စကီဇိုဖရီးနီးယား (၁)

causes-of-schizophrenia

စကီဇိုဖရီးနီးယားဆိုတာ Schizophrenia Spectrum Disorders (စကီဇိုဖရီးနီးယား ရောင်စဉ်စိတ်ဝေဒနာများ) ထဲက တစ်ခုဖြစ်ပါတယ်။ စကီဇိုဖရီးနီးယား ရောင်စဉ်စိတ်ဝေဒနာများဆိုတာကတော့ လက်တွေ့ဘဝနဲ့ အဆက်ပြတ်နေတဲ့ psychosis ဖြစ်စဉ်အပါအဝင် စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း (hallucination), ယုံမှားလွန်ခြင်း (delusion), အတွေးကစဥ့်ကလျားဖြစ်ခြင်း (disorganized thinking) နဲ့ စကားလုံးများ ကစဥ့်ကလျားဖြစ်ခြင်း (disorganized speech) စတဲ့ ရောဂါလက္ခာမျိုးတွေတွေ့ရတတ်တဲ့ စိတ်ဝေဒနာအုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာမှ စကီဇိုဖရီးနီးယားဟာ အဖြစ်အများဆုံး၊ အပြင်းထန်ဆုံးနဲ့ လူသိအများဆုံး စိတ်ဝေဒနာတစ်ခုဖြစ်ပါတယ်။ စကီဇိုဖရီးနီးယားဆိုတာဟာ ဂရိဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး “ကွဲထွက်နေသောစိတ်” သို့မဟုတ် “စိတ်၏ကွဲထွက်ခြင်း” လို့ ဘာသာပြန်နိုင်ပါတယ်။ ကမ္ဘာပေါ်က လူအယောက်တစ်ရာမှာ တစ်ယောက်ဟာ စကီဇိုဖရီးနီးယား စိတ်ဝေဒနာခံစားနေရပါတယ်။

စကီဇိုဖရီးနီးယားဟာ လူ့အသိုင်းအဝိုင်းအတော်များများမှာ အလွယ်တကူခေါ်ယူသတ်မှတ်နေကြတဲ့ “ရူးနှမ်းခြင်း”, “စိတ်မနှံ့ခြင်း”, “ဦးနှောက်မကောင်းခြင်း” ဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေရဲ့ စိတ်ပညာဆိုင်ရာနာမည်ပဲဖြစ်ပါတယ်။ ရူးတယ်/စိတ်မနှံ့ဘူးဆိုတာဟာ အပြောလွယ်ပေမဲ့ သေသေချာချာ အဓိပ္ဗာယ်ကိုကန့်သတ်ခွဲခြားပြီး အသေးစိတ်နားလည်နိုင်ဖို့ရာ ခက်ပါတယ်။ ဘယ်ဟာကိုရူးတယ်လို့ခေါ်တာလဲလို့မေးရင် တိကျသေချာတဲ့အဖြေတစ်ခုဟာ လူတွေအားလုံးဆီက တူညီစွာထွက်ပေါ်လာမှာမဟုတ်ပါဘူး။ ဒီတော့ ရူးတယ်၊ ဦးနှောက်မကောင်းဘူးဆိုတာဟာ ပါးစပ်ကသမုတ်လိုက်တာလွယ်ပေမဲ့ ဘာကိုဆိုလိုမှန်း၊ ဘယ်လိုအမူအကျင့်တွေကိုခေါ်ဆိုမှန်း သိတဲ့သူကနည်းပါတယ်။ ဒီဆောင်းပါးဟာ ဒါတွေကိုသိအောင်၊ အနည်းအကျဉ်းလောက်တော့ မှန်မှန်ကန်ကန်တီးမိခေါက်မိအောင် တစ်ဖက်တစ်လှမ်းကနေ အလင်းဆောင်ပေးဖို့နဲ့ လူတွေခေါ်ခေါ်နေတဲ့ “အရူး/အရူးမ” ဆိုတဲ့အမည်နာမတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ကြေကွဲစရာ အဖြစ်သနစ်ဇာတ်လမ်းတွေရှိတယ်ဆိုတာကို ကိုယ်ချင်းစာနားလည်တတ်ကြစေဖို့ အဓိကရည်ရွယ်ပါတယ်။

