Major Depressive Disorder (စိတ်ကျရောဂါ)

maxresdefault

“စိတ်ဓာတ်ကျတယ်” ဆိုတဲ့စကားကို လူတိုင်းနီးပါးပြောဖူးကြပါတယ်။ ဘာရယ်မဟုတ်ဘဲ တစ်ခုခုအဆင်မပြေတိုင်း၊ စိတ်နဲ့သဘောမတွေ့တိုင်း ဖော်ပြလေ့ရှိတဲ့ နေ့စဉ်သုံးစကားတစ်ခုအနေနဲ့ ဘာသာစကားထဲ စီးမျောလာခဲ့တာ အတော်ကလေးကြာပါပြီ။ ဒါပေမဲ့ ဒီစကားစုလေးဟာ clinical mental disorder တစ်ခုအနေနဲ့ တကယ်တည်ရှိနေတဲ့ depression (စိတ်ကျဝေဒနာ) ဆိုတာနဲ့ သွားပြီးရောထွေးတတ်ပါတယ်။ သာမန်အဆင်မပြေမှု၊ ငြီးငွေ့မှု၊ ဝမ်းနည်းမှုကို ဒီဝေဒနာနဲ့တိုင်းထွာပြီးပြောတာဟာ တကယ်တမ်းသုံးသပ်ကြည့်ရင် သိပ်တော့လက်တွေ့မကျလှပါဘူး။

လူတစ်ယောက်ဟာ လုပ်နေကျအလုပ်တွေအပေါ် သိပ်စိတ်မဝင်စားတော့ဘူး၊ ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘူး၊ အကြောင်းအရာရယ် မယ်မယ်ရရမရှိဘဲနဲ့ စိတ်ထဲလေးလံထိုင်းမှိုင်းပြီး တက်တက်ကြွကြွမရှိတော့ဘူးဆိုရင်တောင် ငါ စိတ်ကျရောဂါများဖြစ်နေပြီလားဆိုပြီး တွေးလေ့ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ စိတ်ကျရောဂါဆိုတာ ဘာကိုခေါ်တာလဲ၊ ဘယ်လိုမျိုးလက္ခဏာတွေရှိတာလဲ၊ ဘယ်လောက်ကြာမှခေါ်ရတာလဲဆိုတာကို သိသူ နည်းပါးနေပါသေးတယ်။ ဒီဆောင်းပါးဟာ depression ဆိုတဲ့ clinical term အပေါ် လေ့လာခွဲခြားပြတဲ့ introductory အပိုင်းလေး တစ်စိတ်တစ်ဒေသသာဖြစ်ပါတယ်။

Depression မှာ အမျိုးမျိုးရှိပါတယ်။ Major Depression, Persistent Depressive Disorder, Bipolar Disorder, Seasonal Affective Disorder (SAD), Psychotic Depression, Peripartum (Postpartum) Depression, Premenstrual Dysphoric Disorder (PMDD), ‘Situational’ Depression စသဖြင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ အဖြစ်အများဆုံးဖြစ်တဲ့ Major Depression ခေါ် Major Depressive Disorder အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ သူ့ကို Unipolar Depression လို့လည်း ခေါ်ပါသေးတယ်။

Symptoms (ရောဂါလက္ခဏာများ)

Unipolar Depression ဟာ သာမန် မပျော်ရွှင်တာ၊ ဘာကိုမှလုပ်ဖို့စိတ်ပါဝင်စားမှုမရှိတာ၊ ဘယ်သူနဲ့မှ စကားမပြောလိုတာ စတာတွေထက် အများကြီးပိုပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာတွေကို အပိုင်း(၅)ပိုင်း ခွဲခြားနိုင်ပါတယ်။

(၁) စိတ်ခံစားချက် (Emotional)

(၂) စိတ်ပါဝင်စားမှု (Motivational)

(၃) အမူအကျင့် (Behavioral)

(၄) အသိ (Cognitive)

(၅) ရုပ်ပိုင်းဆိုင်ရာ (Physical) – တို့ပဲဖြစ်ပါတယ်။

(၁) စိတ်ခံစားချက်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေဆိုတာ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်လေတာ စတာတွေဖြစ်ပါတယ်။ များသောအားဖြင့် တစ်ခုခုလစ်ဟာနေတယ်ဆိုတဲ့ခံစားချက်၊ အရှက်တကွဲအကျိုးတနည်းဖြစ်တယ်ဆိုတဲ့ ခံစားချက်တွေပါ။ ဟာသတွေကိုလည်း မရယ်တတ်တော့ဘဲ ဘာပဲလုပ်လုပ် သာယာမှုကင်းမဲ့သွားတာမျိုး ဖြစ်ပါတယ်။ သာယာမှုမရှိလို့ ဘာကိုမှစိတ်တိုင်းမကျတော့တဲ့အခါ ဒေါသထွက်တာ၊ ကြောင့်ကြတာ၊ စိတ်ဆတ်တာတွေ ဖြစ်လာစေပါတယ်။

(၂) စိတ်ပါဝင်စားမှုလက္ခဏာတွေကတော့ ပုံမှန်ကိုယ်လုပ်နေကျအလုပ်တွေကိုလုပ်ဖို့ စိတ်ပါဝင်စားမှု လုံးလုံးမရှိတော့တာပါပဲ။ ဘာပေးမယ် ညာပေးမယ်ပြောရင်တောင် ဘယ်လိုမှထမလုပ်ချင်တော့ဘဲ စိတ်နုံးပြီး ငြီးစီစီဖြစ်နေတတ်တာမျိုးပါ။ လုပ်ရမယ်မှန်းသိလည်း စပြီးမလုပ်ချင်ဘဲ အလိုအလျောက်စေ့ဆော်တဲ့စိတ် ကင်းမဲ့နေတာဖြစ်ပါတယ်။ အလုပ်သွားဖို့၊ ထမင်းစားဖို့၊ စကားပြောဖို့၊ လိင်ဆက်ဆံဖို့တွေကိုတောင်မှ စိတ်မပါလက်မပါနဲ့ တအားကို ကြိုးစားပြီး အတင်းလုပ်ယူနေရပါတယ်။ Withdrawal from daily activities ဖြစ်ပါတယ်။

