မလေးရှားကနေ့ရက်များ (အပိုင်း၅)

ဒီပိုက်ဆံကို မရရအောင်ပြန်ယူရမယ်လို့ ကိုယ် စိတ်ဒုန်းဒုန်းချထားတယ်။ ဒါဟာ ကိုယ့်ဘဝအတွက်၊ ကိုယ့်အသက်ရှင်ရေးအတွက် အရေးကြီးလို့ဖြစ်တယ်။ လူတွေဟာ survival အတွက်ဆိုရင် ကြံမိကြံရာ ကြံတတ်ကြပြီး ဥာဏ်နီဥာဏ်နက်တွေ အကုန်ထွက်တယ်။ ကိုယ့်သူဌေးက ညနေ၄နာရီလောက်မှာ ခါတိုင်းလိုပဲ ရောက်လာလိမ့်မယ်။ ဒီမတိုင်ခင် ကိုယ် အရမ်းပင်ပန်းနွမ်းလျနေပြီး ငိုချင်နေပေမဲ့ ထိုင်ငိုနေလို့ ဘာမှဖြစ်မလာဘူး။ လုပ်စရာရှိတာကိုတော့ အခွင့်အရေးပေးတုန်း၊ အချိန်ရှိတုန်းမှာလုပ်ရမယ်။

ကိုယ် ဂိမ်းဆော့ပြီး ပိုက်ဆံပြန်ရှာမယ်။ တစ်သောင်းသုံးထောင်လုံး ပြန်မရရင်တောင် ရသလောက်ကို ပြန်ယူရမယ်။ ဒီပိုက်ဆံဟာ ကိုယ်ခိုးသွားတာလည်းမဟုတ်၊ ကိုယ် မသမာတဲ့နည်းနဲ့ ယူထားတာလည်းမဟုတ်။ ဖြစ်လာတဲ့ ကံတရားရက်စက်မှုအလှည့်အပြောင်းမှာ ကိုယ့်ရဲ့ ပေါ့ဆညံ့ဖျင်းမှုကြောင့်လို့ပဲ ပြောရမယ်။ ဒီအတွက် ကိုယ် ပြန်အနိုင်ယူရမယ်။ နိုင်မှကိုဖြစ်မယ်..။

ကာစီနိုဂိမ်းဆိုင်မှာ အလုပ်လုပ်ပေမဲ့ ကာစီနိုကောင်းကောင်းမဆော့တတ်ဘူး။ Slot machine တွေမှာဆော့သလိုမျိုး ရုပ်ပုံကလေးတွေကို ကွန်ပြူတာထဲမှာ စက်နဲ့ spinning လှည့်ပြီး သူ့အလိုလို  random ကျလာတဲ့ ပုံတွေထဲကမှ ၃ပုံတူတာတို့၊ ၄ပုံတူတာတို့၊ အတန်းလိုက်တူတာတို့ စသဖြင့် တူရာများလေ ခရက်ဒစ်ပိုရလေ။ အဲ့လိုဂိမ်းမျိုးပဲဆော့တတ်တာမို့ အဲ့ဒါပဲ အာရုံစိုက်ပြီးဆော့တယ်။ လောင်းကစားဆိုကတည်းက အနိုင်ချည်းပဲ ဘယ်တော့မှမရှိဘူး။ စက်ထဲမှာက ၇ထောင်ရှိတယ်။ ၇ထောင်ကို မကုန်အောင်ဆော့ဖို့ကလည်း အရေးကြီးတာမို့ အရမ်းသတိထားရတယ်။ ရှိနေတဲ့၇ထောင်ပါပြောင်ရင် ကိုယ့်အကြွေးဟာ တစ်သောင်းသုံးထောင်ကနေ နှစ်သောင်းဖြစ်သွားလိမ့်မယ်။ အဲ့ဒါဆို ဘဝက ရစရာမရှိတော့ဘူး။