ဟုတ်ပြီ။ ဒါဖြင့် ဘာကို စကီဇိုဖရီးနီးယားလို့ခေါ်သလဲ။ ဘယ်လိုရောဂါလက္ခတွေ အတွေ့များပြီဆိုရင် လူတစ်ယောက်မှာ စကီဇိုဖရီးနီးယားရှိနိုင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းနိုင်သလဲ။ လက်ရှိမှာ တစ်ကမ္ဘာလုံးက စိတ်ပညာရှင်တွေ၊ စိတ်ကျန်းမာရေးဆရာဝန်တွေ၊ စိတ်ကုထုံးပညာရှင်တွေနဲ့ စိတ်ပညာဆိုင်ရာ သုတေသနပညာရှင်တွေအားလုံး ကိုင်စွဲအသုံးပြုနေတဲ့ ၂၀၁၃ခုနှစ်က ပြုစုထုတ်ဝေခဲ့တဲ့ DSM-5 ခေါ် Diagnostic and Statistical Manul of Mental Disorders (စိတ်ဝေဒနာများ၏ ရောဂါဗေဒနှင့် စာရင်းဇယားပြလက်စွဲကျမ်း – ပဉ္စမအကြိမ်) (Diagnostic and Statistical Manual of Mental Disorder – 5) ထဲမှာ ပြဋ္ဌာန်းထားတာကတော့ စကီဇိုဖရီးနီးယား စိတ်ဝေဒနာခံစားနေရသူဟာ အနည်းဆုံးတော့ ၆လနဲ့အထက် psychosis ဖြစ်စဉ်အပါအဝင် အထက်မှာ အကြမ်းဖျင်းဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေထဲက အနည်းဆုံးတစ်ခုကိုတော့ သေချာပေါက်ပြရပါမယ်။ ၆လအောက်ပဲဖြစ်ပြီး ပြန်ကောင်းသွားတယ်၊ ရောဂါအခြေအနေတိုးတက်သွားတယ်ဆိုရင်တော့ ဒါဟာ စကီဇိုဖရီးနီးယား မဟုတ်တော့ဘဲ စကီဇိုဖရီးနီးယားရောင်စဉ်တွေထဲက တခြားစိတ်ဝေဒနာတစ်ခုခုဖြစ်နိုင်ပါတယ်။ ဒီရောဂါလက္ခဏာတွေရဲ့ တစ်ခုချင်းအသေးစိတ်ကို ဥပမာလေးတွေနဲ့ ဆက်ပြောပါမယ်။

စကီဇိုဖရီးနီးယားရဲ့ ရောဂါလက္ခဏာတွေ (symptoms) ကို အုပ်စုကြီးသုံးစုခွဲလို့ရပါတယ်။ (၁) Positive symptoms (အပြုသဘောဆောင်သော လက္ခဏာများ), (၂) Negative symptoms (အပျက်သဘောဆောင်သော လက္ခဏာများ) နဲ့ (၃) psychomotor symptoms (ပုံမှန်မဟုတ်သော လှုပ်ရှားမှုဟန်အမူအရာပြ လက္ခဏာများ) တို့ပဲ ဖြစ်ပါတယ်။

ပထမတစ်ခုဖြစ်တဲ့ positive symptoms အကြောင်းကို ဒီအပိုင်း(၁)မှာ အရင် အသေးစိတ်ဆွေးနွေးပါမယ်။ Positive sympstoms မှာဘာတွေပါသလဲဆိုတော့ စောစောကပြောခဲ့တဲ့ delusions (ယုံမှားလွန်ခြင်း), hallucinations (စိတ်ခြောက်ခြားထင်ယောင်ထင်မှားဖြစ်ခြင်း), disorganized thinking and speech (စကား/အတွေး ကစဥ့်ကလျားဖြစ်ခြင်း) နဲ့ inappropriate affect (ပတ်ဝန်းကျင်အနေအထားနှင့်မလိုက်ဖက်သော ခံစားချက်များ) ဆိုတာတွေ ပါဝင်ပါတယ်။

ယုံမှားလွန်ခြင်း (delusions) ဆိုတာမှာလည်း ထပ်မံခွဲထွက်သွားတဲ့အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒါတွေကိုတော့ တစ်စစီလိုက်ကောက်ပြီး အသေးစိတ်မဖော်ပြတော့ပါဘူး။ အကြမ်းအားဖြင့်ပြောရင်တော့ delusions ဆိုတာဟာ မဟုတ်မမှန် အခြေအမြစ်တိတိပပမရှိပါဘဲ အူလှိုက်သည်းလှိုက်ကို တစ်ဖက်သတ်စွတ်ယုံနေတဲ့ ယုံကြည်မှုအမှားတွေဖြစ်ပါတယ်။ ဥပမာ.. ဝေဒနာသည်ဟာ ကိုယ့်ကိုယ်ကို ရှေးခေတ်စကော့တလန်ဘုရင်မကြီးပါလို့ ကိုယ်စိတ်နှလုံးသုံးပါးစလုံး စွဲစွဲမြဲမြဲယုံကြည်ထားရင် ဘယ်သူက သူ့ကို မဟုတ်ပါဘူးလာပြောပြော သူ နားဝင်မှာ မဟုတ်ပါဘူး။ သူ့ရှေ့ရောက်သမျှလူအားလုံး သူ့ကိုဒူးထောက်အရိုအသေပြုရမယ်၊ သူ့အမိန့်ကိုလိုက်နာရမယ်လို့ပဲ သူခံယူထားမှာပါ။ သူ့ကိုမရိုသေသူ အမိန့်မနာခံသူကို ဒေါသထွက်တာ၊ ဆဲဆိုပြစ်တင်တာ၊ ကန်ကျောက်တာနဲ့ ဒဏ်ပေးချင်လိုစိတ်ရှိတာတို့ဟာ သူ့အနေနဲ့ကြည့်မယ်ဆိုရင်တော့ သူ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့လုပ်ရပ်တွေပဲ ဖြစ်နေပါလိမ့်မယ်။ ဒီတော့ သူမှားကြောင်းကို သူမသိပါဘူး။ အဲ့ဒီလိုပဲ ငါဟာ ထာဝရဘုရားသခင်၊ လူသားအားလုံးကို ငါကယ်တင်ရမယ်လို့ delusion ဖြစ်နေတဲ့လူနာဟာလည်း သူ့ကိုယ်သူ ကြီးမြတ်သူလို့သတ်မှတ်ပြီး သူလုပ်သင့်လုပ်ထိုက်တယ်လို့ထင်တဲ့အရာကို သူလုပ်မှာပါပဲ။ ဒီလို delusion မျိုးတွေကို delusions of gendeur ဆိုပြီး လူသိများပါတယ်။