(၃) အမူအကျင့်ပိုင်းအနေနဲ့လည်း active  (တက်ကြွစိတ်) မဖြစ်တော့ဘူး၊ productive (အလုပ်ဖြစ်ထွန်းမှု၊ ပင်ကို အားအင် တီထွင်ကြံဆမှု ဆောင်ရွက်ထုတ်လုပ်နိုင်စွမ်းတွေ) ဘာမှမရှိတော့ဘူး။ ဘယ်သူနဲ့မှ အတူရှိချင်စိတ်မရှိဘဲ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ချောင်မှာသွားပြီး အကြာကြီး ကုပ်နေတာမျိုး၊ အိပ်တာလည်းမဟုတ်ဘဲ အိပ်ရာထဲ အချိန်များစွာ လဲလျောင်းနေတာမျိုးပါ။ အိပ်ရာကနိုးရင်လည်း မထသေးဘဲ အကြာကြီးငိုင်ပြီး နိစ္စဓူဝအလုပ်တွေ စတင်ပြီးထလုပ်ရမှာ၊ တစ်နေ့တာဖြတ်သန်းရမှာကို ကြောက်နေတာမျိုး၊ စိုးရိမ်နေတာမျိုး၊ စိတ်မပါလက်မပါဖြစ်နေတာမျိုး၊ ဘာအဓိပ္ဗာယ်မှလည်းမရှိဘူးလို့ ထင်နေတာမျိုးပါ။

(၄) အသိဆိုင်ရာရောဂါလက္ခဏာဆိုတာကတော့ မိမိကိုယ်ကို တစ်ချိန်လုံး လွန်လွန်ကဲကဲ အဆိုးမြင်နေတာပါ။ ကိုယ့်ကိုယ်ကိုဆိုရင် ယုံကြည်ချက်လုံးဝမရှိဘဲ အသုံးမကျဘူး၊ တပ်မက်ဖွယ်မကောင်းဘူး၊ အမြဲသူများထက်တစ်ဆင့်နိမ့်သူ၊ သူများလို ဘယ်တော့မှ မစွမ်းဆောင်နိုင်ဘူး၊ ယုတ်ညံ့သူအဖြစ်နဲ့ မြင်တတ်ကြပါတယ်။ တစ်ခုခုအဆင်မပြေဖြစ်တိုင်း ငါဟာ ကံဆိုးလိုက်တာ၊ အားလုံးဟာငါ့ကြောင့်၊ ငါကိုက ဒီလိုတွေဖြစ်နေတာ စသဖြင့် သူများထက်စာလို့ရှိရင် မိမိကိုယ်ကို အရင်ဆုံး အပြစ်တင်လိုက်တတ်ပါတယ်။ ကိုယ့်ကြောင့်ဖြစ်တာမဟုတ်လည်း၊ ကိုယ်လည်း ဘာမှထိန်းချုပ်လို့ရနိုင်တဲ့ကိစ္စတွေမဟုတ်လည်းဘဲ အားလုံးဟာ ငါ့ကြောင့်ဖြစ်တာဆိုပြီးပဲ အရင်ဆုံး တွေးတတ်ကြပါတယ်။ ငါဘာလုပ်လုပ် တိုးတက်ကောင်းမွန်လာမှာမဟုတ်ဘူး၊ ပြောင်းလဲလာမှာမဟုတ်ဘူးလို့ ယုံကြည်ထားကြပါတယ်။

(၅) ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေဆိုတာကတော့ ဒီစိတ်ခံစားချက်တွေကိုအခြေခံပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာထိခိုက်လာတာ၊ ချွတ်ခြုံကျလာတာ၊ ကျန်းမာရေး ထိခိုက်လာတာမျိုးပါ။ ဥပမာ မကြာခဏ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ၊ အစာမကြေဖြစ်တာ၊ မူးမော်တာ၊ ခဏနေ ဟိုနားကနာလိုက် ဒီနားကနာလိုက်ဖြစ်တာ။ ဒါကြောင့် စိတ်ကျဝေဒနာခံစားရသူအများစုဟာ ဒီလိုရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ ပြလာတဲ့အခါ ဆေးခန်းသွားပြရင် ဆေးပညာရောဂါ (ရုပ်ပိုင်းဆိုင်ရာရောဂါ) တစ်ခုခုရှိနေတယ်လို့ မကြာခဏ မှားပြီး ကုစားခံရတတ်ပါတယ်။ အမှန်ကတော့ စိတ်ကြောင့်ဖြစ်တာပါ။ အစာစားချင်စိတ်ပျောက်တာ၊ ဘယ်လိုမှအိပ်မရတာ၊ အလွယ်တကူ ပင်ပန်းနွမ်းနယ်တာတွေဟာ စိတ်ကျဝေဒနာသည်တွေ ခံစားရလေ့ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။