ဆော့တယ် ဆော့တယ်။ ကော်ဖီတွေဘယ်နှစ်ခွက်တောင် သောက်မိသွားမှန်းမသိဘူး။ ဗိုက်ထဲမှာလည်း အရည်တွေချည်းပဲ။ ထမင်းလည်း ဆင်းမစားနိုင်ဘူး။ အိပ်လည်းမအိပ်နိုင်ဘူး။ တစ်ညလုံးအိပ်ရေးပျက်ထားပေမဲ့လည်း သေရေးရှင်ရေးကိစ္စမို့ အိပ်ဖို့ကို စိတ်ကူးထဲမထည့်နိုင်ဘူး။ ငွေပြန်ရရေးပဲ ခေါင်းထဲမှာရှိတယ်။ ဒါကြောင့် စိတ်ကိုအစွမ်းကုန်တင်းပြီး ဆော့တယ်။ ရှုံးတယ်။ ပြန်နိုင်တယ်။ ပြန်ရှုံးတယ်။ ပြန်နိုင်တယ်။

အဲ့လိုနဲ့ ညနေ၄နာရီကထိုးတော့မယ်။ ၇ထောင်ရှိတာကနေ စက်ထဲမှာ ၅ထောင်ပဲရှိတော့တယ်။ ရှုံးပြီးရင်း ရှုံးတယ်။ စက်ကို restart ပြန်ချတယ်။ အစကနေပြန်ဆော့တယ်။ နိုင်တယ်။ ဒါပေမဲ့ မကြာဘူး ခဏနေတော့ ပြန်ရှုံးပြန်တယ်။ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။ အဲကွန်းခန်းထဲမှာထိုင်ပြီး ချွေးစေးတွေပျံနေတယ်။ လက်တွေစေးကပ်လာတယ်။ ခြေထောက်တွေသယ်လို့မရတော့ဘူး။ ခေါင်းတွေပါကိုက်လာတယ်။ ဒါပေမဲ့ ရပ်လို့မရဘူး။ ကိုယ် ဆက်ဆော့နေရတယ်။

ညနေ၄နာရီထိုးပြီ။ သူဌေးရဲ့ကား အောက်ဘက်မှာရပ်လိုက်တာ မှန်တံခါးကနေ လှမ်းမြင်နေရတယ်။ အဲ့တော့မှသတိရတယ်။ ဟာ.. ကိုယ် အခုထိ ဆိုင်မဖွင့်ရသေးဘူး။ တစ်နေ့လုံး ဆိုင်ပိတ်ထားမိပြီး ကိုယ်တစ်ယောက်တည်း အသည်းအသန် အထဲမှာ ဆော့နေတယ်။ ကိုယ် ဘယ်လိုဖြေရှင်းမလဲ။ ဒီပိုက်ဆံကိစ္စကို သူ့ကို ဘယ်လိုပြောရမလဲ။ ကိုယ့်ကို သူ ကိုယ်ထိလက်ရောက် တစ်ခုခုလုပ်မှာလား။ ပိုက်ဆံခိုးမှုနဲ့တရားစွဲမှာလား။ သူ့လုပ်ဖော်ကိုင်ဖက်လူကြမ်းတွေလက်ထဲကို အပ်လိုက်မှာလား။ ကိုယ်ကြောက်လိုက်တာ။

ဆော့နေတဲ့ဟာတွေ အကုန်လုံး ချက်ချင်းရပ်ပစ်လိုက်တယ်။ သောက်လို့ကုန်သွားတဲ့ တစ်ခါသုံးကော်ဖီခွက်တွေအကုန်လုံး အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။ ကမန်းကတန်း အိပ်ခန်းထဲဝင်ပြီး အင်္ကျီကောက်လဲတယ်။ ကွန်ပြူတာတွေအကုန်လုံးကို အသက်တောင်မရှူမိဘဲ ပြေးပြီး အမြန်ဖွင့်တယ်။ သူအပေါ်တက်လာတာနဲ့ ကိုယ်ဆိုင်ဖွင့်ထားတယ်၊ ခါတိုင်းလို အားလုံးပုံမှန်ပဲလို့ သူမြင်သွားဖို့လိုတယ်။ ဒါပေမဲ့.. ပိုက်ဆံကိစ္စကရော..။ အား… မသိတော့ဘူး။