စာရေးသူရဲ့ပရော်ဖက်ဆာတစ်ယောက် ပြောပြဖူးတဲ့ တကယ့်အဖြစ်အပျက်လေးကို ကြားညှပ်ပြောပြချင်ပါတယ်။ ဆရာက လိုင်စင်ရ clinical psychologist ဆိုတော့ လူနာပေါင်းမြောက်မြားစွာနဲ့ ကိုယ်တွေ့ရင်ဆိုင်ဖူးပါတယ်။ တခါတုန်းက အကျဉ်းထောင်တစ်ခုကနေ ဆရာ့ကို ဖိတ်ကြားပါတယ်။ ဆိုးဆိုးရွားရွား စိတ်ဝေဒနာသည်တစ်ယောက် ထောင်ထဲရောက်နေတာ ဘယ်သူမှမနိုင်ဘူး၊ ဘာဖြစ်မှန်းလည်းမသိဘူး၊ သူနဲ့ဘယ်လိုဆက်ဆံရမှန်း သူ့ကိုဘယ်လိုထိန်းချုပ်ကိုင်တွယ်ရမှန်းလည်း မသိကြဘူး။ သူ့အချုပ်ခန်းထဲက အကျဉ်းသားတွေကို မစင်တွေ ကျင်ငယ်တွေနဲ့ လိုက်လိုက်ပက်လို့ဆိုပြီး တစ်ယောက်တည်းထားရတယ်။ ဒါတောင် သူ့အကျဉ်းခန်းရှေ့ကဖြတ်သွားတဲ့သူမှန်သမျှကို သူ့မစင်ခွက်ထဲလက်နှိုက်နှိုက်ပြီး အပေါက်ထဲကနေ လှမ်းလှမ်းပစ်သတဲ့။ ကြုံရင်ကြုံသလိုလုပ်တာမို့ တစ်ထောင်လုံး သူ့ကြောင့် ဝုန်းဒိုင်းကြဲနေရတယ်။

ဒီတော့ ဆရာက သူ့ကို ထောင်ထဲမှာသွားတွေ့တယ်။ တစ်ကိုယ်လုံး အလုံအခြုံကာကွယ်ပြင်ဆင်ပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းလို့ မျက်နှာကိုပါ ကာသွားရတယ်။ ထင်တဲ့အတိုင်းပဲ ဟိုက မစင်နဲ့လှမ်းပက်တယ်။ ဆရာက ဒီအတိုင်းပဲရပ်နေတယ်။ ပက်စရာမစင်ကုန်သွားတော့ ကျင်ငယ် တံတွေး နှပ်ချေးတွေနဲ့လှမ်းပြီးပက်တယ်။ သူမောသွားလောက်ပြီဆိုမှ ဆရာက ထောင်တံခါးဖွင့်ပြီး အခန်းထဲဝင်သွားတယ်။ “မောင်မင်း ငါ့ရှေ့မှာ ဒူးထောက်ခစားစေ” ဆိုပြီး ဆရာ့ကို သူက အမိန့်ပေးတယ်။ နောက်ပိုင်း assessment တွေလုပ်ပြီးတော့မှ သိလိုက်ရတာက ဒီလူနာဟာ သူ့ကိုယ်သူ ဘုရားသခင်လို့ ယုံကြည်နေသူဖြစ်တယ်။ ထင်ရှားတဲ့ရောဂါလက္ခဏာကတော့ delusions ဖြစ်တယ်။ လူသားအားလုံး၊ အပြစ်သားအားလုံးကို သူကယ်တင်မှဖြစ်မယ်ဆိုပြီး သူ့ခန္ဓာကိုယ်ကထွက်တဲ့အရည်မှန်သမျှဟာ ဆေးဘက်ဝင်တယ်၊ အပြစ်ဆေးပေးနိုင်တယ်လို့ အကြွင်းမဲ့ယုံကြည်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုခန္ဓာကိုယ်ကအရည်တွေနဲ့ ပက်ရတာဖြစ်ကြောင်း ဆရာဟာ နောက်ပိုင်းမှာသိရှိသွားတယ်။ ဒီလူ့မှာ စကီဇိုဖရီးနီးယား ရှိနေပြီလို့ ဆရာ diagnose လုပ်ပေးခဲ့ကြောင်း ပြန်ပြောပြတယ်။

