်။ အသက်မှန်မှန်ရှူပြီး နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး ကိုယ့်ဖြစ်အင်ကိုပြန်မြင်ကြည့်ဖို့ မမေ့ပါနဲ့။ Don’t cling on it. Just let it go. မှီတွယ်ဖက်မထားပါနဲ့။ လွှတ်ချပေးလိုက်ပါ။

Craton Highways

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s