ကောင်တာက ကိုယ့်စက်မှာ ကိုယ် အခြေအနေမပျက်၊ ဟန်မပျက် ထိုင်လိုက်ပြီးတဲ့ခဏမှာပဲ သူဌေးဝင်လာတယ်။ သူ့မျက်နှာဟာ သုန်မှုန်ပြီး မည်းမှောင်နေတယ်။ တစ်ခုခုကို သိနေသလိုပဲ။ ကိုယ့်ကို စကားတစ်ခွန်းမှမပြောဘူး။ ခါတိုင်းဆိုရင် နေကောင်းလား ဆိုင်အခြေအနေဘယ်လိုလဲ နှုတ်ဆက်မေးမြန်းဖော်ရသေးတယ်။ မလာခင်လည်း ကြိုတင်စာပို့လေ့ရှိတယ်။ အခုတော့ အဲ့လိုမဟုတ်ဘူး။ ကိုယ် ဂိမ်းကစားခဲ့တဲ့စက်ကို သူချက်ချင်းသွားဖွင့်တယ်။ ဒါဆိုသေချာပြီ။ သူ တစ်ခုခုကို ကြိုသိနှင့်နေပြီ။

အဲ့ဒီစက်ကို သူစစ်တယ်။ ပိုက်ဆံတွေရှုံးထားတာ သူမြင်သွားတယ်။ စက်ထဲမှာ ၄ထောင်ကျော်ကျော်ပဲကျန်တော့တယ်။ “ဒါက ဘယ်လိုဖြစ်ရတာလဲ” လို့ ရုတ်တရက် သူ့ဆီကအသံထွက်လာတော့ ကိုယ့်တစ်ကိုယ်လုံးတုန်သွားတယ်။ “ဟို ဟို..” ကိုယ် ဘယ်ကစလို့ ဘယ်လိုရှင်းပြရမှန်းမသိဘူး။ ဒီပုံစံအတိုင်းဆို သူသိနေပါပြီလေ။ ဖုံးကွယ်ထားလို့ရော ဘာဖြစ်လာမှာလဲ။ အမှန်အတိုင်းပဲ ပြောလိုက်တော့မယ်။

ကိုယ် သူ့ကို အားလုံးအမှန်အတိုင်းပဲပြောပြလိုက်တယ်။ သူ ငြိမ်ပြီး နားထောင်နေတယ်။ မျက်မှောင်ကြီးကတော့ ကျုံ့လို့ပါ။ ပြီးတော့ ကိုယ့်ကို စကားစပြောတယ်။ ကိုယ့်မှာ အပြစ်တွေအများကြီးရှိတယ်တဲ့။ တစ်ခုက ၂ထောင်နဲ့၂သောင်းကို မှားထည့်တာ။ တစ်ခုက သိသိချင်း ချက်ချင်း သူ့ကိုသတင်းမပို့ဘဲ ဒီလူကို ဖမ်းချုပ်မထားတာ၊ မတားဆီးတာ။ နောက်တစ်ခုက တရားခံလွတ်သွားတာကို ဘာမှအကြောင်းမကြားဘဲ ကိုယ်တိုင်တောင် ဂိမ်းဝင်ဆော့နေလိုက်သေးတာ။ အခုဆို ဟိုလူကိုလည်း အစအနတောင် ရှာလို့မရတော့ဘူး။ ဘယ်သွားဖမ်းရမှန်းလဲမသိဘူး။ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲတဲ့။

ကိုယ် ရှိုက်ကြီးတငင် ငိုပါတော့တယ်။ I am so sorry ကိုပဲ ကလေးလေးတစ်ယောက်လို ထပ်တလဲလဲ ပြောနေမိတယ်။ ဘာမှဆက်ပြီး မရှင်းပြတတ်တော့ဘူး။ ဘယ်လိုဖြေရှင်းရမှန်းလည်းမသိဘူး။ “ဒီငွေတွေဟာ ဘယ်လောက်တန်လဲ မင်းသိတယ်မှတ်လား”။ သိတာပေါ့ဗျာ။ သိလို့လည်း ကြောက်တာပေါ့။ “မင်း ဒီလို ဂိမ်းတွေ ခိုးခိုးကစားနေတာ ဘယ်နှစ်ခါရှိပြီလဲ” တဲ့။ ဗျာ.. တစ်ခါမှလည်း မကစားဖူးပါဘူး။ မနေ့ညကမှ ပိုက်ဆံပြန်လိုချင်လို့ ကစားတာပါ။ ကိုယ် ဘယ်လိုပဲပြောပြော သူဌေးက ကိုယ့်ကို မယုံတော့ပါဘူး။ မှားထားသူက ကိုယ်ဆိုတော့ ကိုယ်ဘယ်လိုဖြေရှင်းဖြေရှင်း မရတော့ဘူး။