တလောက ဝါရှင်တန်ဒီစီက အိမ်ဖြူတော်ခြံစည်းရိုးကိုကျော်ခွပြီးဝင်လို့ အဖမ်းခံလိုက်ရတဲ့သူအကြောင်း သတင်းဖတ်ဖူးမိကြမယ်ထင်တယ်။ အဲ့ဒီလူဟာလည်း စကီဇိုဖရီးနီးယား ဝေဒနာသည်ပဲ။ သူ့ကိုယ်သူ သမ္မတအိုဘားမားဆိုပြီး delusion ဝင်နေတာ။ သူကမှ အိုဘားမားအစစ်၊ အိမ်ဖြူတော်ထဲက အိုဘားမားဟာအတု၊ ဒီအတုဟာ သူ့ဟန်ဆောင်ပြီး သူ့နေရာကို မောင်ပိုင်စီးထားတာမို့ ဖယ်ရှားရှင်းလင်းပစ်ပြီး သူ့နေရာမှန်သူပြန်ယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိမ်ဖြူတော်ထဲဝင်တာဖြစ်တယ်။ ဒါတွေအားလုံးဟာ delusions ရောဂါလက္ခဏာရဲ့ တကယ့်ဖြစ်ရပ်မှန် ဥပမာတွေပါ။

စကား/အတွေး ကစဥ့်ကလျားဖြစ်တယ် (disorganized speech and thinking) ဆိုတာကတော့ ဝေဒနာရှင်ဟာ မှန်မှန်ကန်ကန် ယုတ္တိရှိရှိ မတွေးခေါ်နိုင်တော့ဘဲ စကားပြောတဲ့အခါမှာလည်း ရှေ့စကားနဲ့နောက်စကား အစပ်အဆက်မရှိ၊ တစ်ဖက်လူအတွက် အဓိပ္ဗာယ်တိတိကျကျ ဖော်လို့မရတဲ့ စကားတွေပြောတာမျိုးကိုခေါ်ပါတယ်။ သူ့အတွက်ကတော့ သူ့စကားတွေဟာ အဓိပ္ဗာယ်ရှိနေပါတယ်။ သူတစ်ယောက်သာနားလည်နိုင်တဲ့ စကားလုံးမျိုး၊ စကားဝှက်မျိုးတွေကို စကီဇိုဖရီးနီးယားလူနာအများစု ပြောလေ့ရှိကြပါတယ်။ ဒီလိုသူတစ်ယောက်တည်းသာ အဓိပ္ဗာယ်သိတဲ့စကားတွေကို neologisms လို့ခေါ်ပါတယ်။

လူနာတစ်ယောက်ဟာ သူ ဘုရားဖူးချင်တယ်ဆိုတဲ့အကြောင်းပြောနေရင်းကနေ ဘုရားမှာရှိတဲ့ပန်းသည်တွေအကြောင်း ရောက်သွားလိုရောက်သွား၊ ဒီပန်းသည်တွေရဲ့ ကလေးတွေအကြောင်း ဆက်ပြောနေရင်းကနေ ဟော ခဏနေ တခြားရပ်ကွက်က ကလေးတွေအကြောင်းကူးသွားပြန်၊ အဲ့ဒီကလေးတွေအကြောင်းပြောနေရင်းက တစ်ခါ ကိုယ်ဝန်သည်တွေအကြောင်း၊ အဲ့ဒီကနေတခါ လင်မယားတွေအကြောင်း၊ ဘာအကြောင်းညာအကြောင်း .. စသဖြင့် ခေါင်းစဉ်တစ်ခုကနေတစ်ခု စကားစတစ်ခုဖော်ပြီးရင် စာကြောင်းကိုဆုံးအောင်မပြောနိုင်ဘဲ တခြားအကြောင်းအရာတွေဆီ ကူးကူးသွားတာမျိုးကို loose associations ဖြစ်နေတယ်လို့ သတ်မှတ်ပါတယ်။ စကားကစဥ့်ကလျားဖြစ်သူတွေမှာတွေ့ရတတ်တဲ့ ရာဂါလက္ခဏာတချို့ဖြစ်ပါတယ်။