ဒါဆိုရင် ဒီလက္ခဏာတွေပြတာနဲ့ပဲ စိတ်ကျရောဂါဖြစ်ပါတယ်လို့ တစ်ထစ်ချပြောနိုင်ပြီလား။ မပြောနိုင်ပါဘူး။ ဒါတွေဖြစ်တာနဲ့ပဲ လူတိုင်း depression ဝင်နေတယ်လို့ပြောလို့မရပါဘူး။ Uniopolar depression ဖြစ်ဖို့ဟာ စိတ်ပညာရှင် (သို့မဟုတ်) စိတ်ရောဂါကုဆရာဝန်ရဲ့ အထောက်အထားနဲ့ စမ်းသပ်မှုအခိုင်အမာရဖို့ လိုအပ်ပါတယ်။ စိတ်ရောဂါကုဆရာဝန်တွေ၊ စိတ်ကုထုံးပညာရှင်တွေက ဘယ်လို diagnose (ရောဂါလက္ခဏာတွေကိုရှာဖွေ) သလဲဆိုတော့ အောက်ပါအချက်အလက်တွေကို အဓိကထား စစ်ဆေးပါတယ်။

Major Depressive Disorder Dx Checklist (စိတ်ကျရောဂါ စမ်းသပ်ရှာဖွေခြင်းဇယား)

(၁) အနည်းဆုံး နှစ်ပတ်ဆက်တိုက် ရောဂါလက္ခဏာတွေပြရပါမယ်။ ၂ရက်၃ရက်နဲ့ ပြန်ကောင်းသွားလိုက်၊ နောက်တစ်လလောက်နေမှ ပြန်ဖြစ်လိုက်ဆိုရင် major depression လို့သတ်မှတ်လို့မရပါဘူး။ နှစ်ပတ်လုံးလုံး နေ့တိုင်းဆက်တိုက် တစ်နေ့တာရဲ့အချိန်အများစုမှာ ပျော်ရွှင်မှုနည်းလာတာ၊ တစ်နေ့တာ ပုံမှန်လှုပ်ရှားဆောင်ရွက်ရတဲ့ကိစ္စတွေအပေါ် လုပ်ချင်စိတ်လျော့နည်းလာတာတွေ ဖြစ်ရပါမယ်။

(၂) အဲ့ဒီနှစ်ပတ်အတွင်းမှာပဲ ဒီလူဟာ အောက်ပါလက္ခဏာတွေထဲက အနည်းဆုံး အချက် ၃ခု ၄ခုလောက်နဲ့ ကိုက်ညီရပါမယ်။ (က) သိသိသာသာ ကိုယ်အလေးချိန်ပြောင်းလဲသွားတာ (သို့မဟုတ်) အစာစားချင်စိတ်ပြောင်းလဲသွားတာ၊ (ခ) နေ့စဉ် အိပ်လို့မရတဲ့ insomnia အခြေအနေ (သို့မဟုတ်) တစ်ချိန်လုံးအိပ်ချင်နေတဲ့ hypersomnia အခြေအနေဖြစ်တာ၊ (ဂ) နေ့စဉ် စိတ်ဆတ်ခြင်း စိတ်အလိုမကျခြင်းဖြစ်တာ (သို့မဟုတ်) နေ့စဉ် ပုံမှန်လှုပ်ရှားရတဲ့အလုပ်တွေဆို သိပ်မလုပ်ချင်တော့တာ၊ (ဃ) နေ့စဉ် နွမ်းနယ်လွယ်တာ (သို့မဟုတ်) စိတ်မဝင်စား ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်တာ၊ (င) နေ့စဉ် မိမိဟာ ဘာမှအသုံးမဝင်သူ အသုံးမကျသူလို့မြင်နေတာ (သို့မဟုတ်) ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ အလွန်အကျူးခံစားနေရတာ၊ (စ) နေ့စဉ် အာရုံစူးစိုက်ဖို့ခက်ခဲလာတာ (သို့မဟုတ်) တွေဝေလာပြီး ဆုံးဖြတ်ချက်မချနိုင်တော့တာ၊ (ဆ) သေခြင်းတရားအကြောင်းတွေ၊ မိမိကိုယ်ကိုအဆုံးစီရင်ဖို့အကြောင်းတွေကို ထပ်ခါထပ်ခါ တွေးမိလာတာ၊ ဒီလိုသေကြောင်းကြံစည်ဖို့ အစီအစဉ်ဆွဲတာ၊ သို့မဟုတ် တကယ်သေကြောင်းကြံစည်တာတွေ ဖြစ်ပါတယ်။