ဟိုတရုတ်က ပိုက်ဆံရှုံးပြီးထွက်ပြေးသွားတယ်ဆိုတာအထိကို သူယုံတယ်။ သူ မယုံတာက ရင်းဂစ်၂သောင်းဖိုးကို ကိုယ်က မှားပြီးရိုက်ထည့်ပေးလိုက်တယ်ဆိုတာကို မယုံတာ။ သူထင်နေတာက ကိုယ်ဟာ ဟိုလူနဲ့ပူးပေါင်းကြံစည်တယ်၊ ငွေတွေနိုင်ရင် နှစ်ယောက်သား တစ်ယောက်တဝက်ခွဲယူပြီး ထွက်ပြေးကြမယ်လို့ ထင်နေတာ။ သူ့စီးပွားရေးကိုဖျက်ဆီးတယ်ပေါ့။ အခုလိုငွေတွေ သောက်သောက်လဲရှုံးပြီး ဟိုလူက ကိုယ်လွတ်ရုန်းပြေးတော့မှ ကိုယ်က ဇာတ်လမ်းတွေလီစယ်ပြီး သူ့ကိုလိမ်နေတယ်ထင်တာ။ ကိုယ် အဲ့လောက်မယုတ်မာရပါဘူး။

သူ ဒီကိုမလာခင် သူ့စီးပွားရေးပါတနာက လှမ်းဖုန်းဆက်တယ်တဲ့။ သူတို့ကွန်ပြူတာထဲမှာ ငွေတွေအတော်လျော့နေတာတွေ့လို့ စိတ်ထဲမသိုးမသန့်ဖြစ်လို့ သူ့ကိုသတင်းပို့တာ။ ဘယ်အချိန်က ကစားတယ်၊ တစ်ခါကစားရင် ဘယ်လောက်ဖိုးလောင်းတယ်၊ ဘယ်လောက်ရှုံးတယ်၊ ဘယ်လောက်နိုင်တယ် စာရင်းတွေ အကုန်လုံး သူတို့စနစ်ထဲမှာ သိမ်းထားတယ်တဲ့။ အဲ့ဒါတွေကို စစ်လို့ရတယ်။ သူ အဲ့ဒါတွေသွားစစ်ပြီးမှ အခု ဒီကိုရောက်လာတာတဲ့။ ငါ့ကို ဘာမှ လာပြီးမလိမ်နဲ့တဲ့။ ဟိုကောင်ကစားတာကနည်းနည်း ကိုယ်ဆက်ပြီးကစားထားတာက များများဆိုပြီး ကိုယ့်ကိုစွပ်စွဲတယ်။

ကိုယ်ကတော့ မဟုတ်တဲ့ကိစ္စမို့ မဟုတ်ပါဘူးပဲငြင်းတယ်။ နောက်ကျတော့ ကိုယ်လည်း မငြင်းနိုင်တော့ဘူး။ ကဲ ဟုတ်ပြီ၊ အခု စက်ထဲမှာ ၄ထောင်ပဲကျန်တော့တယ်။ ဆုံးရှုံးသွားတဲ့ ပိုက်ဆံ ရင်းဂစ် တစ်သောင်းခြောက်ထောင်အတွက် ငါ ဘယ်လိုလုပ်ပေးရမလဲ။ ငါ့မှာတော့ ပေးစရာမရှိဘူး။ မင်း ငါ့ကို ကြိုက်သလိုသာလုပ်တော့။ ငါလည်း မတတ်နိုင်တော့ဘူး။ မင်းလိုချင်တာပြောပါ ဆိုပြီး သူ့ကိုပြောလိုက်တယ်။

သူ့က ကိုယ့်ကို စူးစူးနစ်နစ် စိုက်ကြည့်တယ်။ မယုံဘူးဆိုပေမဲ့ ကိုယ့်ကို ချစ်ခင်ရင်းစွဲရှိတယ်။ တောက်လှျောက် သူ့အပေါ် လိမ်လိမ်မာမာ သစ္စာရှိရှိနဲ့ အလုပ်လုပ်လာပေးတဲ့သူမို့ ဒီတစ်ခုတော့ ထည့်သွင်းစဉ်းစားနေပုံပေါ်တယ်။ အဲ့ဒီကွန်ပြူတာနားမှာရပ်နေရာကနေ သူ အရှေ့ကိုတိုးလာတယ်။ ကိုယ်ထိုင်နေတဲ့ခုံဆီကို ရောက်လာတယ်။

(အပိုင်း၆ ဆက်ရန်)

Craton

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s