ပုံမှန်တည်ငြိမ်မှုမရှိတဲ့ ကစဉ့်ကလျားအတွေးတွေနဲ့အတူ စကားတွေဟာလည်း တောင်ရောက်မြောက်ရောက် အဆက်အစက်မရှိဖြစ်တာမျိုးပါ။ တချို့လူနာတွေဆိုရင် စကာလုံးတွေကို ကာရံလိုက်ပြီး သူ့ဘာသာသူပြောနေတတ်ပါတယ်။ ဥပမာ ဖား၊ သွား၊ စား၊ မား၊ ဝါး၊ အား…။ ပေးမယ်၊ ကျွေးတယ်၊ သွေးမယ်၊ ခွေးလည် စသဖြင့် ကဗျာစပ်သလိုကာရံတွေလိုက်ထပ်ပြီး သူတစ်ယောက်တည်းသာ အဓိပ္ဗာယ်ပေါက်တဲ့စကားတွေကို တောင်တောင်အီအီပြောနေတတ်ပါတယ်။ ဒါမျိုးကိုတော့ clang ဖြစ်တယ်လို့ခေါ်ပါတယ်။ စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြန်ပြန်ပြောနေတာမျိုးကိုတော့ perseveration ဖြစ်တယ်လို့ခေါ်ပါတယ်။

အခုထိပြောလာသမျှ ရောဂါလက္ခဏာတွေဟာ positive symptoms တွေချည်းပဲရှိပါသေးတယ်။ positive symptoms တွေမကုန်သေးပါဘူး။ အဓိကဖြစ်တဲ့ hallucinations အကြောင်းနဲ့ inappropriate affect အကြောင်းကျန်ပါသေးတယ်။ Hallucinations ဟာ စကီဇိုဖရီးနီးယား ခံစားနေရသူတိုင်းလိုလို ကြုံတွေ့ကြရတဲ့ အင်မတန်ကြောက်စရာကောင်းပြီး ပြင်းထန်တဲ့ရောဂါလက္ခဏာဖြစ်ပါတယ်။ ထင်ယောင်ထင်မှားတွေဖြစ်ပြီး မရှိတာကိုအရှိထင်၊ မမြင်တာကိုအမြင်ထင်၊ မကြားတာကိုအကြားထင်နေတတ်တာမျိုးပါ။ Auditory hallucinations ဆိုတာ အပြင်ကနေ ကြားနေရတဲ့ ထင်ယောင်ထင်မှားအသံတွေဖြစ်ပါတယ်။ အဖြစ်အများဆုံး hallucination တစ်ခုဆိုရင် မမှားပါဘူး။ အရပ်မျက်နှာပေါင်းစုံကနေ အသံတွေကြားနေရတာပါ။

အသံတွေဟာ ယောက်ျားသံ မိန်းမသံ ကလေးသံတွေအကုန်ဖြစ်နိုင်သလို ကြားဖူးတဲ့အသံရော မကြားဖူးတဲ့အသံတွေပါ ဖြစ်နေနိုင်ပါတယ်။ ဒီအသံတွေက ဝေဒနာသည်ကို တိုက်ရိုက်စကားပြောနေတာဖြစ်ပါတယ်။ ဒီလို သူ့ကို အသံပေါင်းစုံက တပြိုင်နက်တည်းစကားတွေပြောနေတာမို့ စကီဇိုဖရီးနီးယား စိတ်ဝေဒနာသည်တွေဟာ နားပိတ်ထားတာတောင် ကြားနေရဆဲပါပဲ။ ဘယ်လိုပဲ မကြားရအောင်လုပ်လုပ် သူဒီအသံတွေအပေါ် ထိန်းချုပ်ထားနိုင်မှု မရှိပါဘူး။ သူတို့ပေါ်လာချိန်ပေါ်လာလိုက် ပျောက်သွားချင်တဲ့အချိန် ပျောက်သွားလိုက်နဲ့ပါ။ သိပ်သနားဖို့ကောင်းပါတယ်။ ဒီအသံတွေဟာ မကြာခဏပေါ်ပေါ်လာတတ်တာမို့ တကယ့်လူကောင်းပကတိနဲ့စကားပြောနေတောင် စကားကောင်းကောင်းပြောလို့မရအောင် အနှောက်အယှက်တွေပေးလေ့ရှိပါတယ်။ ဒီတော့ လူတွေနဲ့ ပုံမှန်ဆက်ဆံပြောဆိုရတဲ့ နေ့စဉ် communication တွေအတွက် အင်မတန်အခက်အခဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ စကားအကောင်းပြောချင်ရင်တောင် ဒီအသံတွေက ကြားနေရတဲ့အတွက် ကိုယ်နဲ့အမှန်တကယ် စကားပြောနေသူရဲ့အသံကို မကြားရတော့အောင် ဖုံးကွယ်သွားပါတယ်။