(၃)  သိသိသာသာ စိတ်ဖိစီးသောကရောက်တာ၊ လုပ်ဆောင်နိုင်စွမ်းတွေ အလုံးစုံကျဆင်းလာတာ။

အထက်မှာဖော်ပြခဲ့တဲ့အချက်(၃)ချက်ဟာ Major Depressive Episode (၃)ခုဖြစ်ပါတယ်။ စိတ်ကျရောဂါရှိသူဟာ ဒီ episode (၃)ခုထဲက တစ်ခုရှိရပါမယ်။ နောက်ပြီး mania လို့ခေါ်တဲ့ ရူးသွပ်မှုနဲ့၊ hypermania ခေါ်တဲ့အလွန်အကြူး စိတ်ကြွတာမျိုးတွေ မရှိရပါဘူး။ စိတ်တက်လိုက်ကျလိုက် ချက်ချင်း အပြောင်းအလဲဖြစ်တယ်ဆိုရင် ဒါဟာ major depressive disorder မဟုတ်ဘဲ bipolar disorder (ဘိုင်ပိုလာ ဝေဒနာ) ဖြစ်နိုင်ချေရှိတာကြောင့်ပါ။ Bipolar နဲ့ Unipolar Depression ဟာ မတူညီတဲ့ စိတ်ဝေဒနာတွေဖြစ်တာမို့ ဒီနှစ်ခုကို မမှားယွင်းအောင် စိတ်ရောဂါကုဆရာဝန်တွေက သေချာစမ်းသပ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုထုံးတွေ၊ ကုသတဲ့ဆေးတွေ မတူတာကြောင့်ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေဟာ ၂ပတ်နဲ့အထက် နေ့စဉ်လိုလို ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ ဒါဟာ စိုးရိမ်ရတဲ့အနေအထားတစ်ခုမို့ စိတ်ရောဂါကုဆရာဝန် သို့မဟုတ် တတ်ကျွမ်းနားလည်တဲ့ လိုင်စင်ရဆရာဝန်နဲ့ ပြသင့်ပါတယ်။ ၂ပတ်မဟုတ်တော့ဘဲနဲ့ ဒီလိုဖြစ်တာဟာ လပေါင်းများစွာကြာရှည်လာပြီး တစ်လနှစ်လလောက်ပျောက်သွားလိုက်၊ ပြီးတော့ ဆက်တိုက်ပြန်ဖြစ်လိုက်နဲ့ ဒီလိုမျိုး ပျောက်လိုက်ကောင်းလိုက် ၂နှစ်နဲ့အထက်ဖြစ်လာပြီဆိုရင်တော့ ဒါဟာ သာမန် Major Depression မဟုတ်တော့ဘဲ တစ်ဆင့်ပိုဆိုးတဲ့ Persistent Depressive Disorder ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Unipolar Depression အကြောင်းကိုပဲ အထူးပြု focus လုပ်တာဖြစ်တဲ့အတွက် အဲ့ဒါတွေကို အရမ်းကြီး အသေးစိတ်မဖော်ပြတော့ပါ။

Unipolar Depression ဘာကြောင့်ဖြစ်တာလဲ?

Stressful events (အလွန်အကြူး စိတ်ဖိစီးဖွယ်၊ စိတ်သောကရောက်ဖွယ် အဖြစ်အပျက်တွေကြောင့်) ဖြစ်တာပါ။ အဲ့လိုအဖြစ်အပျက်တွေဖြစ်ပြီးလို့ တစ်လအတွင်း စိတ်ကျဝေဒနာ ခံစားရလေ့ရှိတယ်လို့ သုတေသနတွေက ဆိုပါတယ်။ စိတ်ကျရောဂါဖြစ်ရတဲ့ အကြောင်းအရာတွေကတော့ များစွာဖြစ်နိုင်ပါသေးတယ်။ သုတေသနအချို့ကလည်း မျိုးရိုးဗီဇ ဂျီး(န်) (genes) ပြဿနာတွေကြောင့်ဖြစ်တယ်လို့ဆိုသလို တချို့ကလည်း ဦးနှောက်ထဲက biochemical တွေ အလုပ်လုပ်တာမှားယွင်းမှုကြောင့်လို့ ဆိုပါတယ်။ တချို့သုတေသနတွေကလည်း ကိုယ်ခံအားကျဆင်းမှု immune system ချို့ယွင်းမှုကြောင့်လို့ ထောက်ပြကြပြီး တချို့သုတေသနတွေကလည်း ငယ်စဉ်က မိမိချစ်ခင်အားကိုးရသူ၊ တွယ်တာရသူကို ဆုံးရှုံးလိုက်ရတဲ့ trauma ကြောင့်၊ ငယ်စဉ်က abuse နဲ့ neglect လုပ်ခံခဲ့ရတဲ့ trauma တွေကြောင့်လို့ အထောက်အထား၊ စာရင်းဇယားတွေနဲ့ ဖော်ပြကြပါတယ်။ ဒါတွေအပြင် sociocultural factors (လူမှုယဉ်ကျေးမှု အကြောင်းတရားတွေ) ကြောင့်လည်း ဖြစ်နိုင်သေးတယ်လို့ ဆိုပါတယ်။ လူမှုယဉ်ကျေးမှုဆိုတာကတော့ ဥပမာပြောရရင် လိုအပ်တဲ့အချိန်မှာ social support (နှစ်သိမ့်အားပေးကူညီမယ့်သူ) မရရှိတာတို့၊ အိမ်ထောင်ရေးအဆင်မပြေတာတို့၊ အခက်အခဲ ပြဿနာ ကြီးကြီးမားမားတွေ တွေ့ကြုံရင်ဆိုင်ရချိန်မှာ ဘေးမှာတစ်ယောက်မှမရှိဘဲ ကယ်သူမဲ့တာမျိုး၊ ဘယ်သူနဲ့မှ ရင်းနှီးထိတွေ့မှုမရှိဘဲ သီးသန့် isolated ဖြစ်နေတာမျိုးတွေပါ။

ဘယ်သူတွေမှာ အဖြစ်များသလဲ?

Major Depressive Disorder ဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ နှစ်ဆနီးပါး ပိုအဖြစ်များတယ်လို့ သုတေသနတွေက ထောက်ပြထားပါတယ်။ ဟော်မုန်းမတူညီမှု၊ ခန္ဓာဗေဒမတူညီမှုနဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အသက်ရှင် လုပ်ရှားကျင်လည်နေရတဲ့ ပတ်ဝန်းကျင်တွေ မတူညီမှု၊ လူမှုပတ်ဝန်းကျင်တွေရဲ့ ဆက်ဆံမှု (treatment) နဲ့ အခွင့်အရေးရရှိပုံချင်း မတူညီမှုတွေကြောင့် ဒီလို ယောက်ျားနဲ့မိန်းမအကြား ကွာခြားမှုတွေရှိနေတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

Depression ဟာ ကမ္ဘာတစ်လွှားမှာဖြစ်ပွားနေတဲ့ စိတ်ဝေဒနာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်ကို လူဦးရေ ၉% ဟာ unipolar depression ခံစားနေရပါတယ်။ ဒီထဲက ၅%က အလယ်အလတ်လောက်ဖြစ်ပြီး ကျန်တဲ့ ၄% ကတော့ အတော်စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ လူဦးရေရဲ့ ၁၈%ဟာ တစ်သက်မှာ တစ်ခါတော့ ပြင်းထန်တဲ့ unipolar depression အနည်းဆုံးတစ်ခါ ဖြစ်ဖူးကြပါတယ်။ ဒီစာရင်းဇယားတွေဟာ ကနေဒါ၊ အင်္ဂလန်၊ ပြင်သစ်နဲ့ တခြားနိုင်ငံတွေမှာလည်း အတူတူပဲဖြစ်ပါတယ်။ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ စိတ်ကျရောဂါဟာ လူချမ်းသာတွေထက် လူဆင်းရဲတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ၂ဝ၁၁ ခုနှစ် သုတေသနမှတ်တမ်းတစ်ခုအရ ဘရာဇီး၊ ယူကရိန်း၊ အမေရိကနဲ့ နယူးဇီလန်နိုင်ငံတွေဟာ စိတ်ကျရောဂါရှိသူ အရွယ်ရောက်တွေ ပိုများပြီး စပိန်၊ မက္ကစီကို၊ အီတလီ၊ ဂျာမနီနဲ့ ဂျပန်နိုင်ငံတွေကတော့ စိတ်ကျဝေဒနာခံစားရသူ ၄%အောက်မှာပဲ ရှိပါတယ်။

Unipolar depression ကို အသက်အရွယ်မရွေး ခံစားရနိုင်ပေမဲ့ အထူးသဖြင့်ကတော့ အသက်၎ဝကျော်အရွယ်တွေမှာ ပိုပြီးအတွေ့ရများပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အသက် ၂၆နှစ်အရွယ်ဆိုတာဟာ depression ဖြစ်လေ့ရှိတဲ့ အလယ်အလတ်အရွယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနံပါတ်ဟာ generation တစ်ခုကနေတစ်ခု ပိုပြီးကျကျလာနေပါတယ်။ Unipolar depression ရှိသူတွေထဲက ၈၅% ဟာ ဘာကုသမှုမှ မခံယူဘဲ သူ့အလိုလို အချိန်တစ်ခုအကြာမှာ ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအုပ်စုထဲကမှ ၄ဝ% ကတော့ နောက်တစ်ကြိမ် depression ပြန်ဝင်တတ်ကြပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို မိမိကိုယ်ကို အဆုံးစီရင်သွားကြသူတွေရဲ့ ၃ဝ% ကနေ ၇ဝ% ဟာ Major Depreesive Disorder သို့မဟုတ် Bipolar Disorder တစ်ခုခုရှိကြပါတယ်။

(စိတ်ကျရောဂါကို ဘယ်လိုကုသလဲဆိုတဲ့အပိုင်းကိုတော့ “Treating Depression – စိတ်ကျရောဂါကိုကုသခြင်း” ဆိုတဲ့ နောက်ထပ်ရေးမယ့်ဆောင်းပါးထဲမှာ ဆက်လက်ဖော်ပြပါမယ်)

Craton Highways

ကိုးကား –

(၁) ၂၀၁၅ခုနှစ်ထုတ် အမေရိကတွင်ပုံနှိပ်သော Princeton တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Ronald J. Comer ၏ Abnormal Psychology (9th edition) စာအုပ်, အခန်း (၇) “Depressive and Bipolar Disorders”  မှ Unipolar Depression: The Depressive Disorders၊ စာမျက်နှာ ၂၁၆ မှ ၂၃၅ အထိ

(၂) အမေရိကန်စိတ်ပညာအသင်းကြီး (American Psychology Association) မှ ၂၀၁၃ခုနှစ်တွင် ထုတ်ဝေသော Diagnostic and Statistical Manual of Mental Disorders-5 (DSM 5), Section “Depressive Disorders” စာမျက်နှာ ၁၅၅ မှ ၁၆၈ အထိ

Advertisements

အဆင့်မြင့် Parallel Sentence ရေးနည်း

ဒီပို့စ်ကိုမဖတ်ခင် “ရိုးရိုး parallel sentence ရေးနည်း” ဆိုတဲ့ပို့စ်ကို အရင်ဖတ်ပါ။ အဆင့်မြင့် parallel sentence ရေးနည်းကို အပိုင်း (၂)ပိုင်း ခွဲပြပါမယ်။  (၁) Comparison နှိုင်းယှဉ်သုံးနည်း နဲ့ (၂) Idiomatic expressions များဖြင့်သုံးနည်း – ဆိုပြီး ရှိပါတယ်။

(၁) Comparison နှိုင်းယှဉ်သုံးနည်း

အကြောင်းအရာတစ်ခုနဲ့တစ်ခု နှိုင်းယှဉ်တော့မယ်ဆိုရင် ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရဖူးတဲ့ more … than… တို့၊ rather than တို့၊ as …. as ….. တို့ စတာတွေကို အသုံးချပါမယ်။ အောက်က ဥပမာလေးတွေကိုကြည့်ပါ။