ဟိုတလောကပဲ ရုပ်ရှင်တစ်ကားကြည့်ဖြစ်လိုက်တယ်။ ကမ္ဘာကျော် ဂျူးလိယာ့ဒ် (Juilliard) ဂီတကျောင်းက ချယ်လို (cello) တီးသူ ဂီတကျောင်းသားလေးတစ်ယောက် စကီဇိုဖရီးယားဖြစ်ဖို့ အစသန်းလာတဲ့အခါ ဒီလိုမျိုး အသံတွေ စကြားလာရတာကြောင့် သူတီးနေတဲ့ သူ့ချယ်လိုအသံကိုလည်း သူကောင်းကောင်းမကြားရတော့သလို သူ့အော်ပရာတီးဝိုင်းထဲက တခြားသူတွေတီးနေတဲ့ဂီတသံတွေကိုပါ မကြားရတော့တာကြောင့် နောက်ဆုံးမှာ ကျောင်းကနေအထုတ်ခံလိုက်ရတယ်။ အဲ့ဒီနောက် စကီဇိုဖရီးနီးယားဟာ တဖြည်းဖြည်းရင့်လာပြီး နောက်ဆုံး ဒီကျောင်းသားဟာ မိသားစုနဲ့ကွဲကွာ၊ အိမ်မရှိယာမရှိနဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ တွန်းလှည်းတစ်စီးတွန်းပြီး ချောင်ကြိုချောင်ကြား လျှောက်အိပ်လျှောက်စားနေရတဲ့ homeless ဘဝကိုရောက်သွားခဲ့တယ်။ အဲ့ဒီလူရဲ့ဘဝကို LA Times သတင်းစာဆောင်းပါးရေးသူက စိတ်ဝင်စားသွားပြီး အကူအညီလိုက်ပေးရင်း သူ့အကြောင်း ဆောင်းပါးတွေရေးတဲ့ဇာတ်လမ်းလေး။ စကီဇိုဖရီးနီးယားဖြစ်သူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေကို အနီးစပ်ဆုံး အမှန်ကန်ဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တဲ့ကားလို့ နာမည်ကြီးတဲ့ဇာတ်လမ်းလည်းဖြစ်တယ်။ ကားနာမည်က The Soloist လို့ခေါ်တယ်။ ၂၀၀၉ ခုနှစ်က ထွက်ထားတာ။ စကီဇိုဖရီးနီးယားအကြောင်း စိတ်ဝင်စားသူများ မကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းချင်တယ်။

ဒီလိုအသံတွေကြားတဲ့အခါ ပိုဆိုးတာက ဒီအသံတွေထဲက တချို့အသံတွေဟာ ဒေါသသံ၊ အော်ဟစ်ငေါက်ငမ်းသံ၊ ရုန့်ရင်းကြမ်းတမ်းသံတွေနဲ့ အမိန့်ပေးသံတွေပါ ပါဝင်နေနိုင်တာပါ။ ဥပမာ ကိုယ့်ကိုယ်ကိုသတ်သေဖို့ တံတားပေါ်ကနေ ခုန်ချခိုင်းတဲ့အသံမျိုး၊ နေရင်းထိုင်ရင်း လမ်းမပေါ်ကကားရှေ့ မှောက်လျက်သွားလဲခိုင်းတဲ့အသံမျိုး၊ ဟင်းချက်နေရင်း မီးဖိုချောင်ထဲကဓါးကို ကိုယ့်ရင်ဘတ်ထဲကိုယ် ထိုးသွင်းခိုင်းတာမျိုးတွေပေါ့။ ဒါကြောင့် auditory hallucinations ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်ရှိသူအချို့ဟာ မိမိကိုယ်ကိုအဆုံးစီရင်သွားတတ်ကြပါတယ်။

ဒါပေမဲ့ အသံတိုင်းကတော့ ဒီလိုမဟုတ်ကြပါဘူး။ တချို့အသံတွေဟာ ညင်သာပျော့ပျောင်းပြီး ကောင်းတဲ့အရာတွေပြောဆိုတာမျိုးလည်း ရှိပါတယ်။ ဥပမာ ငယ်ရွယ်စဉ်က အမေဆုံးပါးသွားတဲ့ ဝေဒနာရှင်တစ်ယောက်ဟာ သူ့နားထဲမှာ သူ့အမေက မကြာခဏ စကားလာလာပြောပြီး အားပေးနှစ်သိမ့်နေတတ်တဲ့အသံမျိုး ကြားနေရတာမျိုးပေါ့။ ဒီအခါမှာ ဝေဒနာရှင်ဟာ ဒီသာယာတဲ့ နှစ်သိမ့်အားကိုးရာအသံအပေါ် တွယ်တာမက်မောသွားပြီး သူအားငယ်တိုင်း၊ စိတ်ဓာတ်ကျတိုင်း၊ ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ပေါ်တိုင်း ဒီအသံလေးကိုအဖော်ပြုပြီး အသက်ဆက်ရှင်နေရပါတော့တယ်။ ဒီအသံရှိရင် မနေတတ်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ ဘာဖြစ်တတ်သလဲဆိုတော့ တကယ့်တကယ်တမ်း သူ့ကို ရောဂါကုသဖို့ အများကတိုက်တွန်းတဲ့အခါ ဆေးသောက်ဖို့တောင် မသောက်ချင်တော့ပါဘူး။ ကုသမှုလည်းမခံယူချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဆေးသောက်လိုက်လို့ သူ့အမေအသံကိုမကြားရတော့ရင် သူစိတ်ဆင်းပြီး အထီးကျန်မှာစိုးလို့ပါ။ ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်တွေ ပြန်ပေါ်မှာစိုးလို့ပါ။ ဒါကြောင့် ဒီလိုလူနာတွေကို ကုသရတာဟာ အရမ်းခက်ခဲသလို အင်မတန်လည်းသိမ်မွေ့ပြီး လက်ဝင်ပါတယ်။

ဒီလိုအကြားထင်ယောင်ထင်မှားအပြင် အမြင်ထင်ယောင်ထင်မှား၊ အနံ့ထင်ယောင်ထင်မှား၊ အရသာထင်ယောင်ထင်မှားနဲ့ ခံစားမှုထင်ယောင်ထင်မှားတွေလည်း ရှိပါသေးတယ်။ ဥပမာ အခန်းထဲမှာထိုင်နေရင်းကနေ အခန်းထဲကိုကြွက်တွေဝင်လာတယ်လို့ မြင်တာမျိုး၊ ကိုယ့်ကိုတိုက်ခိုက်တော့မယ့် လူသတ်ကောင်ရဲ့ပုံသဏ္ဍန်ကို အနီးကပ် ကွက်ကွက်ထင်ထင် မြင်ရတာမျိုး၊ အသံတွေကို အရောင်တွေအဖြစ်နဲ့ တစ်ခုချင်းခွဲမြင်နေရတာမျိုး စတာတွေပါ။ ဒီလိုတွေမြင်ရတဲ့အခါ ဝေဒနာသည်ဟာ ဒါတွေဆီကနေ လွတ်မြောက်ထွက်ပြေးဖို့အတွက် အကြောက်အကန် အလန့်တကြားနဲ့ ကြိုးစားရပါတယ်။ အခြေအနေဆိုးဝါးတဲ့အခါတွေမှာဆိုရင် ချွေးစေးတွေပြန်လာ၊ နှလုံးခုန်သံတွေတုန်လာနိုင်ပြီး ရှေ့မှာရှိနေတဲ့အရာတွေကိုလည်း ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတု မခွဲခြားတတ်တော့တာကြောင့် နံရံကိုဝင်ဆောင့်တာ၊ လူတွေကိုဝင်တိုက်တာ၊ ကားနဲ့ဝင်တိုက်ခံရတာ၊ လှေခါးထစ်ကပြုတ်ကျတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး လက်တွေ့ဘဝနဲ့ ဆက်စပ်လို့မရတော့ဘဲ အတုလားအစစ်လား ဇဝေဇဝါနဲ့ မခွဲခြားနိုင်တော့တဲ့အခြေအနေတွေကို (ဟိုးအထက်မှာပြောခဲ့သလိုပဲ) psychosis ဖြစ်စဉ်လို့ ခေါ်တာဖြစ်ပါတယ်။

အရသာထင်ယောင်ထင်မှားဆိုတာလည်း အလားတူပါပဲ။ တစ်ခုခုစားလိုက်မိရင်တောင် ဒီအစာထဲမှာ ကိုယ့်ကိုတစ်ယောက်ယောက်က အဆိပ်ခတ်ထားတယ်၊ အဆိပ်အရသာကြီး ရတယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်တာမျိုးပါ။ အနံ့ထင်ယောင်ထင်မှားဖြစ်တဲ့အခါမှာလည်း အဆိပ်နံ့ရတယ်၊ အပုပ်နံ့ရတယ်၊ ညှော်နံ့ရတယ်စသဖြင့် တကယ်မဟုတ်ဘဲနဲ့ သူတို့နှာခေါင်းထဲမှာ အနံ့ရနေတာမျိုးပါ။ တခါတလေကျရင် ဗိုက်ထဲမှာ မြွေဝင်ခွေနေပြီး ကိုယ့်အူတွေကို တစ်ပင်ချင်းမျိုနေပါတယ်လို့ ခံစားရတဲ့ ထင်ယောင်ထင်မှားမှုတွေလည်း ရှိပါတယ်။ ဒါမျိုးကိုတော့ somatic hallucinations လို့ခေါ်ပါတယ်။ အဆိုးဆုံးတစ်ခုကတော့ ခံစားမှုအတွေ့အထိ ထင်ယောင်ထင်မှား (tactile hallucinations) ဖြစ်ပါတယ်။ လူနာဟာ သူ့လက်ပေါ်ကနေတဆင့် သူ့ပုခုံးပေါ်အထိ ပင့်ကူအကြီးကြီးတွေ ကင်းမြီးကောက်တွေ တက်လာသလိုလို ခံစားရတာမျိုးပါ။ တခါတလေကျရင် နောက်ကျောကိုဓားနဲ့ထိုးလိုက်သလို ခံစားမှုမျိုး၊ လျှပ်စစ်နဲ့တို့လိုက်သလိုခံစားမှုမျိုးတွေ ရချင်လည်းရနေတတ်ပါတယ်။ စကီဇိုဖရီးနီးယား ဝေဒနာသည်တွေဟာ ဘယ်လောက်သနားစရာကောင်းလဲဆိုတာ ခုလောက်ဆို အနည်းအကျဉ်းတော့ ကိုယ်ချင်းစာတတ်မယ်လို့မျှော်လင့်ပါတယ်။ တကယ့်ကို ကရုဏာသက်ဖွယ်ကောင်းပါတယ်။