ဥပမာ – As for me, studying alone is more productive than studying with a group. (ငါ့အတွက်ကတော့ တစ်ယောက်တည်းစာဖတ်တာက အဖွဲ့နဲ့စာဖတ်တာထက် ပိုပြီးအလုပ်တွင်တယ်)။ ဒီဥပမာမှာ studying alone (တစ်ယောက်တည်းစာဖတ်ခြင်း) နဲ့ studying with a group (အဖွဲ့နဲ့စာဖတ်ခြင်း) ဆိုတဲ့ အကြောင်းအရာနှစ်ခုကို နှိုင်းယှဉ်ပြီး parallel သုံးသွားတာပါ။ တစ်ခုဟာ တစ်ခုထက်ပိုပြီး သာလွန်ကြောင်း၊ ဒါမှမဟုတ် ဆုတ်ယုတ်ကြောင်းကို ယှဉ်တွဲပြီး မြင်သာအောင်သုံးတာပါ။ ဒီဝါကျမှာ more နဲ့ than ကြားမှာ productive (အလုပ်ဖြစ်တယ်၊ အလုပ်တွင်တယ်) ဆိုတဲ့ adjective ကို ထည့်သုံးထားပါတယ်။ အရှေ့က verb ကို studying ဆိုပြီး continuous tense (Verb -ing) ကိုသုံးထားရင် အနောက်က verb ကိုလည်း Verb -ing ပဲ သုံးရပါမယ်။

Verb -ing ကို မသုံးချင်ရင် ရိုးရိုး infinitive verb (Verb 1) နဲ့လည်း သုံးလို့ရပါသေးတယ်။ ဥပမာ – To read the newspaper is as important as to listen to radio. (သတင်းစာဖတ်တာဟာ ရေဒီယိုနားထောင်တာလိုပဲ အရေးပါတယ်၊ သို့မဟုတ် ရေဒီယိုနားထောင်တာအရေးပါသလို သတင်းစာဖတ်တာဟာလည်း အရေးပါတယ်)။ ဒီဝါကျမှ to read the newspaper နဲ့ to listen to radio မတူညီတဲ့အကြောင်းအရာနှစ်ခုကို ဆက်စပ်ပြီး parallel လုပ်သွားတာပါ။ တစ်ခုအရေးပါသလို နောက်တစ်ခုဟာလည်း အလားတူအရေးပါတယ်ဆိုတာကို ပြောချင်တာပါ။ To read ဆိုတာကိုအရှေ့မှာသုံးရင် အနောက်က သူနဲ့လိုက်နှိုင်းယှဉ်မယ့် verb ကိုလည်း ဒီပုံစံအတိုင်းပဲ To listen လို့ သုံးရပါမယ်။ အရှေ့မှာ to read (Verb 1) သုံးထားပြီး အနောက်မှာ listening (Verb -ing) သုံးလို့မရပါဘူး။

Rather than အသုံးလေးနဲ့ ဥပမာဝါကျရေးကြည့်ရအောင်။ To save money, she chose to stay at a hostel rather than at a hotel. (ငွေကိုချွေတာတဲ့အနေနဲ့ သူမဟာ ဟိုတယ်မှာမတည်းဘဲ အဆောင်မှာတည်းဖို့ရွေးချယ်လိုက်တယ်)။ ဒီဥပမာမှာ parallel လုပ်တဲ့အကြောင်းအရာနှစ်ခုဟာ အဆောင်တစ်ခု (at a hostel) နဲ့ ဟိုတယ်တစ်ခု (at a hotel) ဖြစ်ပါတယ်။ ဒီစာကြောင်းမှာ stay ဆိုတဲ့ verb တစ်ခုကို ဖျောက်ထားပါတယ်။ အမှန်က သူ့ရဲ့ဝါကျအပြည့်အစုံက “She chose to stay at a hostel rather than stay at a hotel” ဆိုပြီး ဖြစ်ရမှာပါ။ ဒါပေမဲ့ အရှေ့မှာ stay က ပါပြီးနေတဲ့အတွက် အနောက်က stay ကို ဖြုတ်ခဲ့တာပါ။

(၂) Idiomatic expressions များဖြင့်သုံးနည်း

ဒါကဘာကိုပြောတာလဲဆိုတော့ both … and … တို့၊ either … or … တို့၊ neither … nor … တို့၊ not only … but/but also …. တို့ စတာတွေထည့်ပြီး သုံးတာကိုပြောတာပါ။

ဥပမာ ၁ – I majored in both physics and chemistry in college. (ကောလိပ်တုန်းက ငါ ရူပဗေဒရော၊ ဓာတုဗေဒပါ မေဂျာယူခဲ့တယ်). ဒီဥပမာမှာ both နဲ့ and ကိုသုံးပြီး မတူညီတဲ့မေဂျာနှစ်ခုကို parallel လုပ်ထားပါတယ်။ နှစ်ခုစလုံးဆိုတဲ့ အဓိပ္ဗာယ်ပါ။

ဥပမာ ၂ – I could either help you or walk away. (ငါ မင်းကိုကူညီခဲ့လို့ရသလို မကူညီဘဲ အသာလေးထွက်သွားခဲ့လို့လည်းရတယ်)။ ဒီဥပမာမှာ help you နဲ့ walk away အကြောင်းအရာနှစ်ခုကို either or ခံပြီး parallel သုံးထားတာပါ။ တစ်ခုမဟုတ်ရင်တစ်ခု.. ဆိုတဲ့ အဓိပ္ဗာယ်ပါ။

ဥပမာ ၃ – Promotion was given neither to me nor to my coworker. (ငါရော ငါ့လုပ်ဖော်ကိုင်ဘက်ရော ရာထူးတိုးပေးခြင်း မခံခဲ့ရဘူး)။ ဒီဥပမာမှာ ငါရော ငါ့လုပ်ဖော်ကိုင်ဘက်ရော တစ်ယောက်မှ… ဆိုတဲ့အသုံးကို neither nor ခံပြီး parallel သုံးထားတာပါ။ နှစ်ခုစလုံး တစ်ခုမှ မဖြစ်လိုက်ဘူးဆိုတဲ့ အငြင်းသဘောဆောင်ပါတယ်။ ဒီဝါကျမှာ to me နဲ့ to my corworker နှစ်ခုစလုံးရှေ့မှာ to တွေပါနေတာမို့ နောက်က to တစ်ခုကို ဖြုတ်ချင်ရင် ဖြုတ်လို့ရပါတယ်။