Positive symptoms တွေထဲမှာနောက်ဆုံးတစ်ခုဖြစ်တဲ့ inappropriate affect ဆိုတာကတော့ ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ/ဖြစ်စဉ်တွေနဲ့ ကိုယ်တကယ်ခံစားနေရတဲ့ စိတ်ခံစားမှုတွေ ကိုက်ညီမှုမရှိကြတဲ့အခြေအနေမျိုးကိုခေါ်တာပါ။ ဥပမာ သူ့သမီးကားအက်ဆီးဒင့်ဖြစ်ပြီး ပွဲချင်းပြီးသေပြီလို့ တစ်ယောက်ယောက်က လာပြောတာကို အမေလုပ်သူဝေဒနာသည်က ဝမ်းနည်းရမယ့်အစား ပြုံးနေတတ်တာမျိုး၊ တဟားဟားနဲ့ထရယ်တတ်တာမျိုးပါ။ ဖြစ်နေတဲ့အကြောင်းအရာနဲ့ စိတ်ခံစားမှုတုံ့ပြန်ချက်ဟာ သဟဇာတဖြစ်မနေတာမျိုးပေါ့။ တကယ်ကတော့ သူ့သမီးသေတာကို ပျော်လို့ရယ်တာမဟုတ်ပါဘူး။ သူ့သမီးသေပြီလို့လာပြောတာကို သူမကြားရလို့ (ဒါမှမဟုတ်) နားမလည်လို့ဖြစ်နိုင်ပါတယ်။ သူ့ hallucinations တွေနဲ့သူ အတွေးကမ္ဘာဆက်ဆံမှုကွန်ယက်တစ်ခုထဲ ရောက်နေလို့ သူ့ခေါင်းထဲကအသံ၊ သူ့မျက်လုံးထဲမှာမြင်နေရတဲ့အရာတွေနဲ့ သူ့ဟာသူ ဟာသတွေပြောနေတာမို့ အော်ရယ်တာလည်းဖြစ်နိုင်ပါတယ်။ ထင်ယောင်ထင်မှားတွေကို အမှန်ထင်ပြီး ဆက်ဆံနေမိတာမို့ တကယ့်လူအစစ်က သူ့သမီးသေတဲ့သတင်းလာပြောတာကိုတောင် မကြားနိုင် မမြင်နိုင် သတိမထားမိနိုင် နားမလည်နိုင်တော့တဲ့အခြေအနေမျိုးပါ။

အဲ့ဒီလို သဟဇာတတွေမဖြစ်တဲ့အခါ ဘေးလူအနေနဲ့ကြည့်ရင်တော့ ဟာ.. ဒီမိန်းမကြီး သူ့သမီးသေပြီပြောတာကို ရယ်နေတယ်ဆိုပြီး လက်ညိုးထိုးအပြစ်တင်လိုက်ဖို့ရာဟာ သိပ်လွယ်ကူပါတယ်။ ဒါပေမဲ့ သူ စကီဇိုဖရီးနီးယား onset တစ်ခုဝင်နေလို့ ဒီလိုတုံ့ပြန်တာပဲဆိုတာကိုသာ အဲ့ဒီလူနားလည်လိုက်ရင် ကိုယ်ချင်းစာစိတ်၊ သနားစိတ်နဲ့ ကူညီဖေးမချင်စိတ်တွေဖြစ်သွားမှာပါ။ ဒါဟာ ဘာကိုပြသလဲဆိုတော့ ဒီလိုရောဂါလက္ခဏာမျိုးကို မကြားဖူးခြင်း၊ နားမလည်ခြင်း၊ အသိအမြင်မရှိခြင်းဆိုတဲ့ မောဟ (ignorance) ကြောင့် လူတွေဟာ တစ်ဖက်လူတစ်ယောက်အပေါ် အလွယ်တကူလေး အပြစ်တင်ချင်စိတ်၊ ဝေဖန်ကဲ့ရဲ့ချင်စိတ်တွေဖြစ်ပြီး အမုန်းပွားသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် ဗဟုသုတ (knowledge) နဲ့ အသိအမြင် (wisdom) ကြွယ်ခြင်းတို့ဟာ ခွန်အား (power) ပါလို့ ပညာရှိတွေက ဆိုကြတာဖြစ်မှာပါ။

အပိုင်း(၂)ဆက်ရန်..

Craton Highways

ကိုးကား။ ။ Ronald J. Comer ၏ ၂၀၁၅ခုနှစ်ထုတ် Abnormal Psychology (9th edition), အခန်း(၁၄) “Schizophrenia” စာမျက်နှာ ၄၆၆ မှ ၄၇၄ အထိ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s