ဥပမာ ၄ – Not only it is important to raise awareness but also it is required to develop intervention plans. (အသိပညာတိုးပွားစေဖို့နှိုးဆော်တာဟာ အရေးကြီးသလိုပဲ ကြားဝင်တားဆီးပေးနိုင်မယ့် အစီအစဉ်တွေ ချမှတ်ပေးနိုင်ဖို့ဟာလည်း မရှိမဖြစ်လိုအပ်တယ်)။ ဒီဥပမာမှာ အရှေ့ကဝါကျတစ်ကြောင်းလုံး (clause တစ်ခုလုံး) နဲ့ အနောက်ကဝါကျတစ်ကြောင်းလုံးကို not only… but also… နဲ့ parallel သုံးထားတာပါ။ ဒါတင်မက …… ဒါဟာလည်းပဲ….. ဆိုတဲ့ အဓိပ္ဗာယ်ဖြစ်ပါတယ်။

Craton Highways

ရိုးရိုး Parallel Sentence ရေးနည်း

Parallel sentence ဆိုတာ ဝါကျတစ်ကြောင်းမှာ noun, verb, adjective, adverb, preposition စတဲ့ ဝါစင်္ကရှစ်ပါး (eight parts of speech) ထဲက တစ်ခုခုကိုဖြစ်စေ၊ phrase တစ်ခုလုံးကိုဖြစ်စေ တူရာနောက်တစ်ခုနဲ့ ဆက်တာပါ။ အတူယှဉ်တွဲပြီးရေးတာမို့ parallel (အပြိုင်) လို့ခေါ်တာပါ။ Parallism ကိုရေးတဲ့အခါမှာ နာမ်ကိုနာမ်ချင်း (noun)၊ ကြိယာကိုကြိယာချင်း (verb)၊ နာမဝိသေသနအချင်းချင်း (adjective) စသဖြင့် တူရာကို အတန်းလိုက် list လုပ်ပြီး ရေးရပါတယ်။

ဥပမာ – I bought you flowers, chocolate, and a postcard. (ငါ မင်းအတွက် ပန်းတွေရယ်၊ ချောကလက်ရယ်နဲ့ ပို့စ်ကဒ်တစ်ခု ဝယ်ခဲ့တယ်) ဆိုတဲ့စာကြောင်းမှာ flowers, chocolate, နဲ့ postcard ဟာ အားလုံး noun တွေဖြစ်ပါတယ်။ Noun မှာတောင်မှ object nouns (ကံနာမ်) တွေဖြစ်ပါတယ်။ I က subject, bought က verb ဖြစ်ပြီး၊ ကျန်တဲ့ object ၃ခုကို တန်းစီပြီးယှဉ်တွဲရေးသွားတာဖြစ်ပါတယ်။ နောက်ဆုံး object နှစ်ခုကြားမှာ and လေးနဲ့ဆက်လိုက်တာပါ။ အဲ့လို and နဲ့ဆက်တဲ့အခါမှာ အမြဲတမ်း and ရှေ့မှာ ကော်မာ (comma) ခံရပါတယ်။

Noun ကို parallel လုပ်တတ်ပြီဆိုရင် verb ကိုလည်း လုပ်တတ်ပါပြီ။ ဥပမာ – She typed, printed, and filed the document. (သူမ မှတ်တမ်းကို စာရိုက်တယ်၊ ပရင့်ထုတ်တယ်၊ ပြီးတော့ ဖိုင်လ်တွဲတယ်) ဒီစာကြောင်းမှာဆိုရင် She က subject, the document က object ဖြစ်ပြီး အလယ်က typed, printed, filed ဆိုတဲ့ ၃ခုကတော့ verb တွေဖြစ်ပါတယ်။ နောက်ဆုံး verb နှစ်ခုကြားမှာ ကော်မာခံပြီး and လေးနဲ့ဆက်လိုက်တာပါပဲ။

Verb တွေတန်းစီပြီးရေးတဲ့အခါ သတိထားရမှာက ဒီအလုပ်တွေဟာ တစ်ခုပြီးမှတစ်ခုလုပ်တာလား၊ ဒါမှမဟုတ် ဗြောက်သောက်လုပ်တာကို ကြုံသလိုပဲရေးလိုက်တာလားဆိုတာ ခွဲရပါမယ်။ တချို့လုပ်ငန်းစဉ်တွေဟာ တစ်ခုပြီးမှတစ်ခုလုပ်တာဆိုရင် အရင်ဆုံးလုပ်တဲ့ verb ကို အရှေ့ဆုံးမှာရေးပြီး နောက်ဆုံးမှလုပ်တဲ့ verb ကို နောက်ဆုံးပါထားရပါတယ်။ အပေါ်က ဥပမာမှာ စာရိုက်တာကအရင်၊ ပြီးတော့ ပရင့်ထုတ်တာကနောက်၊ နောက်ဆုံးမှ ဖိုင်လ်တွဲတာမို့ အစဉ်လိုက် တစ်ခုပြီးမှတစ်ခုသဘောနဲ့ ရေးသွားတာပါ။ စာအရင်မရိုက်ဘဲနဲ့ ဘယ်လိုမှ ပရင့်ထုတ်လို့မရပါဘူး။

ဗြောက်သောက်ကြုံသလိုရေးတာကတော့ တစ်ခုပြီးမှတစ်ခုလုပ်ရတဲ့အလုပ်တွေကို ဖော်ပြတာမဟုတ်ရပါဘူး။ အပေါ်ဆုံးက ဥပမာကိုပြန်ကြည့်ပါ။ ပန်းတွေရယ်၊ ချောကလက်ရယ်၊ ပို့စ်ကဒ်တစ်ခုရယ် ဝယ်ပေးတယ်ဆိုတာဟာ ဘယ်ဟာအရင်ဝယ်တယ်၊ ဘယ်ဟာနောက်မှဝယ်တယ်ဆိုပြီး အစဉ်လိုက်ပြောစရာမလိုပါဘူး။ ပစ္စည်း၃ခုကိုဝယ်တယ်ဆိုပြီး ဗြောက်သောက်ကြုံသလိုပဲ ဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ အဆင်ပြေသလို ဘယ်ဟာအရင်ရေးရေး ရပါတယ်။

Adjective တွေကို တန်းစီပြီး parallel လုပ်ရေးမယ်ဆိုရင်လည်း ဒီလိုပါပဲ။ ဥပမာ – Paul is handsome, intelligent, curious, and kind. (ပေါလ်ဟာ ရုပ်ရည်ချောမောတယ်၊ ထက်မြက်တယ်၊ စူးစမ်းလိုစိတ်ရှိပြီး ကြင်နာတတ်တယ်). Paul ရဲ့ ဂုဏ်သတ္တိတွေကို adjective တွေနဲ့ တန်းစီပြီးဖော်ထုတ်တာဖြစ်ပါတယ်။ ဒီလိုဖော်ထုတ်တဲ့နေရာမှာ အဆင်ပြေသလို ဗြောက်သောက်ပဲဖော်ထုတ်တာပါ။ ဘယ်ဟာပြီးဘယ်ဟာလာရမယ်လို့ အစဉ်လိုက်ဖြစ်စရာမလိုပါဘူး။

နောက်ဆုံးအနေနဲ့ phrase (ပုဒ်စု) လေးတွေထည့်ပြီး parallel ဝါကျတည်ဆောက်ပုံကို ပြောပြပါမယ်။ Phrase ဆိုတဲ့အတိုင်း noun, verb, adjective တွေလို တစ်လုံးစီမဟုတ်ဘဲ စကားစု၊ ပုဒ်စုလေးတွေကို တစ်တွဲစီတစ်တွဲစီ ပြိုင်ပြီးရေးမှာဖြစ်ပါတယ်။ ဥပမာ – I learned this information by reading books, searching on the Internet, and asking my coworker. (ငါ စာအုပ်တွေဖတ်ခြင်း၊ အင်တာနက်ပေါ်မှာရှာဖွေခြင်းနဲ့ ငါ့လုပ်ဖော်ကိုင်ဘက်ကိုမေးမြန်းခြင်းတွေအားဖြင့် ဒီသတင်းအချက်အလက်ကို သိရှိခဲ့တာဖြစ်တယ်).

ဒီစာကြောင်းမှာ reading books, searching on the Internet, asking my coworker ဆိုပြီး ပုဒ်စု၃စုရှိပါတယ်။ နောက်ဆုံးပုဒ်စုနှစ်ခုကြားမှာ သူ့သဒ္ဒါစည်းကမ်းအတိုင်း ကော်မာခံပြီး and နဲ့ဆက်ပါတယ်။ I learned this information (ငါ ဒီသတင်းအချက်အလက်ကို သိရှိခဲ့တယ်) ဆိုတာ ရိုးရိုး simple sentence ဖြစ်ပါတယ်။ အဲ့ဒါကိုမှ အနောက်ကနေပြီး phrase ၃ခုနဲ့ complex sentence ဖြစ်အောင် ပြောင်းယူတာပါ။ ဒီသတင်းအချက်အလက်ကို သိတာတော့ဟုတ်ပြီ။ ဘယ်လိုသိတာလဲဆိုပြီး အနောက်မှာ ဆက်ရှင်းပြတဲ့ပုံစံပါ။

By ခံရေးရတာကတော့ “အားဖြင့်” ဆိုတဲ့အဓိပ္ဗာယ်လေး ပေါ်လွင်ချင်တာမို့ သဒ္ဒါစည်းကမ်းအရ သုံးတာဖြစ်ပါတယ်။ ဘယ်လိုအားဖြင့် သိရှိခဲ့တာလဲ။ ဒီလိုတွေအားဖြင့်သိရှိခဲ့တာပါဆိုပြီး ရှင်းပြတာပါ။ By အနောက်မှာ verb သုံးမယ်ဆိုရင် စည်းကမ်းအရ infinitive verb (Verb 1) ကို သုံးလို့မရပါ။ Continuous tense (Verb -ing) ကို သုံးရပါတယ်။ ဒါကြောင့် phrase ၃ခုရဲ့အစတွေဖြစ်တဲ့ verb သုံးခုကို Verb -ing တွေ အကုန်ပြောင်းပစ်ရပါတယ်။ Read, search နဲ့ ask ၃ခုကို reading, searching, and asking ဆိုပြီး ပြောင်းပစ်တာပါ။ ဒါဟာ phrsae တွေကို parallel လုပ်တာပါ။ နောက်ထပ်ပိုရှုပ်ထွေးလာမယ့် parallel sentence တည်ဆောက်ပုံတွေကို နောက်ဆက်တွဲသင်ခန်းစာဖြစ်တဲ့ “အဆင့်မြင့် Parallel Sentence ရေးနည်း” ဆိုတဲ့ post မှာ ဆက်လက်ရှင်းပြပါမယ်။

Craton Highways